မြင်းမူမြို့နယ်

မြင်းမူမြို့နယ် သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်ပြီး [2] မြို့နယ်ရုံးစိုက်ရာမြို့မှာ မြင်းမူမြို့ ဖြစ်သည်။

မြင်းမူမြို့နယ်
မြို့နယ်
မြင်းမူမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 21°56′N 95°35′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်စစ်ကိုင်းခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့မြင်းမူမြို့
လူဦးရေ (၂၀၁၄)[1]၁၀၆,၉၈၆
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သမိုင်းကြောင်း

မြင်းမူမြို့နယ် သည် ကောဇာသက္ကရာဇ် ၁၈၈ ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးလက်ထက် မုဌောစေတီကိုတည်ထားကိုးကွယ်ပြီး၊ မြေပူရွာကိုလည်း တည်ဆောက်ခဲ့သည်။ သက္ကရာဇ် ၄၃၇ ခုနစ် အလောင်းစည်သူမင်းကြီးလက်ထက်တွင် ဧရာဝတီမြစ်အတိုင်း ဆန်တက်လာရာ မြေပူရွာအရောက်တွင် မုဌောစေတီမှ ဓာတ်တော်ကွန့်မြူးသည်ကို ဖူးမြင်ရသောကြောင့် မုဌောစေတီကို တေဇောလူးဟုလည်းကောင်း၊ မြေပူရွာကို မြင်တော်မူရွာ ဟုလည်းကောင်း သမုတ်ခဲ့သည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၉၊ စာမျက်နှာ ၄၆၂ တွင် ထိုရွာသူတို့သည် မြင်သူတကာမူးလောက်အောင် ချောမောလှပသဖြင့် မြင်မူးရွာဟု ခေါ်ခဲ့ကြပြီး၊ နောင်တွင် မြင်းမူဟုခေါ်ဆိုကြောင်း ဖော်ပြထားသည်။[3]

ပထဝီဝင်

တည်နေရာအကျယ်အဝန်း

မြင်းမူမြို့နယ်သည် မြောက် လတ္တီတွဒ် ၂၁ ဒီဂရီ ၅၂ မိနစ်နှင့် ၂၂ ဒီဂရီ ၁၀ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၀ မိနစ်နှင့် ၉၅ ဒီဂရီ ၄၂ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၈.၁၅ မိုင်၊ တောင်မှ မြောက်သို့ ၁၆.၅ မိုင် ရှည်လျားသည်။ မြင်းမူမြို့နယ်ဧရိယာ၏ စတုရန်းမိုင်မှာ ၅.၅၈ ဖြစ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀၀နှင့် ၂၅၀ ကြားတည်ရှိပြီး အနောက်မြောက်ပိုင်းသည် အထက်ပေ ၅၀၀ ကျော်တွင် တည်ရှိသည်။

နယ်နိမိတ်

မြင်းမူမြို့နယ်၏အရှေ့ဘက်တွင် စစ်ကိုင်းမြို့နယ်၊ အနောက်ဘက်တွင် ချောင်းဦးမြို့နယ်မုံရွာမြို့နယ်၊ တောင်ဘက်တွင် ငါန်းဇွန်မြို့နယ်၊ မြောက်ဘက်တွင် အရာတော်မြို့နယ်တို့နှင့် နယ်ချင်းထိစပ်ပါသည်။

မြေမျက်နှာသွင်ပြင်နှင့် ရေဆင်း

မြင်းမူမြို့နယ်သည် အများအားဖြင့် မြေပြန့်လွင်ပြင်များဖြစ်ပြီး အနောက်မြောက်ပိုင်းသည် ကုန်းမြင့်လွင်ပြင်များ အနည်းငယ်ရှိသည်။ မြင်းမူမြို့နယ်တွင် ဧရာဝတီမြစ်သည် မြင်းမူမြို့တောင်ဘက် ရေမိုင် အထက် ၃ မိုင်နှင့် အောက်ပိုင်းတွင် ၇ မိုင်၊ မူးမြစ်သည် မြင်းမူမြို့နယ်အတွင်း ၁၃ မိုင်ခန့် ဖြတ်စီးကာ ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းသည်။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

မြင်းမူမြို့နယ်သည် ပူအိုက်ခြောက်သွေ့သော ရာသီဥတုဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ ၄၄.၅ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန်မှာ ၀၈.၅ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။


မြင်းမူမြို့နယ်တွင် ထနောင်း၊ ရှား၊ မန်ကျည်း၊ တမာ၊ ကန္တာရနှင့် ဆူးဖြူပင်များပေါက်ပြီး မြစ်ကမ်းရိုးတစ်လျောက်တွင် ကိုင်း၊ ကျူ၊ ရေသဖန်းပင်များ ပေါက်ရောက်ပါသည်။


တောရိုင်းတိရစ္ဆာန်များဖြစ်သော ယုန်၊ မြွေ၊ တောက်တဲ့၊ ကင်းလိပ်၊ ပွေး၊ ဖွတ်၊ ပတက်စသည့် ကုန်းသတ္တဝါများရှိပြီး ငါးအမျိုးမျိုး၊ ပုဇွန်၊ လိပ်စသည့် ရေသတ္တဝါများလည်း ရှိသည်။

လူဦးရေ ပျံ့နှံ့နေထိုင်မှု

မြင်းမူမြို့နယ်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းနှင့် အခြားနိုင်ငံခြားသားလည်း နေထိုင်ကြပြီး ၂၀၁၉ ခုနှစ် စစ်တမ်းအရ လူဦးရေ ၁၁၈၇၂၁ ဦး ရှိသည်။ ထို့ပြင် အိမ်ထောင်စု ၂၇၅၉၀ ရှိပြီး အိမ်ခြေမှာ ၂၆၅၇၂ ခန့် ရှိသည်။

စီးပွားရေး

မြင်းမူမြို့နယ်သည် ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး၊ မြို့နယ်၏ အဓိကထွက်ကုန်များမှာ ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ၊ ဝါမျိုးစုံနှင့် ဂျုံတို့နှင့် မွေးမြူရေးလုပ်ငန်းများလည်း ရှိသည်။

ပညာရေး

မြင်းမူမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၉ ကျောင်း၊ အထကကျောင်းခွဲ ၅ ကျောင်း၊ အလယ်တန်းကျောင်း ၁၃ ကျောင်း၊ အလကကျောင်းခွဲ ၅ ကျောင်း၊  မူလတန်းလွန်ကျောင်း ၁၇ ကျောင်း၊  အမကကျောင်း ၄၉ ကျောင်း၊ မူလတန်းကြိုကျောင်း ၂ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂ ကျောင်း ရှိသည်။

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. မြင်းမူမြို့နယ်ဒေသဆိုင်ရာ အချက်အလက်များ မြင်းမူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (စက်တင်ဘာ ၂၀၁၉)။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.