မန္တလေးခရိုင်

မန္တလေးခရိုင်သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်​သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မန္တ​လေးမြို့ဖြစ်သည်။

မန္တလေး ခရိုင်
မန္တလေးတိုင်းအတွင်းရှိ ခရိုင်
(နာရီလက်တံအတိုင်း) မန္တ​လေးတက္ကသိုလ်၊မန္တလာသီရိအားကစားကွင်း၊နန်း​တော်၊ခရိုင်တရားရုံး၊အမျိုးသားကဇာတ်ရုံ၊ကွန်ဗင်းရှင်းစင်တာ
မန္တလေး ခရိုင်
ကိုဩဒိနိတ်: 21°58′0″N 96°05′0″E
နိုင်ငံမြန်မာနိုင်ငံ
တိုင်းဒေသကြီးမန္တလေး
ဧရိယာ
  စုစုပေါင်း၉၁၂ စတုရန်းကီလိုမီတာ (၃၅၂.၁ စတုရန်းမိုင်)
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၁၇၂၆၈၈၉
အချိန်ဇုန်MST (UTC6:30)
ဧရိယာကုဒ်(များ)2 (mobile: 69, 90)[1]

ပါဝင်သောမြို့နယ်များ

မန္တ​လေးခရိုင်

ပထဝီဝင်အ​နေအထား

နယ်နိမိတ်

မန္တလေးခရိုင်သည် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ဖွဲ့စည်းပါဝင်၍ မြန်မာနိုင်ငံ၏အလယ်ဗဟို အချက်အခြာဖြစ်သောခရိုင်ဖြစ်သည်။ မြောက်ဘက်တွင် ပြင်ဦးလွင်ခရိုင်မှ မတ္တရာမြို့နယ်နှင့်အရှေ့ဘက်တွင် ပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့နယ်၊တောင်ဘက်တွင် ကျောက်ဆည်ခရိုင်မှ စဉ့်ကိုင်မြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်က စစ်ကိုင်းခရိုင်စစ်ကိုင်းမြို့နယ်များတည်ရှိသည်။အကျယ်အဝန်း ၉၁၂စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။[2]

​မြေမျက်နှာသွင်ပြင်

ပင်လယ်​ရေမျက်နှာပြင်အထက် ပျမ်းမျှ​ပေ၂၅၀အထက်တွင် တည်ရှိသည်။ မန္တလေးခရိုင်ကိုဖြတ်၍စီးသောမြစ်များမှာ ဧရာဝတီမြစ်နှင့် ယင်း၏ လက်တက်များဖြစ်သော မြစ်ငယ်နှင့် မတ္တရာ (ချောင်းမကြီး)များဖြစ်သည်။ ဧရာဝတီမြစ်သည် မန္တလေးခရိုင်၏ အနောက်ဘက် နယ်နမိတ်တလျှောက် မြောက်မှ တောင်သို့ ဖြတ်စီးသည်။ သင်္ဘောများ အမြဲအပြတ် စုန်ဆန်သွားလာနိုင်သည်။ မြစ်ထဲတွင် မြေနုကျွန်းများရှိ၍ ထိုကျွန်းများသည် မကြာခဏ နေရာရွေ့တတ်သည်။ ဒုဋ္ဌဝတီဟူ၍ခေါ်သော မြစ်ငယ်မြစ်သည် ရှမ်းပြည်နယ်မှ စီးဆင်း၍မန္တလေးမြို့ အောက်ဘက် ဧရာဝတီမြစ်ထဲသို့ စီးဝင်သည်။

ချောင်းမကြီးဟူ၍လည်း ခေါ်သော မတ္တရာမြစ်(ရှမ်းပြည်တွင် နမ့်ပယ် ဟုလည်းခေါ်သည်။) သည် ရှမ်းပြည်နယ်၌ မြစ်ဖျားခံ၍ မန္တလေးအထက် ၂၅ မိုင်ဝေးသောနေရာ၌ ဧရာဝတီဖြစ်နှင့် ပေါင်းဆုံသည်။ ဧရာဝတီနှင့် စကားပင်အကြား မိုင်း ၂ဝ မျှအထိ လှေငယ်များ ကူးသန်းသွားလာနိုင်သည်။ လယ်ယာစိုက်ပျိုးရေးအတွက် ဤချောင်းမှရေကို တူး၍ သွယ်ယူရသည်။ အရေးပါသော တူးမြောင်းများမှာ ရွှေလောင်းတူးမြောင်း၊ ရွှေတချောင်းတူးမြောင်း၊ ဒင်္ဂါးတူးမြောင်း တို့ဖြစ်လျက် မင်းတုန်းမင်းကြီးလက်ထက်ကတူးခဲ့သော တူးမြောင်းများဖြစ်၍ အလျား မိုင် ၃ဝ၊၂၆ မိုင်၊ ၁၃ မိုင် အသီးသီးရှိသည်။ ထို့အပြင် ဧရာဝတီမြစ်နှင့်ဆက်သွယ်လျက်ရှိသော မြစ်တိမ်နှင့် သင်္ဂဇာချောင်းများလည်း ရှိပေသည်။ ဤသည်တို့အပြင် မိုးရာသီ၌ ရေသိုလှောင်ရန် မန္တလေးအရှေ့ဘက်တွင် အောင်ပင်လယ်ကန်၊ အရှေ့မြောက်ဘက်ယွန်းယွန်း ၂၁ မိုင်ခန့်အကွာတွင်နန္ဒာကန်နှင့် အမရပူရအနီး တောင်သမန်အင်းများရှိသည်။ ယခုအခါ မန္တလေးတူးမြောင်းကို ဖောက်ထားပြီးဖြစ်၍ အောင်ပင်လယ်နှင့် နန္ဒာကန်တဝိုက်နေရာများတွင် စပါးစိုက်ပျိုးကြသည်။

ရာသီဥတု

မန္တလေးခရိုင်၏ ရာသီဥတုမှာ ပူပြင်းခြေက်သွေ့၍ မိုးနည်းသည်။ မိုးရေချိန် လက်မ ၃ဝ မှ ၄၁ အထိ ရွာသွန်းသည်။

စီးပွားရေး

မန္တလေးခရိုင်သည် မြန်မာပြည်အထက်ပိုင်းရှိ စီးပွား​ရေးအချက်အခြာကျ​သော ခရိုင်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့် လမ်းပန်းဆက်သွယ်​ရေးရှိ၍ စီးပွားဖြစ်ထွန်းသည်။ ခရိုင်​နေလူထုသည် ဝန်​ဆောင်မှုလုပ်ငန်းနှင့် မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများကို အများဆုံး လုပ်ကိုင်ကာ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်များတွင် စိုက်ပျိုး​ရေးလုပ်ငန်းပါလုပ်ကိုင်သည်။ ခရိုင်၏ အဓိကထွက်ကုန်မှာ စုံလင်လှသည်။ တူးမြောင်းများဖြင့် ဆန်စပါးစိုက်ပျိုးရသည်။ ထို့အပြင် မြန်မာနိုင်ငံအရပ်ရပ်မှ လူအပေါင်းတို့သည် ရှေးမြန်မာသုံးပစ္စည်းအမျိုးမျိုးကို လိုအပ်ပါကမန္တလေးမှ မှာယူ ရရှိသည်။

လမ်းပန်းဆက်သွယ်ရေး

မန္တလေးခရိုင်သည် မြန်မာတို့၏ ယဉ်ကျေးမှု စုဝေးရာဒေသဖြစ်သည်။ မန္တလေးခရိုင်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ ဧရာဝတီမြစ်ကြောင်းဖြင့် မီးသင်္ဘောများအထက်အောက် စုန်ဆန်နိုင်သကဲ့သို့ မီးရထားလမ်းဖြင့်လည်း မန္တလေး ဘူတာကြီး မှသွားနိုင်သည်။ မော်တော်ကားလမ်းများဆုံရာခရိုင်ဖြစ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမအပါအဝင် နိုင်ငံအနှံ့သို့လမ်းများစွာလည်းရှိသည်။ မန္တလေးမြို့တွင် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပြည်တွင်းသုံးလေယာဉ်ကွင်းများ ရှိသဖြင့် မြန်မာနိုင်ငံတဝန်းလုံးသို့ ခရီးလမ်း မခက်ခဲလှချေ။ လမ်းပန်းဆက်သွယ်ရေးကောင်းသည့်အလျောက် ရောင်းရေးဝယ်တာဖွံ့ဖြိုးသော ခရိုင်ဖြစ်သည်။

အထင်ကရနေရာများ

မန္တလေးခရိုင်သည် မြန်မာမင်းတို့ ဘုန်းတန်ခိုးထွန်းကားရာအရပ်ဖြစ်သည်နှင့်အညီ ခရိုင်အတွင်း၌ ထင်ရှားကျော်ဇောသည့် ဘုရားစေတီများသာမက ထင်ရှားသော အဆောက်အအုံများရှိသည်။

အမရပူရတွင် ရွှေကြက်ယက်ဘုရားရှိသည်။ မြစ်ငယ်မြစ်၏ မြောက်ဘက်ကမ်းပေါ်တွင် အနော်ရထာမင်းစော၏ မိဖုရားစောမွန်လှ တည်ခဲ့သော ရွှေစာရံ ဘုရားများလည်း တန်ခိုးကြီးထူးခြားလျက် နှစ်စဉ် တပေါင်းလတွင် ဘုရားပွဲကျင်းပသည်။ ဘုရားပွဲကျင်းပချိန်တွင် ငါးများ ကမ်းဘေးသို့ လာ၍ ဘုရားဖူးများလက်မှ အစားအစာကို ယူစားရုံမျှမက ဘုရားဖူးများက ခေါင်းတွင် ရွှေချပေးသည်ကို ခံကြသည်။ ထို့အပြင် ရွှေစာရံဘုရားတွင် တင်သောဆွမ်းကို ပုရွတ်ဆိတ်မတတ် ကျီးမစားဟူ၏။ ဘုရားပုရဝုဏ်အတွင်း ပုရွတ်ဆိတ်နှင့် ကျီးများကိုမတွေ့ရ။

မင်းတုန်းမင်းတရားကြီး သတ်မှတ်ခဲ့သော မန္တလေးနယ်မှာ ရွှေကြိုးသတ်နယ်မြေဟု ခေါ်လျက်၊ အရှေ့သိုလားသော် နတ်ထိပ်တောင်ရိုး၊ တောင်ဘက်သို့ လားသော် မြစ်ငယ်မြစ်၊ အနောက်ဘက်သို့ လားသော် ဧရာဝတီမြစ်၊ မြောက်သို့လားသော် မတ္တရာမြစ်တို့ ဖြစ်ကြလေသည်။[3]

ကိုးကား

  1. Myanmar Area Codes 1 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 July 2018 တွင် ပြန်စစ်ပြီး။
  2. "Mandalay"၊ City Population။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.