ညောင်ရမ်းမင်းဆက်
တပင်ရွှေထီး၊ ဘုရင့်နောင်တို့ တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏သားတော် နန္ဒဘုရင်လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတဝန်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။ ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော်တစ်ပါးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစားရှင်သစ္စာသည် မဟာသီဟသူရ ဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကို စတင်တည်ထောင်သည်။ ၎င်းနှင့် ၎င်းနောက် နန်းတက်ကြသည့် အနောက်ဖက်လွန်မင်း၊ သာလွန်မင်းတို့သည် အင်းဝ၊ ပြည်၊ တောင်ငူ၊ ဟံသာဝတီနှင့် သန်လျင်စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။ညောင်ရမ်းမင်းဆက် ၁၁ ဆက်သည် အင်း၀ကို ဗဟိုပြုကာ အုပ်ချုပ်ကြသည့်အတွက် ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ် ဟုလည်း ခေါ်ဝေါ်ကြသည်။ ညောင်ရမ်းမင်းဆက်သည် သာလွန်မင်းလက်ထက်တွင် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမင်းများလက်ထက်တွင် အင်အားဩဇာ လျော့နည်းလာခဲ့သည်။ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိ (ဟံသာ၀တီရောက်မင်း)လက်ထက်တွင် ဇင်းမယ်ရှမ်းဇာတိဖြစ်သည့် ဆင်ဝန်ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ခံ၍ မွန်တို့ကို စည်းရုံးကာ ပုန်ကန်သည်။ နောက်ဆုံး အင်းဝကိုပါသိမ်းယူကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်။ ထိုနောက်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ တတိယပြည်ထောင်စု မြန်မာနိုင်ငံကြီး ကိုတည်ထောင်ခဲ့သည်။
- ညောင်ရမ်းမင်းဆက်များမှာ
- ညောင်ရမ်းမင်းတရားကြီး (မဟာသီဟသူရ ဓမ္မရာဇာ)(၁၆၀၀-၁၆၀၆)
- အနောက်ဖက်လွန်မင်း (မဟာဓမ္မရာဇာ)(၁၆၀၆-၁၆၂၈)
- မင်းရဲဒိဗ္ဗ (၁၆၂၈)
- သာလွန်မင်း (သတိုးဓမ္မရာဇာ)(၁၆၂၈-၁၆၄၈)
- ပင်းတလဲမင်း (သီရိနန္ဒသူရဓမ္မရာဇာ) (၁၆၄၈-၁၆၆၁)
- ပြည်မင်း (၁၆၆၁-၁၆၇၇)
- နရာဝရ
- မင်းရဲကျော်ထင် (သီရိပရဝ မဟာဓမ္မရာဇာ)(၁၆၇၇ -၁၆၉၈ )
- စနေမင်း (၁၆၉၈-၁၇၁၄ )
- တနင်္ဂနွေမင်း (၁၇၁၄-၁၇၃၃ )
- မဟာဓမ္မရာဇာဓိပတိ (ဟံသာဝတီရောက်မင်း/လောကသရဖူ ဒါယကာမင်း)(၁၇၃၃-၁၇၅၂)
တို့ဖြစ်ကြသည်။