မြင်းခြံခရိုင်
မြင်းခြံခရိုင်သည် မန္တလေးတိုင်း အနောက်ပိုင်း၌ တည်ရှိသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း၊ ဧရာဝတီ - ချင်းတွင်း မြစ်ဆုံဒေသလည်း ဖြစ်သည်။
ပါဝင်သောမြို့နယ်များမှာ -
- မြင်းခြံမြို့နယ်
- တောင်သာမြို့နယ်
- နွားထိုးကြီးမြို့နယ်
- ငါန်းဇွန်မြို့နယ် တို့ဖြစ်ကြသည်။
ယခင်က ကျောက်ပန်းတောင်းမြို့နယ် ပါဝင်ခဲ့သော်လည်း ၂၀၁၄ခုနှစ် ဇန်နဝါရီ ၁၅ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်ကို မြင်းခြံခရိုင်မှ ညောင်ဦးခရိုင်အတွင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။[1]
မြင်းခြံခရိုင်
မြင်းခြံခရိုင်သည် မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးတိုင်းတွင် ပါဝင်သော ခရိုင်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ဗဟိုလောက်တွင် တည်ရှိ၍ မိုးပါးရေရှား ရပ်ဝန်းတွင် အကျုံးဝင်သည်။ နယ်နိမိတ်အားဖြင့် မြောက်ဖက်တွင် စစ်ကိုင်းခရိုင်၊ အရှေ့ဖက်တွင် ကျောက်ဆည်နှင့် မိတ္ထီလာခရိုင်များ၊ တောင်ဖက်တွင် မကွေးခရိုင်၊ အနောက်ဖက်တွင် ဧရာဝတီ မြစ်တို့ ရှိသည်။ ဧရာဝတီမြစ်၏ တစ်ဖက်ကမ်းမှာ ပခုက္ကူခရိုင် ဖြစ်သည်။
မြင်းခြံခရိုင်ကို မြင်းခြံနယ်၊ ပုဂံ(ညောင်ဦး) နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ တဖန် မြင်းခြံနယ်မှာ မြင်းခြံမြို့နယ်၊ တောင်သာ မြို့နယ်၊ နွားထိုးကြီးမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားကာ ပုဂံ(ညောင်ဦး) နယ်မှာ ပုဂံ(ညောင်ဦး)မြို့နယ်၊ ကျောက်ပန်း တောင်းမြို့နယ်၊ ငဇွန်(ငါန်းဇွန်) မြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ခရိုင်၏ အကျယ်အဝန်းမှာ စတုရန်းမိုင ၂ယ ၇၁ဝ၊ ကျေးရွာပေါင်း ၄၄၈ ရွာနှင့် ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၄၇၂ယ ၅၅၇ ယောက်ရှိသည်။
ခရိုင်ရုံးစိုက်မြို့သည် မြင်းခြံမြို့ဖြစ်၍ ခရိုင်တွင်းရှိ မြို့များကား ပုဂံ၊ ညောင်ဦး၊ နွားထိုးကြီး၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ငဇွန်(ငါန်းဇွန်) တို့ ဖြစ်သည်။
မြင်းခြံခရိုင်အတွင်းရှိ မြေသည် များသောအပိုင်းတွင် ခြောက်သွေ့၍ လှိုင်းထနေသော မြေမျက်နှာပြင်မျိုး ဖြစ်သည်။ တောင်ကုန်းများလည်း ရှိသည်။ မြန်မာနိုင်ငံ တစ်ဝှန်းလုံးတွင် ထင်ရှားသော တောင်မြတ်တောင်ကလပ်ဖြစ်သည့် ပုပ္ပါးတောင်သည် ခရိုင်၏အရှေ့တောင် ထောင့်တွင်တည်ရှိသည်။ မူလက မီးတောင်ဖြစ်၍ ပေပေါင်း ၅,ဝဝဝ နီးပါး အမြင့်ဆောင်သော တောင်ထိပ် (၂)ခု ရှိသည်။ ပုပ္ပါးတောင်၏ အထက်ပိုင်းတွင် မည်သည့်အပင်မျိုးမှ မပေါက်သဖြင့် ပြောင်ထင်းလျက် ရှိ၏။
တောင်ခြေပိုင်း၌မူ ပန်းခြံ သစ်သီးခြံတို့ဖြင့် စိမ်းလန်းစိုပြည်လျက်ရှိသည်။ ခရိုင်၏ မြောက်ဖက်ဖျား မြင်းခြံနှင့် နွားထိုးကြီးနယ်တို့၌ ယုန်ထိုးတောင်၊ စကြာတောင်နှင့် မင်းကွန်းတောင်တို့ကို တွေ့နိုင်လေသည်။
မြင်းခြံခရိုင်တွင် ထင်ရှားသော ရေကြောင်းမှာ အနောက်ဖက် နယ်နိမိတ်တ်စလျှောက် စီးဆင်းသော ဧရာဝတီမြစ်ဖြစ်သည်။ ဧရာဝတီမြစ်သည် ကွေ့ကောက်လှသဖြင့် သောင်ခုံများ၊ ရေလယ်ကျွန်းများ ထွန်းလျက် ထိုသောင်ခုံနှင့် ရေလယ်ကျွန်းများ ပေါ်တွင် ဆေး၊ ပဲ၊ မရင်းစပါး အစရှိသည်တို့ကို စိုက်ပျိုးကြသည်။ သို့သော် ကျွန်းများ သောင်များမှာ မတည်တံ့ဘဲ ရေစားသောအခါ နစ်မြုပ်ပျောက်ကွယ်သွားတတ်၏။ တစ်ခါတစ်ရံ ကျွန်းဟောင်းများအစား ကျွန်းသစ်ကလေးများ ပေါ်လာတတ်သည်။
ချောင်းများအနက်မြောက်ဖက်တွင် စီးဆင်းသော ငှက်ပျောအိုင်ချောင်းနှင့် တောင်ဖက်မှ ပုပ္ပါးချောင်းတို့သည် တစ်နှစ်ပတ်လုံး ရေရှိသည်။ ဆင်တဲဝ၊ ပြောင်းပြာနှင့် စွန်းလွန်းချောင်းတို့မှာ နွေအခါတွင် ခန်းခြောက်နေတတ်၍ မိုးသည်းထန်သောအခါ ရေစီးသန်သည်။ ရာသီဥတုမှာ မိုးပါးရပ်ဝန်းတွင် သက်ရောက်သောကြောင့် ခြောက်သွေ့သည်။ ပုပ္ပါးတောင်သာလျှင် နွေအခါ၌ အေးမြသော ဥတုရှိသည်။ မြင်းခြံခရိုင်တွင် တစ်နှစ်ပတ်လုံး မိုးရေချိန်လက်မ ၃ဝ ခန့်သာရွာသွန်းသည်။
မြင်းခြံခရိုင်အတွင်း၌ ဧကပေါင်းမျာစွာကို တူးမြောင်းကန်ချောင်းများမှ ရေပေးသွင်း၍ စိုက်ပျိုးလုပ်ကိုင်သည်။ ဆန်စပါး၊ နှမ်း၊ ဝါဂွမ်း၊ မြေပဲ၊ ပဲအမျိုးမျိုးနှင့် ပြောင်းတို့ကို စိုက်ပျိုးသည်။ မြင်းခြံမြို့နယ် မြောက်ပိုင်းရှိ ကုန်းမြင့်ဒေသများ၊ နွားထိုးကြီးမြို့ အနောက်ဖက်ရှိ နယ်များနှင့် တောင်သာ အရှေ့ဖက်ရှိ နယ်များတွင် ဝါဂွမ်း အကြီး အကျယ် စိုက်ပျိုးသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ဝါဂွမ်းစိုက်ပျိုးသော နယ်တစ်ဝက်ခန့်မှာ မြင်းခြံခရိုင်တွင်း၌ ရှိသည်။ လူး၊ ဆပ်၊ ကြက်သွန်၊ ငရုတ်၊ အာလူးတို့ကိုလည်း အသင့်အတင့် စိုက်ပျိုးသည်။ မြေပဲ၊ နှမ်းတို့ ထွက်သောကြောင့် မြေပဲဆီ၊ နှမ်ဆီများထွက်သည်။ မြင်းခြံ၊ ကျောက်ပန်းတောင်းတို့တွင် ဆီစက်များရှိသည်။ ဝါထည်ရက်လုပ်ငန်း၊ ဝါစေ့ထုတ်လုပ်ငန်းတို့သည် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးဖက်တွင် များသည်။ မြင်းခြံခရိုင်တွင် ထန်းပင်ပေါသောကြောင့် ထန်းလျက်လည်း ထွက်သည်။ ဤလုပ်ငန်းများအပြင် ပုဂံ၊ ညောင်ဦးမှ ယွန်းထည်များလုပ်ငန်းသည် ထင်ရှားလျက်၊ မြန်မာနိုင်ငံတွင်မက ကမ္ဘာတွင်ပါ ဂုဏ်ယူရသော တိုင်းရင်းလုပ်ငန်း တစ်ရပ်ဖြစ်လေသည်။ အနောက်တောင်ဖက်ရှိ စဉ့်ကူးမြို့တွင် ရေနံတွင်း၊ ရေနံချက်စက်များရှိသည်။
မြင်းခြံခရိုင်တွင် သီးသန့် ကြိုးဝိုင်းသစ်တောများရှိ၍
မြင်းခြံမြို့နယ်တွင် သစ်စက်များလည်း ရှိလေသည်။
မြင်းခြံခရိုင်သည် လမ်းပန်း ဆက်သွယ်ရေး
တွင်လည်းမညံ့ဖျင်းပေ။ မြင်းခြံခရိုင်တွင်း ဖြတ်သွားသော
လမ်းများမှာ ကတ္တရာခင်းလမ်းကောင်းများဖြစ်သည်။ ယင်း
မော်တော်ကား လမ်းများသည် ခရိုင်တွင်းရှိ မြို့များနှင့်သာမက
ပတ်ဝန်းကျင်ရှိ ခရိုင်များနှင့်လည်း ဆက်သွယ်လျက်ရှိသည်။
မြင်းခြံခရိုင် အနောက်တောင်ဖက်ရှိ ကျောက်ပန်းတောင်းမြို့သည် မကွေး၊ မိတ္ထီလာ၊ မြင်းခြံမှ ပေါက်လာသော မော်တော်ကားလမ်းများ ဆုံရာဖြစ်၏။ ကျောက်ပန်းတောင်း သည် ပျဉ်းမနားမှ ခွဲလာသော မီးရထားလမ်း၏ လမ်းဆုံးလည်းဖြစ်၍ ရထားလမ်းအတိုင်း ပျဉ်းမနားမှ ၁၃၉ မိုင် ဝေးကွာသည်။ တစ်ဖန် မိတ္ထီလာခရိုင်တွင်းရှိ သာစည်မှ ခွဲထွက်လာသော မီးရထားလမ်းသည် မြင်းခြံ၌ ဆုံးပြန်၍ ရထားလမ်းအတိုင်း မိုင် ၇ဝ ရှိသည်။
မြင်းခြံမြို့သည် ပလိပ်သို့ ရှေးအခါက မီးရထားလမ်းပေါက်သော်လည်း ယခုအခါ အသုံးမပြုနိုင်ဘဲ ရှိ၏။ ဧရာဝတီ မြစ်တစ်လျှောက် ရန်ကုန် မန္တလေးသို့ စုန်ဆန်သွားလာသော သင်္ဘောများသည် မြင်းခြံခရိုင် ဧရာဝတီ မြစ်ရိုးတစ်လျှောက်ရှိ ပုဂံ၊ ညောင်ဦး၊ မြင်းခြံ၊ ဆီမီးခုံမြို့များတွင် ဆိုက်ကပ်ရပ်နားသည်။
လေကြောင်းအားဖြင့် မူကား ညောင်ဦးနှင့် ရန်ကုန်သာ အဆက်အသွယ်ရှိသည်။ အမြဲတမ်း သွားလာသည်ကားမဟုတ်။ နိုင်ငံခြား ဧည့်သည်များ ဘုရားဖူးသွားရောက်သော အခါအသုံးပြုသည်။ သို့ဖြင့် မြင်းခြံခရိုင်သည် အထက်အောက်နယ်များသို့ လွယ်ကူစွာ ခရီးပေါက်ပေသည်။
မြင်းခြံခရိုင်တွင် ထင်ရှားသော စေတီပုထိုးတို့ကား များလှပေသည်။ ရွှေစည်းခုံ၊ အာနန္ဒာ၊ သဗ္ဗညု၊ ကတော့ပလ္လင်မှစ၍“လှည်းဝင်ရိုးသံ တညံညံ”မျှ အရေအတွက် ရှိသော ဘုရားပေါင်း စုဝေးရာ ပုဂံညောင်ဦးတစ်ဝိုက်မှာ အထူးဖော်ပြဖွယ် မရှိအောင် သမိုင်း၊ ယဉ်ကျေးမှုတို့နှင့် ဆက်စပ်နေပေသည်။ ထိုပြင်လည်း နွားထိုးကြီး၊ တောင်သာ၊ ကျောက်ပန်းတောင်းမြို့များတွင် စေတီပုထိုးများရှိပေသေးရာ၊ နွားထိုးကြီးနယ် စကြာတောင် ဘုရားပွဲကို နှစ်စဉ် ဝါခေါင်လတွင် လည်းကောင်း၊ တောင်သာဘုရားပွဲကို ပြာသိုလတွင် လည်းကောင်း၊ ကျောက်ပန်းတောင်းနယ် မုန်စုဘရားပွဲကို တပို့တွဲလတွင်လည်းကောင်း ကျင်းပလေ့ရှိသည်။ အခြား မြို့ငယ် ရွာငယ်များတွင်လည်း စေတီပုထိုးများ တည်ရှိ၍ ပွဲတော်များလည်း နှစ်စဉ်ကျင်းပသည်။
မြင်းခြံခရိုင်တွင် နေထိုင်သူတို့မှာ များသောအားဖြင့် ဗုဒ္ဓဝါဒီမြန်မာများ၏။ လူမျိုးခြား ဘာသာခြားများ အနည်းငယ်မျှသာ ရှိသည်။ ဗုဒ္ဓဝါဒီများသဖြင့် ခရိုင်တွင်း၌ ကျောင်းကန်ဘုရား များစွာရှိသည်။ မြင်းခြံခရိုင်တွင် အကျုံးဝင်သော စွန်းလွန်းရွာမှ ဆရာတော်သည် လည်းကောင်း၊ စမ်းကျ(စံကြ) ဆရာတော်သည် လည်းကောင်း ပျံလွန်တော်မူကြသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ကမ္မဋ္ဌာန်းဘာဝနာသီလတန်ခိုးကြောင့် ဆရာတော်ကြီး ၂ ပါး၏ ရုပ်ကလာပ်တို့မှာ မပုပ်မရိ ပကတိ တည်ရှိတော် မူသောကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ ဗုဒ္ဓအယူဝါဒီတို့သည် ဆရာတော် (၂)ပါး၏ ရုပ်ကလာပ်ကို သွားရောက် ဖူးမျှော်ကြပေသည်။ သို့ဖြင့် စွန်းလွန်းဂူကျောင်းသည် ယခုအခါ မြန်မာနိုင်ငံ တစ်ဝှန်းတွင် ထင်ရှားပေသည်။ စွန်းလွန်းဆရာတော်
မြင်းခြံ ခရိုင်တွင် ပုဂံ၊ ညောင်ဦးမြို့များ တည်ရှိသောကြောင့် မကြာခဏ သမိုင်းတွင်ပါတတ်ပေသည်။ ပထမ အင်္ဂလိပ် -မြန်မာ စစ်အပြီးတွင် စာချုပ်ချုပ်ဆိုရာ ဖြစ်သော ရန္တပိုရွာသည်လည်း မြင်းခြံခရိုင်၌ တည်ရှိလေသည်။
ကိုးကား
- ကျောက်ပန်းတောင်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 13 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)