ကချင်ပြည်နယ်
ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံးအပိုင်းတွင် ရှိသည်။ ကချင်ပြည်နယ်၏အရှေ့နှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ တည်ရှိသည်။ကချင်ပြည်နယ်၏ မြို့တော်မှာ မြစ်ကြီးနားမြို့ဖြစ်သည်။ အခြားသော အဓိကမြို့မှာ ဗန်းမော်မြို့၊ မိုးညှင်းမြို့ တို့ဖြစ်သည်။ ကချင်၊ ချင်း၊ ဗမာ၊ ရှမ်း၊ နာဂ စသည့် တိုင်းရင်းသားမျိုးနွယ်စုများ အတူတကွ ပူးပေါင်းနေထိုင်ကြပြီး ပြည်ထောင်စုငယ်တစ်ခုအသွင် တည်ရှိနေသည်။
ကချင်ပြည်နယ် Kachin State (or)Wunpawng Mungdaw | ||
---|---|---|
ပြည်နယ် | ||
| ||
ကချင်ပြည်နယ်တည်နေရာ | ||
ကိုဩဒိနိတ်: 26°0′N 97°30′E | ||
နိုင်ငံ | မြန်မာ | |
ဒေသ | မြောက်ပိုင်း | |
မြို့တော် | မြစ်ကြီးနားမြို့ | |
အစိုးရ | ||
• ဝန်ကြီးချုပ် | ဦးခက်အောင် (NLD) | |
• အစိုးရ | ကချင်ပြည်နယ် အစိုးရအဖွဲ့ | |
• ဥပဒေပြုလွှတ်တော် | ကချင်ပြည်နယ် လွှတ်တော် | |
• တရားစီရင်ရေး | ကချင်ပြည်နယ်တရားလွှတ်တော် | |
ဧရိယာ | ||
• စုစုပေါင်း | ၈၉၀၄၁.၈ စတုရန်းကီလိုမီတာ (၃၄၃၇၉.၂ စတုရန်းမိုင်) | |
ဧရိယာအဆင့် | တတိယ | |
လူဦးရေ (၂၁၀၄)[1] | ||
• စုစုပေါင်း | ၁,၆၈၉,၄၄၁ | |
• အဆင့် | ဒဿမမြောက် | |
• သိပ်သည်းမှု | ၁၉/km၂ (၄၉/sq mi) | |
လူနေမှု | ||
• လူမျိုးများ | ကချင်၊ ဇိုင်ဝါး၊ လီဆူ၊ မြန်မာ-တရုတ်၊ နာဂ၊ ရှမ်း၊ ဗမာ | |
• ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ | |
အချိန်ဇုန် | MST (UTC+06:30) |
သမိုင်းကြောင်း
ယခင်ကကျေးရွာ အကြီးအကဲ အဖြစ် ကချင်ဒူဝါတစ်ဦးစီ ရှိသည်။ ၎င်း၏ အိမ်ခေါင်း၌ ကျွဲချိုကဲ့သို့သော သစ်ပြားဖြင့် ပြုလုပ်သည့် အိမ်ချိုတပ်ဆင်ထားသည်။ ကျေးရွာအုပ်စုများနှင့် ဒူဝါ နယ်မြေများကို အုပ်ချုပ်ရန် ပြည်နယ် အစိုးရက တောင်အုပ်များနှင့် တောင်တန်း ဝန်ထောက်များကို ခန့်ထားပေးသည်။ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မီတီများကိုပါ ယခုအချိန်တွင် တွဲဘက်ပေးထားသည်။ ထုံးစံအရ ရိုးရာဥပဒေများသာ ရှိသည်။ ချိုးဖောက်ပါက ဝဋ်ကြွေး ပေးဆပ်ခြင်း ပြုရသည်။ `ဖဂါ´ခေါ် လက်ဆောင်အဖြစ် အဖိုးတန်ပစ္စည်း တစ်မျိုးမျိုးကို ကွမ်းဘိုးအဖြစ် ပေးရသည်။ `ဖဂါ´အဖြစ် ကျွဲ၊ မောင်း၊ ငွေ၊ ဖိုခနောက်၊ အဝတ်အထည်၊ ဓား၊ လှံ၊ သန္တာပုတီး၊ သေနတ် စသည်တို့ကို အသုံးပြုသည်။
ကချင်ပြည်နယ်ဟူ၍ဖြစ်လာမည့် ဒေသတွင် ရှေးက ရှမ်းလူမျိုးများနေထိုင်ခဲ့ကြပြီး ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအို စသည့် မြို့များကို ပုဂံခေတ်မတိုင်မီကပင် ရှမ်းစော်ဘွားများက အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည်။ မိုးကောင်း၊ မိုးညှင်းမြို့များသည် အင်အားကောင်းပြီး ပြည်မ(အင်းဝ)ကို ထိပါးသည့်အခါထိပါးသည်။ အခြားထွန်းကားခဲ့သောမြို့များမှာ ဗန်းမော်၊ ကာမိုင်း၊ ဝိုင်းမော်စသည့်မြို့များဖြစ်သည်။ ဗန်းမော်သည် တရုတ်နှင့်ကုန်သွယ်သည့် နယ်စပ်မြို့ဖြစ်သည်။ ဘုရင်ခံအဆင့်ထားရှိပြီး ကင်းစခန်းများ၊ ခံတပ်များထားရှိသည်။ စော်ဘွားအဆက်ဆက်အုပ်စိုးခဲ့ကြပြီး တော်လှန်ပုန်ကန်မှုများကြောင့် ဘိုးတော်ဘုရားလက်ထက်တွင် စော်ဘွားစနစ်အားဖျက်သိမ်းပြီး မြို့ဝန်များ ထားရှိအုပ်ချုပ်ခဲ့သည်။ သီပေါမင်းလက်ထက်တွင် မိုးကောင်းမြို့သည် မြန်မာနိုင်ငံမြောက်ဖျား၏အဓိကမြို့တော်ဖြစ်ခဲ့ပြီး တော်လှန်ပုန်ကန်မှုများဖြစ်ပွားခဲ့သည်။
၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အင်္ဂလိပ် (ဗြိတိသျှ) များ ဝင်ရောက်လာခဲ့သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ တွင် သီပေါမင်း နန်းကျပြီးနောက်ပိုင်း အင်္ဂလိပ်နယ်ချဲ့တို့သည် ၁၈၈၅ ဒီဇင်ဘာ ၅ ရက်နေ့၌ ဗန်းမော်ကို ရောက်ရှိလာခဲ့သည်။၁၈၈၆ခုနှစ်တွင် မြန်မာမင်းတို့လက်ထက်က အုပ်ချုပ်မှုနယ်မြေအပိုင်းအခြားများအား ဖျက်သိမ်းကာ ၁၈၈၆ခုနှစ် ဇွန်လမှစ၍ အထက်မြန်မာနိုင်ငံတစ်ခုလုံးကို ဒီဗီးရှင်း (Division) ခရိုင်ကြီး (၄)ခု၊ ဒိစတြိတ် (District) စီရင်စု (၁၇)စုဖြင့် ခွဲခြားအုပ်ချုပ်ခဲ့သည်။ထိုအထဲတွင် မြောက်ပိုင်းခရိုင်ကြီး၏ စီရင်စု (၅)ခု၌ ဗန်းမော်စီရင်စု ပါဝင်ကာ အရေးပိုင်ဟုခေါ်သော ဗြိတိသျှအရာရှိတစ်ဦးမှ အုပ်ချုပ်သည်။[2] အင်္ဂလိပ်အစိုးရမှ ကချင်ပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ၁၉၂၀ ခုနှစ်နောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသကို သိမ်းပိုက်ကာ ၁၉၃၀ ခုနှစ်တွင် မေခ၊ မလိခ မြစ်ဆုံ တြိဂံဒေသကို သိမ်းယူနိုင်ခဲ့သည်။ ကချင်လူမျိုးတွေ၏ နယ်မြေဒေသတစ်ခုလုံးကို အင်္ဂလိပ်တို့က Kachin Hill Tract Regulation ဥပဒေ ပြဋ္ဌာန်းကာ ပူတာအိုတောင်တန်းနယ်ခြားခရိုင်ဟူ၍ ဖွဲ့စည်းပြီး အုပ်ချုပ်ခဲ့သည်။ အင်္ဂလိပ်များ သိမ်းပိုက်ပြီးနောက်ပိုင်းအထိ အမတ်ကြီး ဦးဖိုးစောဦးဆောင်သည့် တော်လှန်ရေးများဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံမြောက်ပိုင်းသို့ ချီတက်သိမ်းပိုက်သည့် အင်္ဂလိပ်တပ်များသည် မိုးကောင်းမြို့တွင်အခြေချရာတွင် ရာသီဥတုပူအိုက်စွတ်စိုသဖြင့် အဖျားအနာထူပြောလှသဖြင့် နေရာသစ်ရှာဖွေရာ ၁၈၉၁ခုနှစ်တွင် ဗန်းမော်စီရင်စုအရေးပိုင်က မြစ်ကြီးနားမြို့ကို တည်ဆောက်ခဲ့သည်။၁၈၉၅တွင် မြစ်ကြီးနားဒေသအား ဗန်းမော်စီရင်စုမှ ခွဲထုတ်၍ မြစ်ကြီးနားစီရင်စုအဖြစ် တည်ထောင်ခဲ့ကာ အရေးပိုင်အုပ်ချုပ်သည့်မြို့အဖြစ် ထူထောင်ကြသည်။ မန္တလေး-မိုးကောင်းရထားလမ်းအား မြစ်ကြီးနားအထိ တိုးချဲ့ဖောက်လုပ်ခဲ့သဖြင့် မြစ်ကြီးနားမြို့သည် မြန်မာနိုင်ငံမြောက်ပိုင်း၏ ရထားလမ်းဆုံးမြို့ဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် မဟာမိတ်များက တရုတ်ချန်ကေချိတ်အစိုးရအားထောက်ပံ့ရန် တရုတ်မြန်မာလမ်းမကြီးဖောက်လုပ်ရာတွင် လီဒိုမှ မြစ်ကြီးနားမြို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ကူမင်းမြို့အထိဖောက်လုပ်ခဲ့သည်။ မြစ်ကြီးနားမြို့တွင် ကြည်းတပ်၊ လေတပ်များအခြေချရာမှ မြစ်ကြီးနားမြို့သည့်အရေးပါလာသည်။၁၉၁၂တွင် ယခု ပူတာအိုဒေသဖြစ်သော ခန္တီးလုံဒေသအား သိမ်းပိုက်ကာ ၁၉၂၄တွင် လုပ်ခွန်စော်ဘွားမြို့ဖြစ်သော ပူတာအိုမြို့အား အခြေပြုကာ စီရင်စုအသစ် ဖွဲ့စည်းခဲ့သည်။
ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈)ခုနှစ်တွင် အီရတ်စစ်မြေပြင်၌ အင်္ဂလိပ်ဘက်မှ ကချင်စစ်သား ၄၀၀ ကျော် ပါဝင်တိုက်ခိုက် ကူညီခဲ့သည်။ စစ်ပြီးနောက် ၁၉၂၅ ခုနှစ်တွင် ဆရာဦးမရမ် ရိုဘင်နှင့် ဒူဝါဇော်တူးတို့က မြစ်ကြီးနားနှင့် ဗန်းမော်မှ ကချင်ကိုယ်စားလှယ် ၅၅ ဦးကို ဦးဆောင်၍ ဘုရင်ခံ ဆာကုတ်ဘတ္တာလာထံ ကချင်တောင်တန်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ပထမဦးဆုံးတောင်းခံခဲ့သည်။ သို့သော် ကချင်ခြေလျင်တပ် သုံးတပ်သာ ဖွဲ့စည်းခွင့်ရရှိခဲ့သည်။
ဒုတိယ ကမ္ဘာစစ် (၁၉၄၂) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်စစ်တပ်များ ဝင်ရောက်လာခဲ့သည်ကို အင်္ဂလိပ်နှင့် အမေရိကန်စစ်တပ်ပေါင်းကာ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲ၌ ကချင် စစ်တပ်သားများသည် Northern Kachin Levis (N.K.L)၊ V Force၊ Chindit နှင့် American-Kachin Ranger တပ်ဖွဲ့များဖြင့် ပါဝင်ကူညီခဲ့သည်။ ၁၉၄၄ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့တွင် N.K.L၊ V Force၊ Chindit စစ်တပ်သားများသည် မြစ်ကြီးနားရှိ ဂျပန်တပ်သားများအား အမြစ်ပျက် ချေမှုန်းနိုင်ခဲ့သည်။ American-Kachin Ranger စစ်တပ်ဖွဲ့သည် တရုတ်ပြည် ယူနန်ပြည်နယ်ထဲထိ ဂျပန်စစ်တပ်အား တိုက်ခိုက် အောင်ပွဲခံခဲ့ကာ ယခု Ying Jiang မှာ အထိမ်းအမှတ် အဖြင့် ကျောက်တိုင် စိုက်ထူထားသည်။
၁၉၄၅ ခုနှစ် မတ်လ (၂၄-၂၆)ရက်နေ့တွင် စိန်လုံကဘာကျေးရွာ၌ ကချင်တောင်တန်း ဒေသတွင် ဂျပန်စစ်တပ်သားများ အကုန်အစင်တိုက်ထုတ်နိုင်ခဲ့သည့် အထိမ်းအမှတ်အနေဖြင့် Padang Manau (အောင်ပွဲခံမနောပွဲ) ကျင်းပခဲ့ကြသည်။ အောက်မြန်မာပြည်၌ ကချင်စစ်တပ်ပါသည့် အင်္ဂလိပ်စစ်တပ်သားနှင့် Force 136 တို့မှ ကူညီသဖြင့် ၁၉၄၅ ခုနှစ် ဩဂုတ် (၁၄)ရက်နေ့ ဂျပန်ကို မြန်မာနိုင်ငံမှ အပြီးတိုက်ထုတ်နိုင်ခဲ့သည်။
စစ်တိုက်ပြီး အောင်ပွဲခံပြန်လာခဲ့ကြသည့် ကချင်စစ်တပ်သားများသည် ကချင်ပြည်သူလူထုနဲ့ အတူ မြစ်ကြီးနား၊ စီတာပူရပ်ကွက်တွင် (၁၄-၁၉)ရက်ကြား ၆ ရက်တိတိ "အောင်ပွဲခံ မနော" (Padang Manau) ပွဲကြီး ကျင်းပခဲ့ကြသည်။ ရန်ကုန်ရှိ အင်္ဂလိပ် ဒုတိယ ဘုရင်ခံ Sir. Dorman Smith လည်း ပါဝင်ခဲ့သည်။ ထိုပွဲတွင် ကချင်လူမျိုးတို့သည် ဒုတိယအကြိမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်သတ်မှတ်ပေးရန် ထပ်မံ တောင်းဆိုသည်။ ဘုရင်ခံမှ ပြည်နယ်သတ်မှတ်ပေးရန် ငြင်းဆိုခဲ့သည့်အပြင် "နင်တို့ဂျိမ်းဖော (ကချင်) တွေက ကိုယ်ပိုင်အုပ်ချုပ်ဖို့ ပညာမစုံသေးဘူး။ အဲ့တာကြောင့် ဗမာကို လွတ်လပ်ရေးပေးပြီး၊ နင်တို့ ဂျိမ်းဖော့တွေကို ချန်ထားလိုက်အုံးမယ်။ စိုက်ပျိုးရေးပညာ၊ ကျန်းမာရေးပညာတွေ သိလာအောင် အရင်သင်ပေးမယ်။ နင်တို့ ပညာစုံရင်၊ နင်တို့ နယ်မြေ၊ နင်တို့လက်ထဲ ပြန်အပ်ပေးမယ်။" ဟု ပြောခဲ့သည်။ တတိယအကြိမ်ဖြင့် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလဆန်း (၂)ရက်နေ့၊ မန်ခိန်ရပ်ကွက်၌ နယ်ခြားဒေသ ဆိုင်ရာ တောင်တန်းမင်းကြီး Mr.H.N.C. Stevenson ထံ ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သည်။ သို့သော် Mr.H.N.C. Stevenson က ငြင်းဆိုလိုက်သည်။
ဖဆပလ (ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့) ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်ရှိ အင်္ဂလိပ်အစိုးရထံ ဗမာပြည်မနဲ့အတူ တောင်တန်းဒေသတွေ လွတ်လပ်ရေး လိုချင်သည်ဟု တောင်းဆိုခဲ့ရာ အစိုးရမှ ပြည်မနဲ့ တောင်တန်းသားတွေ ဘဘောတူ စာချုပ် ချုပ်ပြီးယူခဲ့ဟု ဆို၍ ဗိုလ်ချုပ်ပြန်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံး အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်နိုင်ရန်အတွက် ဗမာ၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်းနှင့် ကချင် တိုင်းရင်းသားများ လက်ခံသဘောတူမှ လွတ်မြောက်နိုင်မည်ဟု ပြောဆိုကာ တိုင်းရင်းသားများနေထိုင်သည့် တောင်တန်းဒေသတို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး တိုင်းရင်းသားများအား "Federal ပြည်ထောင်စု စနစ်ဖြင့် အုပ်ချုပ်သွားမည်"ဟု အမျိုးသား တန်းတူညီမျှရေး ဆောင်ရွက်ခဲ့သည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ(၂၉) ရက်နေ့ မြစ်ကြီးနား၌ ကချင်တိုင်းရင်းသား ခေါင်းဆောင်များစုဝေးကာ ပင်လုံစည်းဝေးသွားရန် ခေါင်းဆောင်ရွေးချယ်ခဲ့သည်။ မြစ်ကြီးနား မှ ခေါင်းဆောင် (၈) ဦးနှင့် ဗန်းမော်မှ ခေါင်းဆောင် (၄) ဦးသွားရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၁နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အခြားဗမာခေါင်းဆောင်များနှင့်တူ ကချင်၊ ရှမ်း၊ ချင်းကိုယ်စားလှယ်များများအားလုံး ပင်လုံညီလာခံ စတင်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက "တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း၊ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။" ဟု မိန့်ခွန်းပြောဆိုခဲ့သည်။ ယင်း ပင်လုံစာချုပ် ကိုအခြေခံသည့် ၁၉၄၇ အခြေခံဥပဒေအရ အင်္ဂလိပ်အစိုးရမှ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။
အခြေခံဥပဒေအရ ပုဒ်မ ၁/၆ တွင်ရေးသားသည့်အတိုင်း "မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များ ဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခု အဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် ကချင်ပြည်နယ် ဟုခေါ်ဆိုရမည်။" ဟု ရေးဖွဲ့ထားသည့်အတိုင်း မြစ်ကြီးနား အပိုင်း ၁၊ ၂ နှင့် ဗန်းမော် အပိုင်း ၁၊ ၂ တို့အား ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပေါင်းစည်းလိုက်ကာ ၁၀.၁.၁၉၄၈တွင် ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ်ဟု သတ်မှတ်ခဲ့ကာ ထိုနေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကြသည်။
ကချင်ပြည်နယ်ဟု ခေါ်ဆိုရာတွင် အင်္ဂလိပ် အစိုးရမှ မြစ်ကြီးနားမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့ကို သတ်မှတ်ပေးခြင်းဖြစ်သည်။ အရှေ့လောင်ဂျီတွဒ် ၉၆° နှင့် ၉၈° ၄၇' ကြား၊ မြောက်လတ်တီတွဒ် ၂၃° ၃၇' နှင့် ၂၈° ၃၂' ကြားရှိပြီး ဧရိယာ စတုရန်း ၃၃,၉၀၃ ခန့် ရှိသည်။ နယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည်တို့မှ နယ်မြေ သတ်မှတ်ယူကာ ကချင်ပြည်နယ် ဟု သတ်မှတ်လာခဲ့သည်။ ၁၉၆၂နောက်ပိုင်းတွင် နယ်ခြားဒေသစနစ်ဖျက်သိမ်းပြီး ၈.၉.၁၉၆၅ ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်ထဲရေးဌာန၏ အမိန့်စာတွင် ကချင်ပြည်နယ်ကို မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို ခရိုင်များဖြင့် ဖွဲ့စည်းသည်။န.အ.ဖအစိုးရလက်ထက် ၂၀၀၄ခုနှစ်တွင် မြစ်ကြီးနားခရိုင်မှ မိုးညှင်း၊မိုးကောင်း ဖားကန့်တို့အား ခွဲထုတ်၍ မိုးညှင်းခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည်။၂၀၂၀ပြည့်နှစ်အထိတွင် ကချင်ပြည်နယ်၌ ခရိုင်(၄)ခု၊ မြို့နယ် (၁၈)ခုဖြင့် ပါဝင်ဖွဲ့စည်းထားရှိသည်။[3]
တည်နေရာနှင့် အကျယ်အဝန်း
ကချင်ပြည်နယ်၏အရှေ့နှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အနောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယနိုင်ငံတို့ တည်ရှိသည်။ မြောက်လတ္တီတွဒ် ၂၃ ၂၇' နှင့် ၂၈ ၂၅' လောင်ဂျီတွဒ် ၉၆ ဝ' နှင့် ၉၈ ၄၄' ကြားတွင် တည်ရှိသည်။ ကချင်ပြည်နယ်သည် ဧရိယာ စတုရန်းမိုင်ပေါင်း (၃၄၃၇၉ ဒသမ ၂၂ ) ကျယ်ဝန်းသည်။
ပထဝီဝင်အနေအထား
ရာသီဥတု
ကချင်ပြည်နယ်သည် ပူနွေးစွတ်စိုသော ရာသီဥတုရှိသည်။အမြင့်ဆုံးအပူချိန်မှာ ၃၈°Cဖြစ်ပြီး အနိမ့်ဆုံးမှာ ၅.၆°Cဖြစ်သည်။[2]
မြေမျက်နှာသွင်ပြင်
ကချင်ပြည်နယ်သည် တောင်ကုန်းတောင်တန်းများ ပေါများသည်။မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်များဖြစ်သော ခါကာဘိုရာဇီ (၁၉,၂၉၆ ပေ)နှင့် ဂမ်လန်ရာဇီ (၁၉,၁၄၂ ပေ) စသည့် တောင်ထိပ်များတည်ရှိကာ ဆီးနှင်းရေခဲများ အမြဲဖုံးလွှမ်းလျက်ရှိသည်။ အကျယ်ဆုံးလွင်ပြင်များမှာ ချင်းတွင်းမြစ်ဖျားရှိ တနိုင်းခမြစ်ဝှမ်းမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ မလိခမြစ်ဝှမ်းရှိ ပူတာအိုလွင်ပြင်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့ဝန်းကျင်ဒေသများ၊ အင်းတော်ကြီးကန်၊ မိုးကောင်းချောင်း၊ ကောက်ကွေ့ချောင်း ပတ်ဝန်းကျင်ဒေသများဖြစ်ကြသည်။မြစ်၊ချောင်းများ ပေါများပြီး ဧရာဝတီမြစ်၊ မေခမြစ်၊မလိခမြစ်၊ တာပိန်မြစ်နှင့် ဥရုချောင်းတို့မှာ ထင်ရှားသည်။
အုပ်ချုပ်ရေး
အုပ်ချုပ်ရေး
၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။
ဥပဒေပြုရေး
၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။
တရားစီရင်ရေး
ကချင်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၁၈)ရုံးရှိသည်။
ခရိုင်များ
ကချင်ပြည်နယ်တွင် ခရိုင် (၄) ခု ရှိသည်။
- မြစ်ကြီးနားခရိုင်
- ဗန်းမော်ခရိုင်
- ပူတာအိုခရိုင်
- မိုးညှင်းခရိုင်
မြို့နယ်များ
မြို့နယ် (၁၈) မြို့နယ် ရှိသည်။
- မြစ်ကြီးနားခရိုင် (၆) မြို့နယ်၊
- ဗန်းမော်ခရိုင် (၄) မြို့နယ်၊
- ပူတာအိုခရိုင် (၅) မြို့နယ် နှင့်
- မိုးညှင်းခရိုင် (၃) မြို့နယ်တို့ ဖြစ်သည်။
ကချင်ပြည်နယ်တွင် မြို့ (၃၀) ရှိပြီး ပါဝင်သော မြို့များမှာ
- ကန်ပိုက်တီမြို့
- ကာမိုင်းမြို့
- ချီဖွေမြို့
- ခေါင်လန်ဖူးမြို့
- ဆင်ဘိုမြို့
- ဆဒုံးမြို့
- ဆွမ်ပရာဘွမ်မြို့
- ဆော့လော်မြို့
- တနိုင်းမြို့
- ဒေါ့ဖုန်းယန်မြို့
- နမ္မတီးမြို့
- နောင်မွန်းမြို့
- ပန်နန်းဒင်မြို့
- ပန်ဝါမြို့
- ပူတာအိုမြို့
- ဖားကန့်မြို့
- ဗန်းမော်မြို့
- မံစီမြို့
- မချမ်းဘောမြို့
- မြစ်ကြီးနားမြို့
- မြို့လှမြို့
- မိုးကောင်းမြို့
- မိုးညှင်းမြို့
- မိုးမောက်မြို့
- ရွှေကူမြို့
- ရှင်ဗွေယန်မြို့
- လွယ်ဂျယ်မြို့
- ဝိုင်းမော်မြို့
- ဟိုပင်မြို့
- အင်ဂျန်းယန်မြို့ တို့ ဖြစ်သည်။
ရပ်ကွက်
ရပ်ကွက်ပေါင်း (၁၆၀) ရှိပြီး ကျေးရွာအုပ်စု (၅၉၄) နှင့် ကျေးရွာပေါင်း (၂၅၅၃)ရွာ ရှိသည်။ [4]
လူဦးရေ
သမိုင်းတစ်လျှောက် လူဦးရေများ | ||
---|---|---|
ခုနှစ် | လူဦးရေ | ±% |
၁၉၇၃ | ၇၃၇၉၃၉ | — |
၁၉၈၃ | ၉၀၄၇၉၄ | +22.6% |
၂၀၁၄ | ၁၆၈၉၄၄၁ | +86.7% |
Source: ၂၀၁၄ သန်းခေါင်စာရင်း[1] |
၂၀၁၄ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်တွင် လူဦးရေ ၁.၆သန်း နေထိုင်ကြသည်။ကချင်ပြည်နယ်တွင် ကျားဦးရေသည် မဦးရေထက် အနည်းငယ် ပိုများသည်။လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၁၉ဦးဖြစ်သည်။ချင်းပြည်နယ်ပြီးလျှင် ဒုတိယမြောက် လူဦးရေသိပ်သည်းဆ အနည်းဆုံးဖြစ်သည်။
လူမျိုး
ကချင်တိုင်းရင်းသားတို့သည် တိဘက်မြန်မာ အုပ်စုဝင်များ ဖြစ်သည်။ ဂျိန်းဖော့၊ အဇီး(ဇိုင်ဝါး)၊ လရှီး(လာချန်)၊ လီဆူ၊ ရဝမ် နှင့် မရူ(လော်ပေါ်) မျိုးနွယ် ၆ မျိုးကို စုပေါင်း၍ ကချင်ဟုခေါ်သည်။ ကချင်ပြည်နယ်တွင် ရှမ်းကြီး၊ ရှမ်းတရုတ်၊ ရှမ်းနီ ဂဒူး စသောမျိုးနွယ်(၄)မျိုးပါဝင်သော ရှမ်းများနှင့် ချင်း၊ ပလောင်၊ နာဂ၊ ဂေါ်ရခါးတို့ပါ နေထိုင်ကြသည်။
ပညာရေး
တွင်းထွက်များ
ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်း၊ တနိုင်း ၊တောမှော်နှင့် ဟောင်ပါးဒေသတို့မှ အဖိုးတန်ကျောက်စိမ်းများထွက်ရှိသည်။ ေရွှ၊ပယင်းများနှင့်အခြားအဖိုးတန်ကျောက်မျက်ရတနာများလည်းထွက်ရှိသည်။
စိတ်ဝင်စားဖွယ်နေရာများ
- အရှေ့တောင်အာရှ နှင့် မြန်မာနိုင်ငံတွင် အမြင့်ဆုံးဖြစ်သောခါကာဘိုရာဇီတောင်
- အင်းတော်ကြီးအိုင်နှင့် ရွှေမဉ္ဇူဘုရား
- ခေါင်ဖူးဘုရား
- မြစ်ဆုံဒေသ
- ပူတာအိုမြို့
- ဝါရှောင်ဆည်
စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
ဘာသာစကား
ဘာသာစကားမှာ ဂျိန်ဖော့စကား၊ မရူစကား၊ ရဝမ်စကား၊ လီဆူစကား ဟူ၍ စကားကြီး (၄) မျိုးရှိပြီး လရှီစကား နှင့် အဇီးစကားတို့မှာ မရူစကားမှ ခွဲထွက်လာသော စကားများ ဖြစ်သည်။ ဂျိန်ဖော့စကားကို လူသုံးများဆုံး ဖြစ်သည်။ မရူစကားမှာ ဒုတိယအများဆုံး ဖြစ်သည်။
ဝတ်စားဆင်ယင်မှု
ကချင်တိုင်းရင်းသားများက အမဲရောင်ဝတ်ပြီး ရဝမ်တိုင်းရင်းသားများက အဖြူရောင် ဝတ်သည်။ လရှီ၊ လီဆူ နှင့် အဇီးတို့က ခေါင်းပေါင်းကို ထူထူထည်းထည်း ပေါင်းထုပ်သဘွယ် ပေါင်းကြ၍ ဂျိန်ဖော့နှင့် မရူတို့က ပါးပါးပေါင်းကြသည်။ မြောက်ပိုင်းနေ တိုင်းရင်းသားများက လုံကွင်းကို တိုတိုဝတ်ကြ၍ တောင်ပိုင်းနေ တိုင်းရင်းသားများက လုံကွင်းကို ရှည်ရှည်ဝတ်ကြသည်။
ဘာသာ ကိုးကွယ်မှု
ခရစ်ယာန်ဘာသာကိုးကွယ်သူများအဓိက ေနထိုင်ပီးဗုဒ္ဓဘာသာကိုးကွယ်သူများ၊ အစ္စလာမ်ဘာသာ နင့် ဟိန္ဒူဘာသာဝင်တို့အနည်းငယ် ရှိကြသည်။ ဘာသာကိုးကွယ်သူများသည် သက်ဆိုင်ရာဘာသာကို လေးစားသမှု အထူးရှိကြသည်။ ကချင်ပြည်နယ်တွင် ခရစ်ယာန်ဘာသာကိုးကွယ်သူ များပြားသည်။ ခရစ်ယာန်ဘာသာမှာ အဓိကဖြစ်သည်။ရှေးယခင်ကနတ်ကိုးကွယ်မူများပြားသော်လည်းယခုတွင်မရှိသလောက်နည်းပါးသည်။ ယခင်နတ်ကိုးကွယ်မူ့ပုံစံမှာ နတ်များကြေနပ်မှုရစေရန် အရေးကြီးသဖြင့် ယဇ်ကောင်များဖြင့် နတ်များကို ပူဇော်ပသရသည်။ ရွာအဝင်တွင် ကျေးရွာဆိုင်ရာ နတ်ကွန်းများ တွေ့နိုင်သည်။ နှစ်စဉ် နတ်ပူဇော်ပွဲ ကျင်းပချိန်တွင်သာ မွမ်းမံလေ့ရှိသည်။ အမြဲထိန်းသိမ်း ထားလေ့ရှိသော နတ်ကွန်းမှာ မြေနတ်၏ နတ်ကွန်းဖြစ်သည်။ ယင်းနတ်ကွန်းကို ကျောက်တုံးများဖြင့် ဝိုင်းရံထားခြင်း၊ ဝင်းခတ်ထားခြင်းများ ပြုလုပ်လေ့ရှိသည်။ အိမ်များတွင် နတ်ကွန်းကို အိမ်ရှေ့၌ထားပြီး နတ်စင်ကို အိမ်ဦးခန်း၌ ထားသည်။ အချို့ကျေးရွာ အိမ်များတွင် ရှေးယခင်ကတည်းက ပူဇော်ခဲ့သော ယဇ်ကောင်များ၏ ခေါင်းခွံများ ဆင့်ကဲ ချိတ်ဆွဲထားသည်ကို တွေ့ရပေမည်။
သို့သော် အနောက်တိုင်းမှခရစ်ယာန်သာသနာပြုသူများ လာရောက်သည့်နောက်မှ အစပြုကာ ခရစ်ယာန်ဘာသာ ကိုးကွယ်ယံုကြည်သူ များအဖြစ်သို့ေပြာင်းလဲကုန်ကြေလသည်။
ရိုးရာ ယဉ်ကျေးမှု
လူတစ်ဦးတစ်ယောက်၏ ကျန်းမာရေးသည် နတ်တို့နှင့် သက်ဆိုင်သည်ဟု ယုံကြည်သည်။ မကျန်းမာလျှင် နတ်ဟောဆရာထံ မေးမြန်း၍ သက်ဆိုင်ရာနတ်တို့အား ပူဇော်ပသ ရသည်။ ဆင်းရဲနွမ်းပါးသူများပင်လျှင် ကြွေးခံ၍ နတ်ကတော့ရသည်။ နတ်ဆရာများသည် ဘာသာရေးတွင်သာမက လူမှုရေးတွင်ပါ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အတိတ်နမိတ်ကောက်ခြင်း၊ အဆောင်များထားခြင်းတို့ကို ပြုတတ်၍ စုန်းများရှိပြီး ပြုစားတတ်သော အတတ်ပညာများ ရှိသည်ဟု ယုံကြည်ကြသည်။ မဒိုင်နတ်ခေါ် ကောင်းကင်နတ်ကို မူတည်၍ အကြောင်းအမျိုးမျိုးကြောင့် "မနောပွဲ"ကျင်းပကြသည်။
မနောပွဲ(MaNau Poi)
အရေးကြီးသော မနောပွဲ(၅)မျိုး ရှိသည်။
- ပဒန်မနော(Padang MaNaw) - စစ်အောင်ချိန် အောင်ပွဲခံသည့်ပွဲ။
- ဆွတ်မနော(Sut MaNau) - ဓနဥစ္စာ တိုးတက်ချိန်၌ မနာလို ဝန်တိုမှုများရှိ မရှိ၊ ပေးဆပ်ရန်ကြွေး ရှိ မရှိ၊ ရယူရန်ကြွေးရှိ မရှိ၊ စုံစမ်းရင်း ဆွေသစ်မျိုးသစ် မိတ်သင်္ဂဟသစ် ဖွဲ့သောပွဲ။
- ဂျူမနော(Ju MaNau) - မကျန်းမာသည့်အခါ နှင့် အသက်အရွယ်ကြီးရင့်သော အဖိုးအို၊ အဖွားအိုများ သေဆုံးသောအခါ ကျင်းပသောပွဲ။
- ဂွမ်ရမ်မနော( Gumran MaNau) - အိမ်သားဖြစ်သူ ညီအစ်ကို တစ်ဦးဦး နယ်မြေသစ် တည်ထောင်နေထိုင်သော အချိန်တွင် မဒိုင်နတ်ကို ဝေချမ်း ပင့်ဆောင်ယူသော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။
- ရှဒပ်မနော(Shadip MaNau) - နယ်မြေသစ် တည်ထောင်ပြီး မဒိုင်နတ်အား နေရာပြသော အထိမ်းအမှတ်၊ နယ်မြေသစ်ရှိ မကောင်းဆိုးဝါးများကို နှင်ထုတ်သော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။
ယခုအခါတွင်မနောပွဲကိုရိုးရာပွဲအဖြစ်ကျင်းပကြလေသည်။
မနောပွဲအပြင် အိမ်သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အသုဘပွဲ၊ နတ်ပူဇော်ပွဲ နှင့် ကောက်သစ်စားပွဲ စသော အခြားပွဲလမ်းများလည်း ရှိသေးသည်။
ဒေသထွက်ကုန်များ
နာမည်ကျော် တိုင်းရင်းဆေး ဖြစ်သည့် ရှီးပဒီး သည် ကချင်ပြည်နယ် မြောက်ပိုင်း တောတောင်များမှ ထွက်ရှိသည်။
ကိုးကား
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၁၇။
- ကချင်ပြည်နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး။
- တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉)
- နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
- D.P.S. MYANMAR GUIDE MAP. 2000.