မုံရွာမြို့
မုံရွာမြို့သည် မန္တလေးမြို့၏အနောက်မြောက်ဖက် ၁၃၆ကီလိုမီတာအကွာ ချင်းတွင်းမြစ်၏ အရှေ့ဖက်ကမ်းတွင် တည်ရှိသည်။ မုံရွာမြို့၏ အကျယ်အဝန်းမှာ ၄၆ စတုရန်းမိုင် (၁၂၀ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသည်။ မန္တလေးနှင့် ကလေးမြို့ ကို ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင် တည်နေသည်။
မုံရွာမြို့ | |
---|---|
မြို့ | |
မုံရွာမြို့အဝင်မုခ်ဦး | |
မုံရွာမြို့ | |
ကိုဩဒိနိတ်: 22°6′30″N 95°8′30″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
ခရိုင် | မုံရွာခရိုင် |
မြို့နယ် | မုံရွာမြို့နယ် |
လူဦးရေ (၂၀၁၄)[1] | |
• စုစုပေါင်း | ၂၀၇,၄၈၉ |
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဧရိယာကုဒ်(များ) | ၇၁[2] |
သမိုင်း
ယခု မုံရွာတည်ရှိရာ ဗုဒ္ဓ မြတ်စွာဘုရားမပွင့်မီအခါက မုံပင်ကြီး ခေါ် အပင်ကြီး တစ်ခုအောက်တွင် ရသေ့ တစ်ပါး စံတော်မှုခဲ့သည်။ မြတ်စွာဘုရားပွင့်တော်မူမည်ကို ဗျာဒိတ်တော်ပေးခဲ့သောကြောင့် ထိုနေရာကို မုံပင် ဟုခေါ်ခဲ့ကြသည်မှစ၍ မုံရွာ ဖြစ်လာသည်ဟု ဆိုကြသည်။ [3] အခြားတစ်ခုအဆိုအရ မုံသည်မ တစ်ဦးအား ပနီစကု ဘုရင်က မိဘုရား အဖြစ် တင်မြှောက်ရာမှ ၎င်းရွာကို မုန့်သည်မရွာ ဟုခေါ်ခဲ့ကြရာမှ မုံရွာ ဖြစ်လာသည်ဟု ဆိုကြသည်။ [4]
ရှေးဟောင်းပညာရှင်များ လေ့လာမှုအရ မုံရွာဒေသတွင် နှစ်တစ်သန်းလောက်မှ စ၍ လူများ နေထိုင်သည့် အထောက်အထားများ တွေ့ရှိခဲ့ကြသည်။ မုံရွာ အရှေ့ဘက်ရှိ ရွှေမြင်တင် တောင်ကုန်းတွင်း ရှေးဟောင်းလူရိုး နှင့် ဦးခေါင်းခွံများ ရှာဖွေတွေ့ရှိထားသည်။ မြေအိုး နှင့် အရိုးအိုးများကိုလည်း ကျောက္ကာရွာတွင် တွေ့ရှိခဲ့သည်။ ကွေ့ကြီးရပ်ကွက်ရှိ စုပင်ဖြူရွာတွင် ရှေးဟောင်း လူရိုးနှစ်ခုကို ကျောက်ပုစိန် လေးခု၊ ကျောက်ကွင်း လေးခု၊ မြေပုတီးများနှင့်အတူ တွေ့ရှိခဲ့သည်။ ၎င်းအချက်များက မုံရွာသည် လွန်ခဲ့သော နှစ်များစွာကပင် တည်ရှိခဲ့ကြောင်း ထင်ရှားစေသည်။
ရှေးမြန်မာမင်းလက်ထက်ကမူ ရွာကြီးမျှသာဖြစ်၍ အလုံမြို့သာလျှင် ထင်ရှားခဲ့ပေသည်။ ဗြိတိသျှတို့ လက်ထက် ခရစ် ၁၈၈၈ ခုနှစ်တွင် ချင်းတွင်းခရိုင်ကို နှစ်ပိုင်းခွဲလိုက်သည်တွင် မုံရွာမြို့ကို ချင်းတွင်းခရိုင်အောက်ပိုင်း၏ ရုံးစိုက်မြို့ အဖြစ် ရွေးချယ်ခဲ့သည်။
တည်နေရာ
မုံရွာမြို့သည် အရှေ့လောင်ဂျီကျု ၉၅ဒီဂရီ ၁၃မိနစ် နှင့် မြောက်လတ္တီကျု ၂၂ဒီဂရီ ၁၁မိနစ် အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ဆုံရာအရပ်မှ ၅၀ မိုင်အကွာတွင် တည်ရှိသည်။ မုံရွာမြို့၏ အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင်အားဖြင့် ၂၆၆၀၀ မိုင်အားဖြင့် ကျယ်ဝန်းပါသည်။ စစ်ကိုင်းမြို့မှ အနောက်ဖက် ၆၅ မိုင် ကွာဝေးသည်၊ မုံရွာမြို့သည် မြေနိမ့်ပိုင်းတွင်တည်ရှိသဖြင့် မြစ်ရေတိုးလာသောအခါ အကာအကွယ်ဖြစ်စေရန် မြစ်ကမ်းတွင် တာတမံများ ဆောက်လုပ်ထားသည်။ မုံရွာမြို့တွင် ၁၉၅၆ ခုနှစ် တပေါင်းလက မီးအကြီးအကျယ်လောင်သွားသဖြင့် လက်ရှိမုံရွာမြို့ကို ပြန်လည်တည်ဆောက်သော မြို့သစ်ဟု ခေါ်ဆိုရပေမည်။
စီးပွားရေး
၁၉၆၀ ပြည့်နှစ်တွင် မုံရွာမြို့၌ သက်ကြီးတက္ကသိုလ်တစ်ခု ဖွင့်လှစ်သည်။ မုံရွာနယ်မှထွက်ကုန်များမှာ ချည်လုံချည်၊ စောင်များ၊ ကျောက္ကာအရပ်မှ ယွန်းထည်များ၊ ဆန်စပါး၊ဂျုံ၊နှမ်း၊ ပဲ၊ပြောင်း၊ဝါ နှင့်အပူပိုင်းဒေသထွက် သစ်သီးများဖြစ်၏။ မုံရွာမြို့တွင် ရက္ကန်းစက်၊ စောင်စက်၊ဆန်စက်၊ သစ်စက်၊ ဂျုံစက်၊ ဆီစက်၊ ဆပ်ပြာစက်စသော စက်များရှိသည်။ မြို့နှင့် နယ်မှထွက်သော ပစ္စည်းများကို မုံရွာမြို့မှ ထုတ်လုပ် ဖြန့်ဖြူးသည်။မုံရွာ မှထွက်သော စောင်မှာ မြန်မာနိုင်ငံ အနှံ့ကျော်ကြားလှပေသည်။ မုံရွာမြို့က ထွက်ရှိသော ဝက်အူချောင်းသည် အလွန်နာမည်ကြီးလှပါသည်။
အချက်အလက်များ
- အိမ်ခြေ။ ၃၀၃၀၃ [5]
- လူဦးရေ။ ၁၈၀ ၉၅၀
မုံရွာမြို့ရဲ့ လူဦးရေဖွံဖြိုးတိုးတက်မှုကိုတော့ အောက်ပါအတိုင်း တွေ့ရပါသည်။
- ၁၉၈၉ ခုနှစ် - ၁၀၆,၈၄၃ ( သန်းခေါင်စာရင်းအရ...)
- ၁၉၉၃ ခုနှစ် - ၁၃၈,၅၇၆ ( ခန့်မှန်းခြေအရ...)
- ၂၀၀၉ ခုနှစ် - ၂၀၂,၉၈၃ ( တွက်ချက်မှုအရ...)[6]
- ၂၀၁၄ ခုနှစ် - ၂၀၇ ၄၈၉ ( သန်းခေါင်စာရင်းအရ...)
ပွဲတော်များ
မုံရွာနယ်တွင်ရှိသော ကျောင်းကန်ဘုရား စေတီပုထိုးတို့သည် မြန်မာနိုင်ငံတစ်ဝှန်းတွင် ထင်ရှားကျော်ကြားသောကြောင့် အနယ် နယ် အရပ်ရပ်မှ ဘုရားဖူးသွားရောက်ကြသူများမှာ မနည်းချေ။
ဆုတောင်းပြည့် ဘုရားကြီးပွဲ
၂၂၁ ခုမှစတင်၍ အသောက မှကျင်းပသော ဘုရားကြီးရပ်ကွက်ရှိ ဆုတောင်းပြည့် ဘုရားကြီးပွဲ သည် မုံရွာတွင် အကြီးကျယ်ဆုံး ပွဲတော် ဖြစ်သည်။ သီတင်းကျွတ်လပြည့်ကျော် ငါးရက်နေ့မှ ရှစ်ရက်နေ့အထိဖြစ်သည်။ သို့သော် သီတင်းကျွတ်သည်မှပင် ပွဲများ စတင်သည်။ဘုရားနှစ်ဆူဆက်သွယ်သော ဘုရားကြီးလမ်းတစ်လျှောက် ဈေးဆိုင်ခန်းများ နှင့် ကြည့်ချင်ပွဲများဖြင့် အထူးစည်ကား လှပေသည်။မုံရွာနယ် တစ်ခုလုံး ဈေးဝယ်သော ဘုရားဈေးပွဲအဖြစ် ထင်ရှားသည်။
ဗောဓိတစ်ထောင်ဘုရားပွဲ
နောက်ပွဲတော်တစ်ခုကတော့ ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်သော ဗောဓိတစ်ထောင် ရပ်တော်မူ ဘုရားကြီး ပွဲတော် တန်ဆောင်မုန်းလ၌ ထင်ရှားစည်ကားသော ပွဲတော်ကြီး တစ်ခုဖြစ်သည်။ အမြို့မြို့ အနယ်နယ်မှ လာရောက် ဖူးမျှော် ကြည့်ရှုကြသည်။
မုံရွာနယ်တွင်းရှိ မိုးညှင်းတောရ ဆရာတော်ဘုရားတည်သော သမ္ဗုဒ္ဓေစေတီကား ယခုအခါ ကျော်စောလှပေသည်။ ထိုပြင် လယ်တီဆရာတော်ဘုရား၏ လယ်တီကျောင်းတိုက်သည်လည်း မုံရွာမြို့တွင် ရှိပေသည်။ ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ ဖိုးဝင်းတောင်သည်လည်း မုံရွာနယ်တွင် ပါဝင်သည်။ မုံရွာအထက်နားရှိ အလုံ ဘိုးတော်ကြီးနတ်ပွဲမှာ အထူးပင်ထင်ရှားသည်။မုံရွာမြို့တွင်းရှိ ထင်ရှားသောစေတီတော်များမှာကား ရွှေစည်းခုံနှင့် ဆုတောင်းပြည့် စေတီတော်များဖြစ်၏။
အလုံဘိုးတော်ကြီးနတ်ပွဲ
အလုံဘိုးတော်ကြီး ရိုးရာနတ်ပွဲတော်ကို မုံရွာမြို့နယ်၊ အလုံမြို့(ရပ်ကွက်)တွင် နှစ်စဉ် တပေါင်းလပြည့်ကျော်(၇)ရက်မှ လကွယ်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လေ့ရှိပြီး မြန်မာနိုင်ငံတဝန်းလုံးမှ လာရောက်ဆင်နွှဲကြသဖြင့် မုံရွာမြို့နယ်တွင် အလွန်စည်ကားသည့်ပွဲတော်ကြီး ဖြစ်သည်။
အထင်ကရနေရာများ
- ဗောဓိတစ်ထောင်
- မိုးညှင်းသမ္ဗုဒ္ဓေ
- ကျောက္ကာ ရွှေဂူနီ
- အလောင်းတော် ကဿပ
- ဖိုးဝင်းတောင်(ဖိုလ်ဝင်တောင်)
- တွင်းတောင်
ဆက်သွယ်ရေး
မုံရွာသည် ချင်းတွင်းမြစ် အရှေ့ဖက်ကမ်းတွင် တည်ရှိသောကြောင့် ရေလမ်းဆက်သွယ်မှု ကောင်းစွာရှိသည်။ သွားလမ်းလာလမ်း လွယ်ကူပေသောကြောင့် အရေးပါအရာရောက်သော မြို့တစ်မြို့ဖြစ်၏။ ချင်းတွင်းမြစ်ပေါ် ဥဒဟို သွားလာသော လှေသင်္ဘောများသည် မုံရွာမြို့တွင် ဆိုက်ကပ်မြဲဖြစ်၏။ ချင်းတွင်းမြစ်အထက်ပိုင်းရှိ မြို့များသို့ သင်္ဘောများ မပြတ် မှန်မှန် ခုတ်မောင်းသည်။ မန္တလေးနှင့် မီးရထားလမ်း အဆက်အသွယ်ရှိသဖြင့် မန္တလေးမှတစ်ဆင့် အောက်မြို့အောက်ရွာများနှင့် ခရီးပေါက်ပေသည်။ တဖန် နယ်တွင်းရှိမြို့နယ်များနှင့် သာမကဘဲ အနီးပတ်ဝန်းကျင်ရှိ ခရိုင်များသို့လည်း မော်တော်ကားလမ်းများ ရှိသည်။ ထို့ပြင် မုံရွာမြို့သို့ လေကြောင်းခရီးပေါက်သည်။
ရထားများမှာ
ကျန်းမာရေး
အစိုးရဆေးရုံများ
- မုံရွာ မိခင်နှင့်ကလေးဆေးရုံ
- မုံရွာ အထွေထွေရောဂါကု ဆေးရုံကြီး ခေါ် (မုံရွာပြည်သူ့ဆေးရုံကြီး)[7]
အားကစား
မုံရွာ အားကစားကွင်း'သည် ဘက်စုံသုံး အားကစားကွင်း တစ်ခုဖြစ်ပြီး မုံရွာမြို့တွင် တည်ရှိသည်။ ဘောလုံးပွဲများအတွက် အများဆုံးအသုံးပြုလေ့ရှိပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် စစ်ကိုင်း ယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်းလည်း ဖြစ်သည်။
ပညာရေး
မုံရွာမြို့ရှိ တက္ကသိုလ်နှင့် ကောလိပ်များမှာ
- မုံရွာတက္ကသိုလ်
- မုံရွာစီးပွားရေးတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(မုံရွာ)
- ကွန်ပျူတာတက္ကသိုလ်(မုံရွာ)
- မုံရွာပညာရေးကောလိပ်
- သူနာပြုသင်တန်းကျောင်း (မုံရွာ)
ဓာတ်ပုံများ
- ဗောဓိတစ်ထောင် ရပ်တော်မူ နှင့် လျောင်းတော်မူ ရုပ်ပွားတော်များ
- မိုးညှင်းသမ္ဗုဒ္ဓေ ဘုရား
- မိုးညှင်း သမ္ဗုဒ္ဓေ ဘုရား အတွင်း
- ကျောက်ကာရွှေဂူနီဘုရား
- ကန်သာယာ
ကိုးကား
- The 2014 Myanmar Population and Housing Census The Union Report Census Report Volume 2။ Department of Population, Ministry of Immigration and Population။ May 2015။ p. 52။ 2016-03-06 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 2018-09-06 တွင် ပြန်စစ်ပြီး။ Unknown parameter
|dead-url=
ignored (|url-status=
suggested) (အကူအညီ) - Myanmar Area Codes။ 1 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-04-10 တွင် ပြန်စစ်ပြီး။
- မုံရွာ ရာပြည် မဂ္ဂဇင်း
- မြန်မာ စွယ်စုံကျမ်း အတွဲ ၉၊ စာ၃၃၉
- http://monywa.org
- မြန်မာ့စွယ်စုံကျမ်း စီဒီရွမ်
- မော်ကွန်းတင်ပြီးမိတ္တူ။ 2 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 January 2021 တွင် ပြန်စစ်ပြီး။
Wikimedia Commons တွင် Monywa နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |