ရမည်းသင်းမြို့
ရမည်းသင်းမြို့သည် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်တွင် ပါဝင်ပြီး ရမည်းသင်းခရိုင်နှင့် ရမည်းသင်းမြို့နယ်တို့၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့် မော်တော်ကားလမ်းပေါ်တွင် ရှိသည်။ ရန်ကုန်မြို့မှ ရန်ကုန်-မန္တလေး မော်တော်ကားလမ်းအတိုင်း ၂၉၉ မိုင် ကွာဝေး၍ မီးရထားလမ်းအတိုင်း ၂၇၄ မိုင်ခန့် ကွာဝေးသည်။
ရမည်းသင်းမြို့ | |
---|---|
မြို့ | |
ရမည်းသင်းမြို့ | |
ကိုဩဒိနိတ်: 20°26′N 96°09′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေးတိုင်းဒေသကြီး |
ခရိုင် | ရမည်းသင်းခရိုင် |
မြို့နယ် | ရမည်းသင်းမြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မြန်မာနိုင်ငံအထက်ပိုင်း အပူပိုင်း ဒေသတွင် ပါဝင်သော်လည်း နေခင်းထိုင်ခင်း အကောင်းမွန်ဆုံးမြို့ဟု အဆိုရှိသည်။ မြို့၏ မြေမျက်နှာအသွင်အပြင်မှာ မို့မောက်၍ တစ်ဖက်လျှင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅ဝ မြင့်သော အပိုင်းတွင် တည်ရှိသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရမည်းသင်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၇,၆၉၈[1] ဖြစ်၍ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးမှာ အများစုဖြစ်လေသည်။
သမိုင်းကြောင်း
ဇာတာတော်ပုံ ရာဇဝင်ကျမ်းအရ ပုဂံခေတ်နောက်ပိုင်း မြန်မာသက္ကရာဇ် ၆၆၅ ခုနှစ်တွင် ရမည်းသင်းမြို့ကို ဆင်ဖြူမယ်မိဖုရား တည်ထောင်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ တည်ခဲ့ရာ၌ ကျုံးတော်ကို တူးဖော်ခဲ့ရာ စိမ့်ထွက်လာသော ရေများကို မြည်းစမ်းကြည့်သောအခါ သင့်တင့်လျောက်ပတ်သော အရသာရှိသည်။ ရေကို မြည်းရာ၌ သင့်သည်၊ ရေမြည်းသင့်ဟူ၍ ခေါ်ရာမှ စကားရွေ့ပြီးလျှင် ရမည်းသင်း ဖြစ်လာသည်ဟု ဆိုသည်။ ထိုမှတစ်ပါး ဆင်ဖြူမယ်သည် မြို့တည်မည့်နေရာမှ တောကြီးကို ရှင်းရာတွင် နွားမည်းတစ်သင်း၊ ယင်းမှတစ်ဆင့် နွားမည်းသင်း၊ ထိုမှတစ်ဖန် ရမည်းသင်း ဖြစ်လာသည်ဟုလည်း ဆိုကြလေသည်။
ထိုနောက်တွင် ရမည်းသင်းမြို့သည် မြန်မာမင်းအဆက်ဆက် မြို့စားများ ခန့်ထားအုပ်ချုပ်စေခြင်းကို ခံခဲ့ရ၍ ရမည်းသင်းစား သီလဝကား မြန်မာရာဇဝင်တွင် ထင်ရှားသူ ဖြစ်လေသည်။
စီးပွားရေး
ရမည်းသင်းမြို့တွင် စက်မှုလက်မှုလုပ်ငန်းများထက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုသာ အဓိကထား၍ လုပ်ကိုင်ခဲ့ကြသည်။ ရေ စစ်ကိုင်း၊ လှိုင်း ပခန်းငယ်၊ လယ်တောင်တွင်း၊ စပါးရမည်းသင်း ဟူသော ရှေးအဆိုနှင့်အညီ မြို့နယ်ထွက်ကုန်များအနက် စပါးသည် အထင်ရှားဆုံးဖြစ်သည့် အပြင် ငရုတ်၊ ပဲ၊ ဝါ၊ ပြောင်း၊ နှမ်း၊ မန်ကျည်း စသည်တို့လည်း ထွက်သည်။
လမ်းပန်းဆက်သွယ်ရေး
ရမည်းသင်းမြို့သည် ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့် မော်တော်ကားလမ်းများ ဖြတ်သန်းရာမြို့ ဖြစ်သည့်အတိုင်း လွယ်ကူစွာ ကူးသန်းသွားလာနိုင်သဖြင့် ကူးသန်းရောင်းဝယ်ရေးတွင် မြို့နယ်ခရိုင် လူထုအတွက် အထောက်အကူ ဖြစ်စေသည်။ ထို့ပြင် တောင်ပိုင်းရှမ်းပြည်နယ် ဆင်တောင်၊ ကလောသို့ သွားရောက်နိုင်သော လမ်းများနှင့် မကွေးခရိုင်ဘက်သို့ သွားလာနိုင်သော လမ်းများလည်း ရှိခြင်းကြောင့် စစ်ရေးတွင်ဖြစ်စေ၊ အုပ်ချုပ်ရေးတွင် ဖြစ်စေ၊ ကူးသန်းသွားလာရေးတွင်ဖြစ်စေ အရေးပါသောမြို့တစ်မြို့ ဖြစ်သည်ဟု ဆိုနိုင်လေသည်။ ရမည်းသင်းမြို့ စည်ပင်သာယာရေးအတွက် ရမည်းသင်း မျူနီစီပယ်က ၁၉၁၁ ခုနှစ်မှ အစပြု၍ စီမံအုပ်ချုပ်သည်။ ထိုနောက်တွင် မြို့မကောင်စီဟူ၍ ပြုပြင်ဖွဲ့စည်းကာ ဒေသန္တရအုပ်ချုပ်မှုကို ဆောင်ရွက်ခဲ့လေသည်။
ထင်ရှားသော နေရာဒေသများ
ရမည်းသင်းမြို့သည် ခရိုင်ရုံးစိုက်မြို့ ဖြစ်သည့်အလျောက် နယ်ဘက် အုပ်ချုပ်ရေးအားဖြင့် ခရိုင်အမှုဆောင်ရုံးများ၊ တရားဌာနရုံးများ ရှိလျက် ဒေသန္တရ အဖွဲ့ရုံးများလည်း ရှိသဖြင့် အမှုထမ်း အရာထမ်းများလည်း မြို့မရပ်ကွက်တစ်ခုအဖြစ် နေထိုင်ကြရပေသည်။ ထိုအစိုးရရုံးများအပြင် ဆေးရုံ၊ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများလည်း ရှိသည်။
ရမည်းသင်းမြို့တွင် မြန်မာဘုရင်များခေတ်မှ စ၍ တည်ထား ကိုးကွယ်ခဲ့ကြသော စေတီပုထိုးများနှင့်တကွ ဗြိတိသျှ ခေတ် ခရစ်ယန်ဘုရားရှိခိုးကျောင်း၊ မွတ်စလင်တို့၏ ပလီဝတ်ကျောင်းများလည်း ထင်ရှားရှိပေသည်။ စေတီပုထိုးများမှာ ရွှေမုဋ္ဌောဘုရား၊ ရွှေပြည်သာဘုရား၊ ရန်အောင်မြင်ဘုရား၊ မင်းသမီးစေတီ၊ မင်းနံသူဘုရား၊ ရွှေစည်းခုံစေတီ၊ ရွှေမြင်တင်စေတီတို့ ဖြစ်၏။ မင်းနံသူဘုရားမှာ အကြောင်းကိစ္စ မှုခင်းတစ်ရပ်တွင် အမှန်တရား ဖော်ထုတ်နိုင်ရန် သစ္စာပြုရာဘုရား ဖြစ်သည်။ ရွှေမြင်တင်စေတီမှာ ရမည်းသင်းမြို့ အရှေ့ဘက် ခြောက်မိုင်ခန့်အကွာရှိ ရွှေမြင်တင်တောင်ပေါ်၌ တည်ရှိသော တန်ခိုးကြီး စေတီတော်တစ်ဆူ ဖြစ်၍ နှစ်စဉ် တပေါင်းလတွင် ဘုရားပွဲတော် ကျင်းပသည့်အခါ ခရိုင်အတွင်းမှသာမက မိတ္ထီလာ၊ ကျောက်ဆည်၊ မြင်းခြံ၊ မကွေးခရိုင်များရှိ မြို့ကြီးများမှပင် ဘုရားဖူးများ ရောက်လာကြသည်။ ရမည်းသင်းမြို့တွင် ရှေးဟောင်း စေတီ ပုထိုးများသာမက ရှေးကျောင်းကြီးများလည်း ထင်ရှားရှိသေးရာ ယင်းတို့မှာ မင်းသမီးကျောင်း၊ ရွှေကူကျောင်း၊ သိမ်ဦးကျောင်း၊ စံလွတ်ကျောင်းနှင့် ဆင်ကျုံးတောရကျောင်းတို့ ဖြစ်သည်။
ရမည်းသင်းမြို့တွင် နှစ်စဉ် တန်ဆောင်မုန်းလ၌ ကျင်းပလေ့ရှိသော ဘုံကထိန် အလှူပွဲတော်ကြီးကား အယူဝါဒရေး ဆိုင်ရာ အဓိကရပွဲတော်ကြီး ဖြစ်လေသည်။
ကိုးကား
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။