ရွှေဘိုခရိုင်

ရွှေဘိုခရိုင်သည် မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ပါဝင်သော ခရိုင် ဖြစ်သည်။ အရှေ့ဘက်၌ ရှမ်းပြည်မြောက်ပိုင်းဒေသ၊ တောင်ဘက်၌ စစ်ကိုင်းခရိုင်နှင့် မုံရွာခရိုင်၊ အနောက်ဘက်၌ မော်လိုက်ခရိုင်၊ မြောက်ဘက်၌ ကသာခရိုင်တို့ဖြင့် ဝန်းရံလျက် ရှိ၏။

ရွှေဘိုခရိုင်
စစ်ကိုင်းခရိုင်မှ ရွှေဘိုခရိုင်သို့ အဝင် ဆိုင်းဘုတ်
ရွှေဘိုခရိုင်
ကိုဩဒိနိတ်: 23°12′N 95°31′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
မြို့နယ်ပေါင်း
မြို့တော်ရွှေဘိုမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

မူလရွှေဘိုခရိုင်တွင် ရွှေဘို၊ ရေဦးနှင့် ကန့်ဘလူနယ် သုံးနယ်သာ ပါဝင်၍ ၅၇၁၄ စတုရန်းမိုင်မျှ ကျယ်ဝန်းသော မိုးကုတ်နယ်ကို ရွှေဘိုခရိုင်အတွင်းသို့ သွင်းခဲ့သည်။ ၁၉၅၆ ခုနှစ် ခန့်မှန်းခြေ အရမူ ရွှေဘိုခရိုင်၏ လူဦးရေသည် ၆၃ဝ၁၄၈ ယောက် ရှိသည်ဟု ခန့်မှန်းကြသည်။ ရွှေဘိုခရိုင်အတွင်း ပါဝင်ခဲ့သော မြို့နယ် ၁ဝ ခုရှိရာ ယင်းတို့မှာ ရွှေဘို၊ ခင်ဦး၊ ဝက်လက်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ မိုးကုတ်နှင့် သပိတ်ကျင်းတို့ ဖြစ်သည်။ သို့သော် ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ အစပြု၍ မိုးကုတ်နှင့် သပိတ်ကျင်းမြို့နယ် တို့ကို မန္တလေးခရိုင်အတွင်း သွတ်သွင်းခဲ့လေသည်။ လက်ရှိ ရွှေဘိုခရိုင်တွင် ပါဝင်သော မြို့နယ်များမှာ ရွှေဘိုမြို့နယ်ခင်ဦးမြို့နယ်ဝက်လက်မြို့နယ်ဒီပဲယင်းမြို့နယ်နှင့် ကျောက်မြောင်းမြို့နယ်ခွဲတို့ ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရွှေဘိုခရိုင်ရှိ လူဦးရေမှာ ၁,၄၃၃,၃၄၃ ဖြစ်သည်။[1]

ပထဝီဝင်

ရွှေဘိုခရိုင်တွင် တောင်နှင့်မြောက် တန်းလျက်ရှိသော တောင်တန်းနှစ်ခုရှိ၍ အလယ်တွင် မူးမြစ် စီးဆင်း၏။ အရှေ့ ဘက်တောင်တန်းမှာ မင်းဝံတောင်တန်းဖြစ်၍ ဧရာဝတီမြစ်ဝှမ်းနှင့် ကပ်လျက်ရှိသည်။ လေသာတောင်၊ မုန်တောင်၊ ရွှေကန်တောင်များ အပါအဝင် အနောက်ဘက်ရှိ တောင်တန်းများသည် ရွှေဘိုခရိုင်နှင့် မော်လိုက်ခရိုင်ကြား နယ်နိမိတ်ပေါ်တွင် ရှိသည်။ ယင်းတောင်တန်းကြီး နှစ်ခုအကြားတွင် ကျယ်ပြန့်သော မူးမြစ်ဝှမ်းရှိသည်။ သို့ရာတွင် ရွှေဘိုခရိုင်သည် မိုးပါးရေရှား ရပ်ဝန်းဖြစ်၍ မူးမြစ်မှ တူးမြောင်းများဖြင့် ရေသွယ်၍ လယ်ယာစိုက်ပျိုး လုပ်ကိုင်ကြရသောကြောင့် ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ရေဦးနှင့် ဒီပဲယင်းမြို့နယ်များတွင်သာ စပါး အကြီးအကျယ် စိုက်ပျိုးနိုင်သည်။ ကျန်မြို့နယ်များတွင် မိုးကိုသာ အမှီပြု၍ စိုက်ပျိုးကြရသဖြင့် စပါးထွက်မမှန်ချေ။ ထိုဒေသများ တွင် နှမ်း၊ ဝါ၊ ပဲ၊ ပြောင်းတို့နှင့် အလားတူသီးနှံများကိုလည်း အားပြုစိုက်ကြရ၏။

စီးပွားရေး

ရွှေဘိုခရိုင်တစ်ခုလုံးသည် မိုးပါးရေရှားရပ်ဝန်းတွင် ကျရောက်နေရကား နေအလွန်ပူ၍ မိုးအလွန်နည်းသည်။ သို့ရာတွင် အေးသည့်အခါ၌ အလွန်အေးသည်။ ခရိုင်၏အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးပင် ဖြစ်၍ စပါး သည် အဓိကသီးနှံဖြစ်၏။ ခရိုင်အတွင်း အခြားထင်ရှားသော သီးနှံများမှာ နှမ်း၊ မြေပဲ၊ ဝါ၊ ပြောင်းဖူး၊ ပြောင်းစေ့နှင့် ပဲ အမျိုးမျိုးတို့ ဖြစ်၏။

ရွှေဘိုခရိုင်၏ အနောက်ပိုင်းနှင့် မြောက်ပိုင်းများသည် တောတောင်ထူထပ်၍ ကျွန်းသစ်နှင့် အခြား အဖိုးတန်သစ်ပင် များ ပေါက်ရောက်သည်။ သစ်လုပ်ငန်းတွင်ကျယ်၏။ ဧရာဝတီ မြစ်၏ အနောက်ဘက်ခုနစ် မိုင်ခန့်ကွာသော နေရာအချို့တွင် ကျောက်မီးသွေးများ တူးဖော်ရရှိသည်။ မြေဒူး၊ရွာသီ၊ ကျောက် အိုင်၊ တောက်ကရှပ်၊ ကန်ကြီးကုန်း၊ ကန့်ဘလူတို့သည် ရှေး မြန်မာမင်းများလက်ထက်က သံများတူးဖော် ကြိုချက်ရာဒေသ များ ဖြစ်ကြ၏။ ခရိုင်၏ အနောက်မြောက်ပိုင်းဖြစ်သော ရေဦး နယ်ရှိ အင်းကြီးနှင့် ခင်ပင်ရွာများ၊ တံဆည်နယ်ရှိ နနွင်းတော နှင့် စိမ်းနန်းရွာများ၊ ကျွန်းလှနယ် အင်လှရွာ စသည့် ဒေသ တစ်ဝိုက်တွင် ရွှေအနည်းငယ် ကျင်၍ရသည်။ ကန့်ဘလူနယ်နှင့် ကျွန်းလှနယ်မြောက်ပိုင်းတို့တွင် ရေနံထွက်သည်။ ဟန်လင်းကြီး နှင့် သခွတ်တော်(ဝက်လက်နယ်)တို့တွင် ဆားအကြီးအကျယ် ထွက်၍ ထိုနေရာများထက် အနည်းငယ် ညံ့သောဆားကို ခရိုင် မြောက်ပိုင်း နေရာများစွာ၌ ချက်လုပ်သည်။ ခရိုင်အတွင်း သစ် တောကြီးများ မရှိသောနေရာအနှံ့အပြားတွင် ထန်းတောကြီးများ ရှိသဖြင့် ထန်းလျက်သည်လည်း ရွှေဘိုခရိုင်၏ ထင်ရှားသော ထွက်ကုန်တစ်မျိုး ဖြစ်၏။ အခြားထွက်ကုန်များမှာ ဝါးနှင့် ဝါးဖြစ်ပစ္စည်း၊ သစ်စေးနှင့် ယွန်းထည်၊ ထန်းခေါက်ဖာ၊ သနပ် ခါး၊ ဆိပ်ခွန်လုံချည်၊ စဉ့်အိုး၊ ဘီး၊ စိတ်ပုတီး စသည်တို့ ဖြစ်ကြလေသည်။

လမ်းပန်းဆက်သွယ်ရေး

ဧရာဝတီမြစ်သည် ရွှေဘိုခရိုင်၏ အရှေ့ဘက်နယ်နိမိတ် တစ်လျှောက် မိုင် ၁၂ဝ မျှ စီးဆင်း၍ ထိုအပိုင်းမှာ များသော အားဖြင့် ကျဉ်း၏။ မူးမြစ်သည် ကသာခရိုင်အတွင်း၌ မြစ်ဖျားခံ၍ ရွှေဘိုခရိုင်၏အလယ်မှ ဖြတ်စီးကာ မြင်းမူမြို့အနီးတွင် ဧရာဝတီမြစ်ထဲသို့ စီးဝင်သည်။ မူးမြစ်သည် နွေရာသီတွင် အလွန်ရေနည်းသဖြင့် မြစ်တစ်လျှောက်လုံး ရေအနက်နှစ်ပေမှ လေးပေခန့်အထိသာ ရှိလေရာ အလွယ်တကူပင် ဖြတ်သန်း သွားလာနိုင်၏။ ခရိုင်အတွင်းရှိ အခြားထင်ရှားသော မြစ် ချောင်းမှာ ခေါင်းယူချောင်း၊ သောချောင်း၊ တိမ်ညင်းချောင်း၊ အင်းတော်ချောင်းတို့ ဖြစ်ကြသည်။

ရွှေဘိုခရိုင်အတွင်း၌ စစ်ကိုင်း-မြစ်ကြီးနား မီးရထား လမ်းမိုင်ပေါင်း ၁ဝဝ ကျော် ရှိသည်။ ထိုမှတစ်ပါး မော်တော် ကားများ သွားလာနိုင်သော ကျောက်လမ်း(ကတ္တရာလမ်း) မိုင် ပေါင်း ၂ဝဝ ကျော်နှင့် မြေဖို့ပေ တစ်ရာလမ်းမိုင်ပေါင်း ၁၅ဝ ခန့် ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ စစ်ကိုင်း- ရွှေဘို ကားလမ်းသည် အထူး အသုံးဝင်လှပေသည်။ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၂၆ မိုင်အကွာ ကာဘိုးရွာ အနီး၌ မူးမြစ်ရေကို ရေကာတာ (ရေတံခါး)များဖြင့် ပိတ်၍ လွှဲယူကာ ရွှေဘိုတူးမြောင်းနှင့် ရေဦးတူးမြောင်းမသို့ ရေသွင်း ပေးသည့် ကာဘိုးရေလွှဲဆည် ရှိသည်။

ထိုတူးမြောင်းမနှစ်ခုမှ တူးမြောင်းခွဲများ လက်တံများ ဖြာ၍ မူးမြစ်ဝဲယာရှိ လယ်မြေဧကပေါင်း သုံးသိန်းကျော်ကို ရေပေးသွင်းနိုင်လေသည်။ တူးမြောင်းဘောင်များပေါ်တွင် တူးမြောင်းဘက်ဆိုင်ရာ အရာရှိကြီးငယ်တို့၏ကားများ သွားလာနိုင်သောလမ်းများ ဖောက်လုပ်ထား၏။ ထိုလမ်းများပေါ်တွင် တူးမြောင်းဌာနမှ အခွင့်အမိန့်ရရှိထားလျှင် မည်သည့်ကားငယ် ကလေးများမဆို သွားလာနိုင်၍ ခရိုင်အတွင်း လမ်းပန်းဆက် သွယ်ရေးတွင် များစွာ အထောက်အပံ့ရလေသည်။ မြန်မာ မင်းများ လက်ထက်က ဖောက်လုပ်ခဲ့သော တူးမြောင်းဟောင်းကြီးသည် ကာဘိုးရေလွှဲဆည်နှင့် ရေတံခါး၏ မြောက်ဘက် မိုင် ၃ဝ ခန့်အကွာမှ ရွှေဘိုမြို့မြောက်ဘက်ရှိ မဟာနန္ဒာ ကန်တော်အထိ ရှိသော်လည်း ယခုအခါ ကောသွားပြီဖြစ်သဖြင့် များစွာ အသုံးမဝင်တော့ချေ။ ခရိုင်အတွင်း၌ မဟာနန္ဒာကန်တော်အပြင် ရေကန်ပေါင်း များစွာရှိသော်လည်း သဘာဝ အင်းအိုင်များမှ ဟန်လင်းကြီးအင်းနှင့် ကဒူးအင်းတို့သည် ခရိုင်တောင်ဘက်စွန် စစ်ကိုင်းခရိုင်နယ်စပ်တွင် ရှိ၍ ဟန်လင်းကြီးအင်းသည် ဝက်လက်မြို့နယ်တွင် ရှိ၏။ မူးတူးမြောင်းမှ ရေသွင်းသော မဟာနန္ဒာကန်မှအပ ကျန်အင်းများသည် ရေအလွန် တိမ်သည်။ သို့ရာတွင် ရေခန်းခဲ့ကြသည်။

ထင်ရှားသော နေရာများ

ရွှေဘိုခရိုင်သည် နိုင်ငံသမိုင်းတွင် ထင်ရှားသော ခရိုင် တစ်ခု ဖြစ်၍ ခရိုင်အတွင်း အနှံ့အပြားပင် ထင်ရှားခဲ့သည့် နေရာများ၊ အဆောက်အအုံနှင့် စေတီပုထိုးများစွာ ရှိလေသည်။ အထူးသဖြင့် ရှေးက မြို့ကြီးများ ဖြစ်ခဲ့သော ဟန်လင်းကြီး၊ ရွှေဘို၊ စည်ပုတ္တရာ၊ စည်သာ၊ ဒီပဲယင်း၊ မြေဒူးခေါ် သန္တီ၊ ငါးရာနဲ (ငရဲ)၊ ထန်းတပင်၊ မလည်အရပ်များတွင် ရှေးဟောင်း စေတီပုထိုးနှင့် အဆောက်အအုံဟောင်းများ ပေါများ၍ အချို့မှာ ယခုတိုင် မပျက်မစီးဘဲ ထင်ရှားလျက်ရှိ၏။ ရေဦးအနောက် ဘက် ငါးမိုင်ခန့်ရှိ ဖလံကုန်းရွာတွင် နန်းမတော်မယ်နု တည်ခဲ့ သော ဘုရားကြီးစေတီနှင့် အပြီးသို့ မရောက်ခဲ့သောကျောင်းကြီး ၏ အလွန်ကြီးမားသော တိုင်လုံးကြီးများကို ယခုတိုင် တွေ့မြင် နိုင်သည်။ ခရိုင်အတွင်းထင်ရှားသော စေတီပုထိုးများမှာ ရွှေဘိုမြို့မှ ရွှေတန်ဆာဘုရား၊ ဆိပ်ခွန်ရွာမှ အင်ကြင်းတောဘုရား၊ မြေဒူးမြို့မှ ရွှေဂူဘုရား၊ ကဗွက်မြို့မှ သီဟတောဘုရားတို့ ဖြစ်သည်။[2]

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.