စစ်ကိုင်းခရိုင်

စစ်ကိုင်းခရိုင် သည် စစ်ကိုင်းတိုင်းဒေသကြီး၏ တောင်ဘက်ဆုံးခရိုင်ဖြစ်သည်။ အရှေ့ဘက်တွင် မန္တလေးခရိုင်နှင့် ကျောက်ဆည်ခရိုင်၊ မြောက်ဘက်တွင် ရွှေဘိုခရိုင်နှင့် တောင်ဘက်တွင် မြင်းခြံခရိုင်တို့က နယ်နိမိတ်သတ်ထားသည်။ အကျယ်အဝန်းမှာ ၁၈၂၅ စတုရန်းမိုင် ဖြစ်၍၊ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၅၂၀,၅၉၁ဖြစ်သည်။[1]

စစ်ကိုင်းခရိုင်
စစ်ကိုင်း-ရွှေဘိုလမ်းပေါ်ရှိ စစ်ကိုင်းခရိုင် အဝင် ဆိုင်းဘုတ်
စစ်ကိုင်းခရိုင်
ကိုဩဒိနိတ်: 22°00′N 95°37′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
မြို့နယ်ပေါင်း
မြို့တော်စစ်ကိုင်းမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ခရိုင်ရုံးစိုက်မြို့မှာ စစ်ကိုင်းမြို့ပင်ဖြစ်သည်။ စစ်ကိုင်းခရိုင်တွင် စစ်ကိုင်းမြို့နယ်မြင်းမူမြို့နယ် နှင့် မြောင်မြို့နယ်တို့ ပါဝင်သည်။

ဧရာဝတီမြစ်သည် စစ်ကိုင်းခရိုင်ကို ဖြတ်သန်းစီးဆင်းသည့်အပြင် မူးမြစ်နှင့် မြစ်ငယ်မြစ်များသည်လည်း စစ်ကိုင်းခရိုင် အတွင်းမှာပင် ဧရာဝတီနှင့် ပေါင်းဆုံလာသဖြင့် ရေလမ်းခရီး အဆက်အသွယ်ကောင်းမွန်လေသည်။

စစ်ကိုင်းခရိုင်အတွင်း နုံးတင်မြေနုလွင်ပြင်များမှစ၍ သစ်ပင် ဝါးပင်မပေါက်သော ကျောက်တောင်များအထိ ပါဝင်ရကား၊ မြေမျက်နှာပြင်မှာ အသွင်အမျိုးမျိုးဖြစ်နေလေသည်။ စစ်ကိုင်းတောင်တန်းမှာ ပေ ၇ဝဝ ကျော်မှ ၁၃၇၃ ပေ အထိ မြင့်သည်။ အင်းဝနယ် ဂွေးကုန်းအနီးတွင် တောင်ငယ်များစွာရှိသည့်အနက် မိုးဇာတောင်(မိုးဇက်တောင်)သည် အမြင့်ဆုံးဖြစ်၏။ မိုးအခါတွင် ဧရာဝတီမြစ်သည် စစ်ကိုင်းခရိုင်၏ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးလေ့ရှိသည်။ ဧရာဝတီမြစ်ကမ်းနှင့် မြစ်အတွင်းရှိ ကျွန်းကြီးကျွန်းငယ်များမှာ နှစ်စဉ်ရေလွှမ်းမိုးရာတွင် တင်ကျန်ရစ်သော နုံးတင်မြေနုများကြောင့် မြေဩဇာကောင်းပေသည်။ တောင်ကုန်းဒေသများမှာမူ ခြောက်သွေ့၍ သစ်ပင်ဝါးပင် ကင်းမဲ့လျက်ရှိ၏။

မိုးနည်းပါးသောဒေသ ဖြစ်သည့်အတိုင်း၊ ဂျုံစပါး၊ လူး၊ ဆပ်၊ ပဲ၊ ဝါဂွမ်း၊ မြေပဲ၊ နှမ်း စသည်တို့ကို အများဆုံးစိုက်ပျိုးကြ၍ မြေနုလွင်ပြင်များတွင် စပါး၊ ဆေးရွက်နှင့် ပဲအမျိုးမျိုးကိုစိုက်ကြသည်။ တောင်ကုန်းများနှင့် ခြောက်သွေ့သော ဒေသများတွင် ဝါဂွမ်းကို အများအပြား စိုက်ပျိုးကြသည်။ စစ်ကိုင်းနှင့်မြင်းမူနယ်များမှာ မြေပြန့်လွင်ပြင်ဖြစ်သည်။ မြင်းမူနယ်မှဝါဂွမ်းအများဆုံးထွက်ရာ ဝါစက်ကြီးများ မြင်းမူမြို့တွင်ရှိသည်။ တံငါလုပ်ငန်းနှင့် ထုံးဖုတ်ခြင်း၊ အိုးလုပ်ခြင်း၊ ထန်းတက်ခြင်းစသော လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ အင်းဝနယ်မှ သဲဆပ်ပြာကို အရပ်ရပ်သို့တင်ပို့ရောင်းချသည်။ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်အတွင်း ဆားတောင်၊ ပဒူတောင်ကြား၊ ရေခါးစသော ဒေသများတွင် ဆားချက်ကြသည်။ ကောင်းမှုတော်၊ ငတယော်နှင့် ရွာသစ်ကြီး အင်းများတွင်ကား တံငါလုပ်ငန်း အကြီးအကျယ်လုပ်ကိုင်ကြလေသည်။

စစ်ကိုင်းခရိုင်သည် မိုးနည်းပါး၍ အပူပိုင်းဒေသဖြစ်သော်လည်း၊ ဧရာဝတီ၊ မူး၊ ချင်းတွင်းစသော မြစ်ကြီးများကြောင့် လေအေးတိုက်ခတ်၍ မျှတသောရာသီဥတုရှိ၏။ တပေါင်း၊ တန်ခူး နှစ်လတွင်သာ အနည်းငယ် ပူအိုက်သည်။

စစ်ကိုင်းခရိုင်တွင် ရှေးမြန်မာမင်းများ၏ နေပြည်တော်ဖြစ်သော စစ်ကိုင်း၊ ပင်းယ၊ အင်းဝစသည့် မြို့တော်ဟောင်းများရှိ သောကြောင့် ထင်ရှားကျော်စောသည်။ ထိုမြို့ဟောင်းနေရာများ နှင့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးများတွင် မင်းအဆက်ဆက် တို့ တည်ခဲ့သော တန်ခိုးကြီးဘုရားစေတီများ ပေါများလှပေသည်။ စစ်ကိုင်းတောင်ရိုးမြောက်ဘက် မန္တလေးမြို့အထက် တစ်ဖက်ကမ်းရှိ မင်းကွန်းပုထိုးတော်ကြီးမှာ ကမ္ဘာပေါ်ရှိ အုတ်ဖြင့်ဆောက်လုပ်သော အကြီးဆုံး အဆောက်အအုံများတွင် အပါ အဝင်ဖြစ်သည်။ ဘုရားကြီး၏ မြောက်ဘက်ရှိ မင်းကွန်းခေါင်းလောင်းတော်ကြီးမှာလည်း ကမ္ဘာပေါ်ရှိ ချိတ်ဆွဲထားသည့် ခေါင်းလောင်းများတွင် အကြီးဆုံးဖြစ်၍ ထင်ရှားလေသည်။

၁၉၃၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အင်းဝတံတားကြီးသည် စစ်ကိုင်းမြို့နှင့် အမရပူရမြို့ဘက်ကမ်းကို ဆက်သွယ်ထား၍ မီးရထား၊ မော်တော်ကားတို့ ဖြတ်ကူးနိုင်သည်။ ဤတံတားကြီးဖြင့် ရန်ကုန် မြစ်ကြီးနား မီးရထားသည် တောက်လျှောက်သွားနိုင်ခဲ့ရာမှ ဒုတိယကမ္ဘာစစ်အတွင်းက ဖျက်ဆီးခြင်း ခံခဲ့ရသည်ကို မြန်မာနိုင်ငံတော်အစိုးရတို့က ပြန်လည်ပြင်ဆင် ခဲ့ရာ၊ ၁၉၅၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထိုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး ကိုယ်တိုင် တံတားကြီးကို အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့လေသည်။[2]

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.