မင်းဇေယျရန္တမိတ်

မင်းဇေယျရန္တမိတ်(မြန်မာ ၉၄ဝ ပြည့်ဖွား)

မင်းဇေယျရန္တမိတ်သည် မြန်မာစာပေ သမိုင်းတွင် တောင်ငူခေတ်၌ ထင်ရှားခဲ့သော စာဆိုတော်တစ်ဦး ဖြစ်သည်။ မင်းဇေယျရန္တမိတ်မှာ စာဆိုတော် လှော်ကား သုံးထောင်မှူး၏ သားဖြစ်၍၊ ဖခင်၏ ခြေရာကို နင်းလျက် စာဆိုမှု၌ ကျွမ်းကျင် လိမ္မာသည်။


သက္ကရာဇ်၉၄ဝ ပြည့်နှစ်တွင် တောင်ငူမြို့၌ ဖွားမြင်သည်။ တောင်ငူမင်း မဟာဓမ္မရာဇာ လက်ထက်သက္ကရာဇ် ၉၄၆-၉၇၁ ခုနှစ်အတွင်း အမတ်အဖြစ်ခန့်ထားသူကောင်းပြု ခြင်းခံရ၍ ကောင်းစစ်ဒိုင်းအစုကို မှူးရသည်။ ထိုကြောင့် ကောင်းစစ်ဒိုင်းမှူးဟုလည်း ခေါ်သည်။ ထိုသို့ အမှုထမ်းစဉ် တောင်ငူမင်း၏ မြေးဖြစ်သော မင်းရဲကျော်ထင်၏ သားတော် မင်းရဲနရာ ဧချင်းကို စပ်ဆို သည်။ ထိုနောက် တောင်ငူမင်း၏ သားတော် နတ်သျှင်နောင် လက်ထက် သက္ကရာဇ် ၉၇၂ ခုနှစ်တွင် ညောင်ရမ်းမင်း၏ သားတော် အနောက်ဖက်လွန်မင်းသည် တောင်ငူမြို့ကို ချီတက် တိုက်ခိုက်အောင်မြင်တော်မူ၍ အင်းဝသို့ပြန်ကြွသောအခါ မင်း ဇေယျရန္တမိတ်ကို ခေါ်ဆောင်သွားသည်။ မင်းဇေယျရန္တမိတ်ဘွဲ့ မှာ အနောက်ဘက်လွန်မင်းက ရတနာပူရ အင်းဝမြို့၌ ပေးအပ် သော ဘွဲ့ဖြစ်သည်။ တောင်ငူတွင်နေစဉ်က ရရှိသော ဘွဲ့မဟုတ် ဟု ဆိုလေသည်။ အင်းဝတွင် ဘုန်းတော်ဘွဲ့ရတုများ၊ ဘုရားတိုင်ရတု များ၊ အင်းဝမြို့ဘွဲ့ရတုများနှင့် စစ်ချီရတုများကိုရေးသည်။ ရတု ရေးသားသူများတွင် မင်းဇေယျရန္တမိတ်မှာ ထိပ်တန်းကပါဝင် သည်။ အင်းဝမြို့တွင် ဘုန်းထွန်းပ ဆင်တော်မော်ကွန်းကိုလည်း ဖွဲ့ဆိုသည်။ ထိုမှတစ်ပါး မင်းဇေယျရန္တမိတ်သည် ဧချင်းတွင် ဆယ့်နှစ်ရာသီ၏ သာယာပုံများကို တစ်ဆစ်စီထည့်သွင်းစပ်ဆို ခဲ့ရာ ဆယ့်နှစ်သီဘွဲ့များ၏ ရှေ့ပြေးပမာတမျှ ဖြစ်သည်။ ဧချင်း တွင် ပျို့များကဲ့သို့ စကားလုံး အစုံအစုံဖြင့် တဟုန် တဟုန်၊ လျှံမောင်း လျှံမောင်း၊ အုံ့မှိုင်း အုံ့မှိုင်း၊ မှိုင်းပျ မှိုင်းပျ ဟူ၍ ယမကချီနည်းကို အသုံးပြုလေသည်။


မြန်မာစာပေ သမိုင်းတွင် သာချင်းဟူသော အဖွဲ့

အနွဲ့ကို ရှေးဦးစွာ တီထွင်သူမှာ မင်းဇေယျရန္တမိတ် ဖြစ်သည်ဟု အချို့ကဆိုသည်။ သာချင်းများမှာ ဥတေနသာချင်း၊ စိဉ္စမာဏ ဝိကသာချင်းနှင့် ပဋာစာရီသာချင်းတို့ဖြစ်သည်။


သာချင်းဆရာဖြစ်သော ဇေယျရန္တမိတ်က သူ့သာချင်း တွင် မြေတူးမြို့၌ မွေးဖွား၍ စာပေသင်ကြား သာမဏေ ပြုခဲ့ သည်ကိုလည်းကောင်း၊ မစိန်မြို့၌ နေဖူးသည်ကိုလည်းကောင်း ဖော်ပြထားသဖြင့် တောင်ငူခေတ်မင်းဇေယျရန္တမိတ်နှင့် သာချင်း ဆရာ မင်းဇေယျရန္တမိတ်တို့မှာ တစ်ယောက်တည်းလေလော၊ နာမည်တူပုဂ္ဂိုလ်နှစ်ယောက်ပင် ဖြစ်လေသလောဟူသည့် ကိစ္စကို မူ အတည်တကျ မဆုံးဖြတ်နိုင်ကြသေးချေ။[1]


ညိုရွှေနစ်၍-ချီ တောင်ငူမြို့ဖွဲ့ ရတုစသည်ကိုရေးသားသူ ဇေယျရန္တမိတ်မှာ လှော်ကားသုံးထောင်မှူး၏ သား တောင်ငူမြို့၌ သက္ကရာဇ် ၉၄၀-ပြည့်နှစ်တွင်ဖွား၍ အဖစာဆိုအကျော်အမော်၏ သားဖြစ်သည်အားလျော်စွာ စာဆိုမှု၌ ကျွမ်းကျင်လိမ်မာသည်သာမက တောင်ငူရွှေနန်းတည်မင်း မဟာဓမ္မရာဇာလက်ထက် သက္ကရာဇ် ၉၆၄-ခုနှစ်မှသည် ၉၇၁-ခုနှစ်အတွင်း အမတ်အဖြစ်ခန့်ထားသူကောင်းပြု၍ ကောင်းစစ်ဒိုင်းအစုကို မှူးရသောကြောင့် ကောင်းစစ်ဒိုင်းမှူး ဟူ၍လည်း ကျော်စောသည်။ သက္ကရာဇ် ၉၇၂-ခုနှစ်တွင် အနောက်ဖက်လွန်မင်း တရားကြီး တောင်ငူကို အလိုတော်ပြည့်၍ အင်းဝသို့ပြန်လည်သောအခါ တောင်ငူဘုရင် နတ်သျှင်နောင်က ထည့်လိုက်သောကြောင့် မင်းဇေယျရန္တမိတ်သည် အင်းဝသို့လိုက်ပါရလေသည်။ သာလွန်မင်းတရားအထံတော်တွင်လည်း ထိုမင်း ဘုန်းတော်ဖွဲ့ရတုများ၊ အင်းဝမြို့ဖွဲ့ရတုများအပြင် ဘုန်းထွန်းပ ဆင်တော်မော်ကွန်းကိုလည်း ရေးသားလေသတည်း။[2]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  2. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.