ပြင်ဦးလွင်မြို့
ပြင်ဦးလွင်မြို့ (မေမြို့)သည် မန္တလေးမြို့ မှ အရှေ့မြောက်ဘက် ၄၂ မိုင် အကွာတွင် တည်ရှိသည်။
ပြင်ဦးလွင် | |
---|---|
မြို့ | |
ပြင်ဦးလွင်မြို့လယ် | |
ပြင်ဦးလွင် | |
ကိုဩဒိနိတ်: 22°2′4.38″N 96°27′31.49″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | ပြင်ဦးလွင် |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၂၅၅,၅၀၈ [1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
တည်နေရာ
ပြင်ဦးလွင် မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အတွင်းတွင် တည်ရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း တည်ရှိစေကာမူ မိုးနည်းရပ်ဝန်းတွင် မပါဝင်ပေ။ အကြောင်းမူကား ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်း ယေဘုယျ အမြင့်ပေ ၃ဝဝဝ ကျော်တွင် တည်ရှိပြီး၊ မြေနိမ့်လွင်ပြင်တွင် တည်ရှိသောကြောင့် ဖြစ်သည်။ ပြင်ဦးလွင် မြို့နယ်နှင့် ဆက်စပ်တည်ရှိသော မြို့နယ်လေးခု ရှိသည်။ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် နောင်ချို မြို့နယ်၊ အနောက်မြောက်ဘက်တွင် မတ္တရာမြို့နယ်၊ အနောက်ဘက်တွင် ပုသိမ်ကြီး မြို့နယ်နှင့် တောင်ဘက်နှင့် အနောက်ဘက်တွင် ကျောက်ဆည် မြို့နယ်တို့နှင့် ဆက်စပ်တည်ရှိသည်။ ပြင်ဦးလွင်မြို့သည် အမည် (၅) မျိုးဖြင့်ထင်ရှားသည်။ ၎င်းတို့မှာ မေမြို့၊ ပြင်ဦးလွင်၊ တောင်လှေကားမြို့တော်၊ ချယ်ရီမြေ၊ ပန်းမြို့တော်ဟူ၍ ဖြစ်သည်။
ပြင်ဦးလွင်မြို့သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၂ မိနစ် ၄.၃၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၇ မိနစ် ၃၁.၄၉ စက္ကန့်အကြား တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၃၅၁၀ ပေအမြင့်တွင် တည်ရှိသည်။ ပြင်ဦးလွင်မြို့ကို တောင်နိမ့်များ ဝန်းပတ်လျက်ရှိသည်။ ဘင်္ဂလားပင်လယ်အော်နှင့် မိုင် ၃ဝဝ ကျော်၊ မုတ္တမကွေ့နှင့် မိုင် ၄ဝဝ ကျော် ကွာလှမ်းသည်။ မန္တလေးမြို့ နှင့်မော်တော်ကားလမ်းအားဖြင့်( ၄၃)မိုင်အကွာ မန္တလေးလားရှိုး မော်တော်ကားလမ်းပေါ်တွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁၇ စတုရန်းမိုင်မျှ ရှိသည်။
မြို့သမိုင်း
ခရစ်နှစ် ၁၈၈၆-ခုနှစ်တွင် ဘင်္ဂလားခြေလျင်တပ်မှ ဗိုလ်မှူးကြီး မေကို အစွဲပြု၍ မေမြို့ဟု ဗြိတိသျှတို့က ခေါ်တွင်ခဲ့သည်။ ပြင်ဦးလွင် ဟူသောအမည်ကို မေမြို့ဟူသော အမည်မှ ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရလက်ထက်တွင် တစ်ကြိမ်ပြောင်းလဲခေါ်တွင်ခဲ့သည်။ သို့သော် စစ်အပြီးတွင် ဗြိတိသျှတို့ ပြန်လည်အုပ်ချုပ်ချိန်မှစကာ မေမြို့ဟု ပြန်လည်ခေါ်တွင်ခဲ့သည်။ တပ်မတော်အစိုးရလက်ထက်တွင် ပြင်ဦးလွင် ဟုပြန်ပြောင်းခေါ်စေခြင်းဖြစ်သည်။ ကဗျာဆန် နုယဉ်သော အမည်ဆောင်သည့် မြို့ဖြစ်သည့်အပြင် ရာသီဥတုမှာလည်း အေးချမ်းသာယာသည်။ အထူးသဖြင့် နွေရာသီတွင် လူအများ အပူရှိန်မှ လွတ်ကင်းရာ လွတ်ကင်းကြောင်း အနားယူ အပန်းဖြေရာမြို့အဖြစ် နာမည်ထင်ရှားပေသည်။ ရှေးဗြိတိသျှ အစိုးရလက်ထက်က နွေရာသီတွင် ဘုရင်ခံနှင့် အစိုးရအရာရှိကြီးများသည် မေမြို့သို့ တက်၍နေထိုင်လေသည်။ ပြင်ဦးလွင်မြို့သည် ဗြိတိသျှတို့၏လက်ထက်က ပြုပြင်ထားသော တောင်စခန်းမြို့တစ်ခု ဖြစ်သည်။ ပြင်ဦးလွင်သည် မန္တလေးမြို့ ရှမ်းပြည်နယ်နှင့် ရှေးအခါက တရုတ်ပြည် အနောက်ဘက်မှ ကုန်သည်များ စုဝေးရာဌာန ဖြစ်သည်။ ယခင်က ပြင်ဦးလွင်တွင် ၅ ရက် တစ်ဈေးသာရှိသည်။
ပြင်ဦးလွင်မြို့ရှိ ပါစယ်တာဝါ(Purcell Tower) ပြင်ဦးလွင်နာရီစင်ကြီးမှာ ၁၉၃၄-ခုနှစ်၊ အင်္ဂလန်နိုင်ငံ ဂီးလက်အင်ဂျွန်ဆင် ကုမ္ပဏီ(Gillete & Johnson Co.)မှ ဗြိတိသျှ ပဉ္စမမြောက် ဂျော့ဘုရင်၏ နန်းစံသက် (၂၅)နှစ်မြောက် ငွေရတုသဘင် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့သော နာရီအနည်းငယ်အနက် တစ်လုံးအပါအဝင် ဖြစ်လေသည်။
လမ်းပန်းဆက်သွယ်ရေး
ပြင်ဦးလွင်မြို့ သည် သွားလမ်း လာလမ်းအားဖြင့် ကားလမ်း၊ ရထားလမ်းများ ရှိသည်။ မန္တလေး - လားရှိုး မီးရထားလမ်းပေါ်တွင် တည်ရှိသဖြင့် မန္တလေးမြို့ မှ မီးရထားဖြင့်လည်း သွားနိုင်သည်။
မန္တလေးမြို့မှ ပြင်ဦးလွင်သို့ ကားဖြင့်သွားသော် ၂ နာရီကြာသည်။ လမ်းတွင် သုံးထပ်ကွေ့လမ်းများကို တွေရသည်။ မီးရထားဖြင့် သွားလျှင်ပိုကြာသည်ဟု ထင်ရသည်။ အဘယ်ကြောင့် ဆိုသော် မီးရထားမှာ အရှိန် ပြင်းပြင်း မခုတ်ဘဲ မှန်မှန် တောင်တက်တောင်ဆင်းလုပ်ရ၍ ဖြစ်သည်။
အနီးစခန်းလေဆိပ် သည် ပြင်ဦးလွင်မြို့၊ အနီးစခန်းတွင် တည်ရှိသည်။
ရာသီဥတု
တစ်နှစ်ပတ်လုံးပင် ပြင်ဦးလွင်သည် မန္တလေးထက် ဒီဂရီ ၂ဝ ပိုအေးသည်။ ရာသီဥတုအေးမြသောကြောင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူတို့ မနှစ်သက်သော်လည်း ဗြိတိသျှနှင့် ဥရောပတိုက်သားတို့ နှစ်သက်သဖြင့် သာယာအောင် ပြုပြင်ခဲ့သည်။ အအေးမှ လုံခြုံအောင် ပြုလုပ်နိုင်လျှင် ကျန်းမာရေးနှင့် ညီညွတ်သောမြို့ ဖြစ်သည်။ ဤသို့ ရာသီဥတု အေးမြသောကြောင့် ပြင်ဦးလွင်မြို့နှင့် အနီးပတ်ဝန်းကျင်မှာ ရှုခင်းသာယာလှပေသည်။ ဟင်းသီးဟင်းရွက်သစ်သီး သစ်နှံ ပန်းမာလ်များကောင်းစွာ ဖြစ်ထွန်း၏။ တောင်စောင်း တောင်ခါးပန်းများတွင် ကော်ဖီ၊ စတော်ဘယ်ရီ၊ နာနတ်စသော စိုက်ခင်းများကို မြင်နိုင်ပေသည်။ ထိုပြင် ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ခရမ်းချဉ်စသည့် အပင်များနှင့် အင်္ဂလိပ်တို့ စတင်စိုက်ပျိုးသော ယူကလစ်ပင်၊ ထင်းရှူးပင်၊ ဝက်သစ်ချပင် စသည်တို့ကိုလည်း ပြင်ဦးလွင်မြို့တွင် တွေ့မြင်နိုင်ပေသည်။ အထူးသဖြင့် အမျိုးသမီးတိုင်း ကြီးငယ်မဟူ နှစ်သက်သည့် မေမြို့၊ ဒေလီယာ၊ ဂန္ဓမာ စသည့် ပန်းရောင်စုံကား ပြင်ဦးလွင်မြို့ကို အထူးတန်ဆာဆင်ပေသည်။
လူဦးရေ
ရှေးအခါက ပြင်ဦးလွင်သည် ဓနုလူမျိုးများ နေထိုင်ရာအရပ်ဖြစ်သည်။ ယခုမူကား ဗမာ၊တရုတ်၊ အိန္ဒိယ၊ရှမ်း နှင့် မြန်မာလူမျိုးပေါင်းစုံ နေထိုင်ရာအရပ် ဖြစ်သည်။ လူဦးရေမှာ ၁၉၆၂ ၏ ခန့်မှန်းအရ ၂၈၈၃ ခန့်ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်း အရ ၂၅၅,၀၀၀ ဖြစ်ပါသည်။
အထင်ကရနေရာများ
- ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်
- အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်)
- ဓာတ်တော်ချိုင့် ရေတံခွန်
- ပိတ်ချင်းမြောင်လိုဏ်ဂူ (နန္ဒာမူလိုဏ်ဂူ)
- ဘီအီးဖော ရေတံခွန် (ပွဲကောက် ရေတံခွန်)
- မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား
- နှီးဘုရား
- တိုင်းရင်းသားကျေးရွာ
- ရတနာပုံတယ်လီပို့
- ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာနိုင်ငံ)
- စစ်တက္ကသိုလ်
- တပ်မတော် နည်းပညာ တက္ကသိုလ်
- ဘုရင်ခံအိမ်တော် (မေမြို့)
- ပြင်ဦးလွင် ငှက်ဘေးမဲ့တော
- ဟိုလိပ် စော်ဘွားတောင်
- ဒီဇင်ဘာခြံ
- ရေပြန်တောင်ရေတံခွန်
- ရွှေပြင်ဦးလွင်စပျစ်ခြံ
- ဘန့်ဘွေးကျင်းရေတံခွန်
- သုံးထပ်ရေတံခွန်
- တရုတ်ဘုံကျောင်း
- ဂုတ်ထိပ်တံတား
ပြင်ပအင်တာနက်စာမျက်နှာ
- မြန်မာ့ကုန်းမြင့်ပေါ်မှ ပန်းမြို့တော် Archived 4 August 2009 at the Wayback Machine.
ကိုးကား
- The 2014 Myanmar Population and Housing Census Mandalay Region, Pyin Oo Lwin District Pyin Oo Lwin Township Report (PDF)၊ Department of Population; Ministry of Labour, Immigration and Population၊ October 2017၊ p. ၅၉၊ April 23, 2020 တွင် ပြန်စစ်ပြီး
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)