ကျောက်ဆည်မြို့
ကျောက်ဆည်မြို့သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော မြို့တစ်မြို့ဖြစ်ပြီး ဇော်ဂျီမြစ်၏ လက်ျာဖက်ကမ်းနဖူးတွင် တည်ရှိ၍ ကျောက်ဆည် ခရိုင်ဝန် ရုံးစိုက်ရာမြို့ဖြစ်သည်။ ရန်ကုန်မန္တလေးမီရထားလမ်းတွင် ထင်ရှားသောမြို့ တစ်မြို့ဖြစ်၍ မီးရထား လမ်းအတိုင်း မန္တလေးမြို့မှ ၂၇ မိုင်၊ ရန်ကုန်မှ ၃၅၉ မိုင် ဝေးလေသည်။
ကျောက်ဆည် | |
---|---|
မြို့ | |
ကျောက်ဆည်မြို့ | |
ကျောက်ဆည် | |
ကိုဩဒိနိတ်: 21°36′48.5″N 96°07′45.0″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | ကျောက်ဆည် |
ဧရိယာ | |
• စုစုပေါင်း | ၁.၈၇၂ စတုရန်းမိုင် (၄.၈၄၉ စတုရန်းကီလိုမီတာ) |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၇၄၁,၀၇၁ [1] |
• လူမျိုးများ | ဗမာ၊ တရုတ်၊ ကုလား၊ တိုင်းရင်းသားပေါင်းစုံ |
• ကိုးကွယ် ယုံကြည်မှု | ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
မြို့၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၁.ဝ၅ သာ ရှိသော်လည်း မြို့ကွက်အနေအထားမှာ စံနစ်တကျ ရှိပေသည်။ ကျောက်ဆည်မြို့မှာ အမြင့် ၉၇၅ ပေ မြင့်သော ရွှေသာလျောင်း တောင်ခြေတွင် တည်သည်။ ထို တောင်ထိပ်တွင် ပုဂံ အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သော စေတီတော် တည်ရှိ၍ တောင်ခြေရင်းတွင်မူ ရွှေမုဌောစေတီတော် တည်ရှိသည်။
သမိုင်းကြောင်း
အနော်ရထာမင်းလက်ထက်တော်က ဆည်မြောင်း တည်ဆောက်ရာတွင် ကျောက်များဖြင့် ထုတ်ခတ် ဆောက်လုပ်ရသောကြောင့် ကျောက်ဆည်မြို့ဟု ခေါ်တွင်သည်။ ဆည်ကြီးတွင် ရေလွှဲပေါက်များ တပ်ဆင်ထားသဖြင့် မြို့ပတ်ဝန်းကျင်ရှိ လယ်မြေများအတွက် လိုသမျှရေကို ထုတ်ဝေ ဖြန့်ဖြူးပေးနိုင်သည်။
ပါဝင်သောရပ်ကွက်များ
- ဈေးတန်း
- စုကြီး
- ဖောင်ရွာ
- မင်းရပ်
- ပြည်လုံးနိုင်
- ဘောဂဝတီ
- ဆူးကုန်း
- ကြက်မင်းတွန်
- ရဲစု
- အေးမြကြည်လင်
လူဦးရေ
ကျောက်ဆည်မြို့သည် ကျောက်ဆည်ခရိုင်တွင် လူဦးရေ အများဆုံးမြို့ ဖြစ်၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ၈၆၆၈ ယောက် ရှိလေသည်။ မြို့၏ သန့်ရှင်းစည်ပင်ရေးကို ဆောင်ရွက်ရန်အတွက် ၁၈၈၈ ခုနှစ်မှ စ၍ မျူနီစီပယ်အဖွဲ့ကို တည်ထောင်ခဲ့၏။
ကျောက်ဆည်ဆင်ပွဲ
ကျောက်ဆည်မြို့ပေါ်တွင် နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လ၌ ဆင်ပွဲ ဟုခေါ်သော ပွဲတော် ကျင်းပလေ့ ရှိသည်။
ဤပွဲတော် ဖြစ်ပေါ်လာပုံမှာ ပုဂံ အနော်ရထာမင်းက လယ်တွင်းကိုးခရိုင် နယ်များအား နှစ်စဉ် နှစ်တိုင်း မိမိတည်ထားခဲ့သော ရွှေသာလျောင်းတောင်ပေါ်ရှိ စေတီတော်သို့ ဖူးမြော်ကန်တော့ရန် လာကြရမည် ဟု အမိန့်ပေးခဲ့သည်မှ စ၍ အစဉ်အလာ ဖြစ်ခဲ့လေသည်။
သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ကျောက်ဆည်မြို့ အနီးအပါး ကျေးရွာများမှ ဆင်ရုပ်ကြီးများ ပြုလုပ်လျက် ကခုန်တီးမှုတ်ကာ ထိုဆင်ရုပ်များဖြင့် မြို့တွင်းသို့ လှည့်လည်ကြသည်။ ရှေးအခါက တကယ့် ဆင်များနှင့် လှည့်လည်ကြ သည်။ ထို့နောက် ရွှေသာလျောင်းစေတီတော်ကို ဖူးမြော် ကန်တော့ကြပြီးမှ လူစုခွဲကြသည်။ လူငယ်လူရွယ်အများပင် ပါဝင်ဆင်နွဲ ပျော်ရွှင်ကြသော ပွဲတော်ကြီးတစ်ခု ဖြစ်လေသည်။
စိတ်ဝင်စားဖွယ်နေရာများ
- ရွှေသိမ်တော်ဘုရား
- ရွှေသာလျှောင်းဘုရား
- လေးမျက်နှာဘုရား
- ရွှေဂူကြီးဘုရား
- ရွှေသိမ်တော်တောင်
- ရွှေသာလျှောင်းတောင်
- ဝေဘူတောင်
- ကျောက်သင်္ဘော
- ဓာတ်တော်တောင်
ပထဝီဝင် အနေအထား
ကျောက်ဆည်မြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ (အညာဒေသ) တွင်ပါဝင်သည်။ မန္တလေးမြို့ တောင်ဖက် မိုင်(၃၀) ခန့်အကွာတွင်ရှိသည်။ ကျောက်ဆည်မြို့ အရှေ့ဘက်တွင် ရှမ်းတောင်ကုန်းများ အစဖြစ်ပြီး မြို့၏အရှေ့ပိုင်းတွင် ရွှေသာလျှောင်းတောင်ရှိသည်။ ဇော်ဂျီမြစ် သည် ကျောက်ဆည်မြို့ကို အရှေ့တောင် အရပ်မှ အနောက်မြောက် အရပ်သို့ ကန့်လန့်ဖြတ် စီးဆင်းသည်။ မြို့အတွင်းတွင်လည်း တမုတ်မြောင်း မင်းရဲမြောင်း စသော တူးမြောင်းများရှိသည်။
တက္ကသိုလ် များနှင့် ကောလိပ်များ
ကျောက်ဆည် နည်းပညာတက္ကသိုလ်
မြို့၏ အနောက်တောင်ဘက် အေးမြကြည်လင်ရပ်ကွက် တမုတ်မြောင်းနှင့်ကပ်လျှက် တည်ဆောက်ထားသည်။
ကျောက်ဆည်တက္ကသိုလ်
ဓာတ်ပုံများ
- အမှတ်၁ အခြေခံပညာအထက်တန်းကျောင်း(ကျောက်ဆည်)
- အေးမြကြည်လင် ဈေး
- ကျောက်ဆည်မြို့၏ မြို့တော်ခန်းမ
ကိုးကား
- Provisional Results Census 26 August 2014 FINAL၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၈၊ 4 March 2016 တွင် မူရင်း အား မော်ကွန်းတင်ပြီး၊ March 25, 2015 တွင် ပြန်စစ်ပြီး