မလှိုင်မြို့
မလှိုင်မြို့သည် မိတ္ထီလာခရိုင်တွင် ပါဝင်သော မလှိုင်မြို့နယ်၏ ရုံးစိုက်ရာ မြို့ဖြစ်သည်။ မိတ္ထီလာမြို့၏ အနောက်မြောက်ဘက်ရှိ သာစည်-မြင်းခြံ မီးရထားလမ်းနှင့် မိတ္ထီလာ-မြင်းခြံ ကားလမ်းများပေါ်တွင် တည်ရှိသည်။
မလှိုင်မြို့ | |
---|---|
မလှိုင်မြို့ | |
ကိုဩဒိနိတ်: 21°6′0″N 95°39′0″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | မိတ္ထီလာ |
မြို့နယ် | မလှိုင် |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၁၃၉,၃၆၈ [1] |
• ကိုးကွယ်ရာဘာသာ | ဗုဒ္ဓဘာသာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မီးရထားလမ်းအတိုင်း မိတ္ထီလာမှ ၂၂ မိုင်ဝေးသည်။ မလှိုင်မြို့နယ်သည် ၄၃၁ စတုရန်းမိုင် ကျယ်ဝန်းသည်။ သူကြီးပိုင် ၅၄ ခုရှိ၍ လူဦးရေမှာ ၁၉၅၆ ခုနှစ်တွင် ၈၉၁၇ဝ ယောက်ခန့်ရှိသည်။ မလှုင်မြို့တွင် မြို့ပိုင်ရုံး၊ စိုက်ပျိုးရေးရုံး၊ သမဝါယမရုံးများနှင့် ရဲဌာနတို့ရှိသည်။ မြို့ပေါ်တွင် အစိုးရစိုက်ပျိုးရေး ဥယျာဉ် ရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ မြို့နေ လူဦးရေမှာ ၆၅၄၃ ယောက်ခန့်ဖြစ်၏။
မလှုင်မြို့သည် မီးရထားလမ်း ကားလမ်းပေါ်တွင် တည်ရှိသည်နှင့်အညီ အရောင်းအဝယ် ကောင်းမွန်သည်။ မလှိုင်တွင် ၅ ရက်တစ်ဈေး ရှိလျက် အနီးအပါး ရွာများမှ လာရောက် ရောင်းဝယ် ကုန်သွယ်ကြသည်။ အထူးသဖြင့် ဝါဂွမ်းကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြသည့် မြို့ဖြစ်၍ ဝါဂွမ်း စက်ရုံများရှိသည်။ မလှိုင်တွင် ဆီစက်များလည်း ရှိသည်။ မြေအိုးမြေခွက်များကိုလည်း အနည်းငယ် ပြုလုပ်သည်။ အဓိကအားဖြင့် စိုက်ပျိုးလုပ်ကိုင်သူ များပေး၏။
မလှိုင်မြို့တွင် ထင်ရှားသော ဘုရားမှာ ရွှေမုဋ္ဌောစေတီတော် ဖြစ်လျက် နှစ်စဉ် ဘုရားပွဲ ကျင်းပသည်။
သမိုင်းကြောင်း
ရှေးအခါက မလှိုင်မြို့သည် နယ်ပိုင်ရုံးစိုက်ရာ မြို့ဖြစ်ခဲ့ဖူးလေသည်။ မြန်မာမင်းများ လက်ထက်တော် ကမူ မလှိုင်မြို့ကို ဝန်နှင့်စစ်ကဲ့တို့က အုပ်ချုပ်ခဲ့သည်။ မြင်ကွန်း မြင်းခုံတိုင် မင်းသားများ အရေးတော် ပေါ်ခဲ့စဉ်က မလှိုင်မြို့သူကြီး မောင်ချစ်စရာသည် မင်းတုန်းမင်းအား ခြားနားပုန်ကန်ခဲ့ရာ သီပေါမင်းက အသက်ဘေးမှ ကယ်တင် သူကောင်းပြုခဲ့သော်လည်း အဆုံးတွင် ကွပ်မျက်ခံရလေသည်။
ခရစ် ၁၈၈၆ ခုနှစ် အင်္ဂလိပ်တို့အထက်မြန်မာပြည်ကို သိမ်းပိုက်စဉ်က အင်္ဂလိပ်တို့သည် မလှိုင်သို့ဝင်ရောက် တိုက်ခိုက်၍ မလှိုင်မှ တစ်ဆင့် မိတ္ထီလာသို့ချီတက်တိုက်ခိုက်သည်။
အမည်ခေါ်ဆိုပုံ
မလှိုင်ဟူသော အမည်သည် ပန်းလှိုင်ဟူသော အမည်မှ စကားရွေ့လျောလာသည် ဆိုသည်။ သီရိဓမ္မာသောကမင်းသည် စေတီပေါင်း ၈၄ဝဝဝ တည်ရာ၌ မလှိုင်မြို့ရွှေမုဋ္ဌောလည်း တစ်ဆူအပါအဝင် ဖြစ်သည်။ ထိုရွှေမုဋ္ဌောဘုရား အနီးတစ်ဝိုက်တွင် လည်းကောင်း၊ ထိုဘုရားအား ကပ်လှူပူဇော်ထားသော ပန်းများကြောင့် လည်းကောင်းပန်းများ လှိုင်နေသည်ကို အစွဲပြု၍ ပန်းလှိုင်ဟူ၍ အမည်ပေး ပညတ်ခဲ့ရာမှ မလှိုင်ဖြစ်လာသည် ဆိုလေသည်။[2]
ကိုးကား
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 26, 2015 တွင် ပြန်စစ်ပြီး
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)