နန္ဒဘုရင်

နန္ဒဘုရင် (ငါးဆူဒါယကာမင်း) (၁၅၈၁-၁၅၉၉) သည် ဘုရင့်နောင် ၏သားတော်အိမ်ရှေ့မင်းဖြစ်သည်။ ဘုရင့်နောင် လွန်လျှင် ဟံသာဝတီထီးနန်းကို စိုးစံအုပ်ချုပ်သည်။ ခမည်းတော် လက်ထက်အတိုင်းပင် တောင်ငူအင်းဝပြည်၊ ဇင်းမယ် မှ အဆွေအမျိုးများကို အပြောင်းအလဲမရှိ ဆက်လက်အုပ်ချုပ်စေသည်။ ထို့အပြင် မိုးကုတ် ကျောက်တွင်းများကို မိုးမိတ် စော်ဘွားထံမှ တကောင်းဒေသ ကိုပေးပြီး အလဲအလှယ်လုပ်ခဲ့သည်။

သို့သော် နန္ဒဘုရင်သည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ် ချီတက်စေသဖြင့် အင်အားကိုဖြုန်းတီးလေသည်။ ထို စစ်ပွဲတွင် သားတော်ကြီး မဟာဥပရာဇ် ကျဆုံးလေသောကြောင့် လက်စားချေလိုစိတ်ဖြင့် အကြိမ်ကြိမ် စစ်ပြုခြင်းဖြစ်သည်။ ထို့အပြင် လက်အောက်ခံ နိုင်ငံများကိုလည်း ပရိယာယ်ကင်းစွာအုပ်ချုပ်သဖြင့် သက္ကရာဇ် ၉၅၆ တွင် ယိုးဒယားပြည်မော်လမြိုင်၊ မှော်ပီ စသည့်ဒေသများမှ ပုန်ကန်လေသည်။

ထိုသို့သော် ပုန်ကန်မှုများကို နှိမ်နင်းရန်အတွက်လည်းကောင်း၊ မပုန်ကန်သေးသည့် လက်အောက်ခံတို့ကို မယုံကြည်သည့်အတွက်လည်းကောင်း နန္ဒဘုရင်သည် တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်အား ဆင်တော် ဥပေါသထ နှင့်တကွ လာရောက်အမှုထမ်းရမည် ဟုဆင့်ခေါ်သည်။ ထို့အတူပင် ဇင်းမယ်နော်ရထာအားလည်းကောင်း၊ ညောင်ရမ်း မင်းရဲနန္ဒမိတ်အားလည်းကောင်း အလားတူတောင်းဆိုသဖြင့် ဇင်းမယ်နှင့် အတူ တောင်ငူလည်း ပုန်ကန်လေသည်။ နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းဗာကြီး၊ တောင်ငူဘုရင် မင်းရဲသီဟသူတို့ နှစ်ဖက်ညှပ်တိုက်သည်ကို မခံနိုင်သည့်အတွက်လည်းကောင်း သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ တောင်ငူတပ်မှ နတ်သျှင်နောင်ထံ လက်နက်ချ အညံ့ခံလိုက်သည့်အတွက် လည်းကောင်း အလွန်စိတ်ဓာတ်ကျဆင်းပြီး ကိုယ်တိုင် အညံ့ခံလိုက်တော့သည်။

တောင်ငူသို့ နန္ဒဘုရင်ပါလျှင် ယိုးဒယားမင်း တောင်ငူသို့လာရောက်ပြီး နန္ဒဘုရင်အား ပေးရန်တောင်းသည်။ မင်းရဲသီဟသူက မပေးသဖြင့် တောင်ငူကိုတိုက်သည်။ နတ်သျှင်နောင် ထွက်တိုက်သဖြင့် ယိုးဒယားတပ်ပျက်လေသည်။ နောက်တွင် နတ်သျှင်နောင် သည် နန္ဒဘုရင်အား ဆက်လက်ထားလျှင် အရေးထပ်ပေါ်မည်ကို တွေးပြီး မယ်တော်နှင့်တိုင်ပင်ကာ နန္ဒဘုရင်ကို အဆိပ်ခတ်လုပ်ကြံသည်။ သို့ဖြင့် နန္ဒဘုရင်သည် သက္ကရာဇ် ၉၆၂ ၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် လွန်လေသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.