တောင်ငူမင်းခေါင်
တောင်ငူဘုရင်ခံ မင်းရဲသီဟသူ (မင်းကြီးဆွေ)လွန်လျှင် ၎င်းရာထူးကို သားတော်တစ်ပါးဖြစ်သည့် သီဟသူ အားဆက်ခံရန် တပင်ရွှေထီး ကပေးသည်။ သို့သော် သမိန်ထောရာမ ပုန်ကန်လျှင် ဘုရင့်နောင်သွားရောက်နှိမ်နှင်းရသဖြင့် သီဟသူအား ဟံသာဝတီ နန်းတွင် ကျန်ရစ်သည့် တပင်ရွှေထီးအား စောင့်ရှောက်ရန်ခေါ်ယူခဲ့သည်။ တပင်ရွှေထီးအား သမိန်စောထွတ် ပရိယာရ်ဖြင့် ဟံသာဝတီနန်းမှ ခေါ်ထုတ်ပြီး ကသာအရပ်တွင် လုပ်ကြံလျှင် တပင်ရွှေထီးထူထောင်သည့် နိုင်ငံမှာ ဝါးအစည်းပြေသကဲ့သို့ ဖယိုဖယဲဖြစ်လေသည်။ထိုစဉ်က ဟံသာဝတီ နန်းစောင့်အဖြစ် ကျန်ရစ်သည့် သီဟသူမှာ စဉ်းစားခြင်းအလျဉ်းအရှိပဲ ဟံသာဝတီမှ လူသူများကိုခေါ်ပြီး မိမိနေရပ်ဖြစ်သည့် တောင်ငူသို့ပြေးလေသည်။ရောက်လျှင် မင်းခေါင်ဘွဲ့ခံပြီး သီးခြားမင်းပြုလေသည်။
ဘုရင့်နောင် လည်းအင်အားစုစည်းပြိးနောက် မိမိနေရပ်အမှန်ဖြစ်သည့် တောင်ငူကို သက္ကရာဇ် ၉၁၂ တွင် လာရောက်တိုက်ခိုက်လေသည်။ မင်းခေါင် ခုခံသော်လည်း ငတ်မွတ်လာပြီဖြစ်သည့် မြို့သားများ၊စစ်သည်ရဲမက်များကြောင့် အညံ့ခံရလေသည်။ဘုရင့်နောင်လည်း မင်းခေါင်ဘွဲ့ကို ပြန်ပေးပြီးအသက်မှ ချမ်းသာပေးသည်။ နောက် ၂ နှစ်အကြာ သက္ကရာဇ် ၉၁၄ တွင် ဘုရင့်နောင်အင်အားပြန်လည် ကြီးမားလာသဖြင့် နိုင်ငံအဝန်းကို တိုက်ခိုက်သိမ်းသွင်းရာ တောင်ငူမင်းခေါင်လည်း တစ်စိုက်မက်မက် ပါဝင်လေ့ရှိသည်။ ပြည်တိုက်ပွဲတွင် စွမ်းစွမ်းတမံ တိုက်ခိုက်ပြီး ပြည်ဘုရင် သတိုးသူအား ကိုယ်တိုင်လက်ရဖမ်းပြီး ဆက်သ သဖြင့်ဘုရင့်နောင်ချီးမွမ်းလေသည်။ထိုနှစ်တွင်ပင် တောင်ငူဘုရင်ခံအဖြစ် မင်းမြှောက်တန်ဆာငါးပါးနှင့် ပြန်လည်ခန့်အပ်ခြင်းခံရသည်။ နောက်ပိုင်းတွင်လည်း ဘုရင့်နောင်တိုက်သည့် စစ်ပွဲမှန်သမျှ တွင်လိုက်ပါအမှုထမ်းရသည်။သက္ကရာဇ် ၉၄၃ ဘုရင့်နောင် နတ်ရွာစံပြီး နန္ဒဘုရင်နန်းတက်သည်။ သုံးနှစ်အကြာ သက္ကရာဇ် ၉၄၆ တွင်တောင်ငူမင်းခေါင်နတ်ရွာစံလေသည်။ နန္ဒဘုရင်က ၎င်း၏သားဖြစ်သူ မင်းရဲကျော်ထင်အား မင်းရဲသီဟသူဘွဲ့ဖြင့် တောင်ငူနန်းကို ဆက်လက်ပေးအပ်ခဲ့သည်။