ရမည်းသင်းခရိုင်
ရမည်းသင်းခရိုင်သည် မန္တလေးတိုင်းဒေသကြီးတွင် တောင်ဘက်စွန်းအကျဆုံး ခရိုင်ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၄၂ဝ၁ စတုရန်းမိုင်ရှိ၍၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁၈,၃၈၄ ယောက်[1] ရှိသည်။ ရမည်းသင်းခရိုင်၏ အရှေ့ဘက်တွင် ရှမ်းပြည်တောင်ပိုင်း၊ တောင်ဘက်တွင် တောင်ငူခရိုင်၊ မြောက်ဘက်တွင် မိတ္ထီလာခရိုင်နှင့် အနောက်ဘက်တွင် မကွေးခရိုင်နှင့် သရက်ခရိုင်များ ရှိကြသည်။
ရမည်းသင်းခရိုင်ကို ယခင်က ရမည်းသင်းနယ်နှင့် ပျဉ်းမနားနယ်ဟု နယ်နှစ်နယ်ခွဲ၍ အုပ်ချုပ်ခဲ့ပြီး ယခု ပျဉ်းမနားနယ်မှ နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သည်။ ရမည်းသင်းခရိုင်တွင် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့ ပါဝင်သည်။
ရာသီဥတု
ရမည်းသင်းခရိုင်၏ ထူးခြားချက်မှာ မြောက်ပိုင်းနှင့် တောင်ပိုင်းရာသီဥတုအခြေအနေ ကွဲပြားခြားနားလျက် ရှိနေခြင်းဖြစ်သည်။ ခရိုင်ကို အရှေ့နှင့် အနောက် ဖြတ်စီးသော ဆင်သေချောင်း၏ မြောက်ဘက်ပိုင်းနှင့် တောင်ဘက်ပိုင်းတို့သည် ချောင်းနှင့် မိုင်အနည်းငယ်မျှ ကွာဝေးရုံမျှနှင့် ရာသီဥတုအခြေအနေချင်း ရုတ်ခြည်းအားဖြင့် သိသိသာသာ ကွာခြားသည်ကို တွေ့ရ၏။
ဆင်သေချောင်း၏ မြောက်ဘက်ရှိ ရမည်းသင်းမြို့နယ်တွင် မိုးခေါင်ရေရှား ရပ်ဝန်း၏ ရာသီဥတုအခြေ အနေမျိုးရှိ၍ ချောင်း၏ တောင်ဘက်ရှိ ပျဉ်းမနားမြို့နယ်၌မူ မြန်မာနိုင်ငံ အောက်ပိုင်း၏ ရာသီဥတု အခြေအနေမျိုးကို တွေ့ရှိရသည်။ ရမည်းသင်းခရိုင်ကို မြေညီပိုင်း၊ ကုန်းမြင့်ပိုင်း၊ သစ်တောပိုင်းဟူ၍ သုံးပိုင်းပိုင်းခြားနိုင်သည်။ ဆင်သေချောင်း၏ မြောက်ဘက်ရှိ ရမည်းသင်းမြို့နယ်သည် မိုးပါး၍ ခြောက်သွေ့သောနယ်ဖြစ်၏။
ရမည်းသင်းခရိုင်တစ်ခုလုံးတွင် တောင်သူလယ်သမားတို့ စိုက်ပျိုးရေးကို အောင်မြင်စွာ လုပ်ကိုင်ရန်အတွက် မိုးကို စိတ်မချရချေ။ အထူးသဖြင့် ရမည်းသင်းမြို့နယ်တွင် မိုးခေါင်မည်ကို တောင်သူလယ်သမားတို့ စိုးရိမ်ကြောင့်ကြရလေသည်။ ပျဉ်းမနားမြို့နယ် မြောက်ပိုင်းနှင့် ရမည်းသင်းမြို့နယ်တွင် ဆန်စပါး စိုက်ပျိုးရန်အတွက် မိုးရေမှာ မလုံလောက်သဖြင့် လယ်ယာများသို့ ဆည်မြောင်းများဖြင့် ရေသွင်းဖြည့်တင်းပေးရသည်။
စီးပွားရေး
ရမည်းသင်းခရိုင် မြေညီပိုင်းတွင် ဆန်စပါးကို အများဆုံး စိုက်ပျိုး၍ မိုးခေါင်ရေရှား အသီးအနှံများကို ယာများ၌ စိုက်ပျိုးကြသည်။ ခရိုင်မြောက်ပိုင်း အနောက်ဘက်ရှိ ရိုးမတောင်ခြေ အရပ်ဒေသများ၌ မိုးခေါင်ရေရှားရပ်ဝန်းသီးနှံပင် သက်သက်တို့ကို စိုက်ပျိုးကြသည်။ ရေရနိုင်သော ချိုင့်ဝှမ်းများ၌ကား ဆန်စပါးကို စိုက်ကြသည်။သာဝတ္ထိ၊ တပ်ကုန်းမြို့များ၏ စပ်ကြားနှင့် အထူးသဖြင့် ပျဉ်းမနားမြို့ အနီးတစ်ဝိုက်တွင် ကြံပင်ကို များစွာ စိုက်ပျိုးကြသည်။ ကြံစိုက်ခင်းများတွင် ကြံနှင့် နှမ်းကို တစ်လှည့်စီစိုက်ပျိုးကြသည်။
ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်နှင့် တောင်တွင်းကြီးမြို့နယ်တို့ ပါဝင်သော စိုက်ပျိုးရေးနယ်များအတွက် ဗဟိုစိုက်ပျိုးရေး ဥယျာဉ်တစ်ခုကို ပျဉ်းမနားမြို့တွင် ဖွင့်လှစ်ထားလေသည်။ ထိုစိုက်ပျိုးရေးဥယျာဉ်တွင် ကြံပင် စိုက်ပျိုးခြင်းကို အဓိကထားသဖြင့် ကြံသကာချက် စက်ရုံငယ်တစ်ခုနှင့် စိုက်ပျိုးရေးသုတေသနလုပ်ငန်း ဆောင်ရွက်ရန် ဓာတ်ခွဲခန်းတစ်ခုကို တည်ဆောက်ထားသည်။ ပျဉ်းမနား စိုက်ပျိုးရေးဥယျာဉ်၏ အဓိကလုပ်ငန်းသုံးရပ်မှာ ကြံပင်နှင့်စပ်လျဉ်းသည့် လုပ်ငန်း၊ ဆန်စပါးနှင့် စပ်လျဉ်းသည့် လုပ်ငန်းနှင့် ဥယျာဉ် စိုက်ပျိုးခြင်း၊ ပြုစုခြင်းလုပ်ငန်းများ ဖြစ်သည်။ ထို့အပြင် ဤစိုက်ပျိုးရေးဥယျာဉ် မှ မျိုးသန့်အစေ့များနှင့် စိုက်ပျိုးရေးတိုးတက်မှုအတွက် တီထွင်ထားသော ကိရိယာတန်ဆာများကို နယ်အတွင်း၌ ဖြန့်ချိ ဝေငှ ပေးရသည်။ ရမည်းသင်းခရိုင် သစ်တောနယ်မှာ ကျယ်ဝန်းလှသဖြင့် ငလိုက်ချောင်းကို နယ်ခြားသတ်မှတ်ထား၍ ချောင်း၏ မြောက် ဘက်ကို ရမည်းသင်းသစ်တောနယ်ဟူ၍၎င်း၊ တောင်ဘက်ကို ပျဉ်းမနားသစ်တောနယ်ဟူ၍၎င်း သီးသန့်ခွဲခြားထားလေသည်။ သစ်တောမှ သစ်များကိုထုတ်ယူရာတွင် ဆင်များကို အသုံးများသည်။ မီးရထားလမ်းမကြီးနှင့် ဆက်သွယ်ထားသော သံလမ်းများတစ်လျှောက်မှ သစ်ဆွဲမီးရထားကလေးများဖြင့်လည်း သစ်များကို ထုတ်ယူကြသည်။
ရမည်းသင်း သစ်တောနယ်တွင် ဆင်သေချောင်းအားဖြင့် ၎င်း၊ ပျဉ်းမနားသစ်တောနယ်တွင် ရုံးပင်ချောင်း၊ စစ်တောင်းမြစ်ထဲသို့ မျှောချကြသည်။ ခရိုင်တစ်ခုလုံးအနေနှင့် သစ်လုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတို့တွင် လယ်ယာလုပ်ငန်းသာလျှင် ပိုမိုကြိုးပမ်း လုပ်ဆောင်ကြလေသည်။ ရမည်းသင်းခရိုင်အတွင်း ရန်ကုန်-မန္တလေးမီးရထားလမ်းနှင့် ရန်ကုန်-မန္တလေး မော်တော်ကားလမ်းတို့ ဖြတ်သန်း သွားသဖြင့် ကူးသန်းသွားလာရေး လွယ်ကူသည်။
ထင်ရှားသော နေရာဒေသများ
ခရိုင်အတွင်း ထင်ရှားသော စေတီပုထိုးများမှာ မင်းနံသူ ဘုရား၊ ရွှေပြည်သာဘုရား၊ ရွှေမုဋ္ဌောဘုရား၊ ရွှေမြင်တင်စေတီ၊ လောကမာရဇိန်ဘုရား၊ လောကရန်နှိမ်ဘုရား၊ ရွှေစည်းခုံစေတီ၊ မင်းရာမစေတီ၊ မြသိန်းတန်စေတီ စသည်တို့ ဖြစ်လေသည်။
ကိုးကား
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း။ ၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန။ မေ ၂၀၁၅။ pp. ၅၈။