ဖောင်းပြင်မြို့

ဖောင်းပြင်မြို့သည် အထက်ချင်းတွင်းခရိုင်အတွင်းရှိ ဖောင်းပြင်မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ချင်းတွင်းမြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင် တည်ရှိပြီးလျှင် မော်လိုက်မြို့မှ မြောက်ဘက် ၇၈ မိုင်ဝေး၍ ဟုမ္မလင်းမြို့မှ တောင်ဘက် ၆၄ မိုင်ဝေးသည်။ ဖောင်းပြင်မြို့နယ်သည် ချင်းတွင်းမြစ်ကမ်း နှစ်ဘက်စလုံးပေါ်တွင် ကသာခရိုင်နှင့် အနောက်ရိုးမ တောင်ကြားဝယ် တည်ရှိသည်။ တစ်မြို့နယ်လုံး၏ အကျယ်အဝန်းသည် ၂၉၁၇ စတုရန်းမိုင်ရှိ၍၊ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ တစ်မြို့နယ်လုံးတွင် လူဦးရေ ၃၅၄၉၉ ယောက် ရှိသည်။ ဖောင်းပြင်မြို့ပေါ်တွင် ၁၃၀၇ယောက် ရှိသည်။ ချင်းတွင်းမြစ်ကမ်းပါးရှိ ၂ မိုင်ခန့် ကျယ်သော မြေပြန့်လွင်ပြင်မှတစ်ပါး အတွင်းဘက်တွင် တောင်တန်းနိမ့်များနှင့် ကျွန်းသစ်တောကြီးများ ရှိ၍ သစ်လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်ကြသည်။ ဖောင်းပြင်မြို့သည် ချင်းတွင်းမြစ်ပေါ်တွင် တည်ရှိသော်လည်း မြစ်ရေတိမ်သဖြင့် သင်္ဘောများသည် နွေအခါတွင် ကင်းတပ်မြို့အထိသာ ဆန်တက်နိုင်၍ မိုးအခါကျမှ ဟုမ္မလင်းမြို့အထိ ဆန်တက်နိုင်သောကြောင့် တစ်နှစ်ပါတ်လုံး သင်္ဘောလမ်းကို အားထားနိုင်သောမြို့ မဟုတ်ချေ။ သို့ရာတွင် လှေဖောင်များနှင့်မူ ကူးလူးဆက်ဆံနိုင်ငည်။ ဖောင်းပြင်မြို့မှ ဟုမ္မလင်းမြို့အထိ ကုန်းလမ်း အဆက်အသွယ်ရှိသည်။

ဒေသသမိုင်းအကျဉ်း

‌ဖောင်းပြင်မြို့သည် ဒုတိယကုန်းဘောင်ခေတ်အထိ ထင်ရှားခဲ့ခြင်း မရှိသေးပါ။ နယ်ချဲ့လက်ထက်မှ စတင်ကာ ဘောင်း​ပြင်ဟူသော အသုံးအနှုန်းအစား ဖောင်းပြင်ဟု ခေါ်ဆိုခဲ့ပါသည်။ သို့ရာတွင်ဖောင်းပြင်မြို့ရှိ ရာဇမုနိဘုရားမှတ်စာ ငွေပေလွှာတွင် ဘောင်းပြင်ဟု ရေးသားထားသည့်ကို တွေ့ရှိရပါသည်။ ထို့အပြင် ၁၂၉၄ ခုနှစ်တွင် ရေးထိုးခဲ့သည့် မြို့နယ်ရှိ မဟာမုနိဘုရား ကျောက်စာ စာ​ကြောင်းရေ(၄၂-၄၃) တွင်လည်း ဘောင်းပြင်မြို့ဟု ဖော်ပြထားသည့်ကို တွေ့ရှိရပါသည်။ ယင်းအထောက်အထားများအရ ဖောင်းပြင်သည် ဘောင်းပြင်ဟူသော ​ဝေါဟာရမှ အဆင့်ဆင့် ပြောင်းလဲခေါ်လာသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ယနေ့ ရုံးသုံးအမည်နာမနှင့် လူအများစုမှ ဖောင်းပြင်မြို့ဟုပင် ခေါ်​ဝေါ်သုံးစွဲလျက် ရှိကြပါသည်။ ဖောင်းပြင်မြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၈.၂.၁၉၇၃) ရက်စွဲပါစာအမှတ်၊ ၁၀၇/၁၆/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့်လည်းကောင်း၊ ကျေးရွာအုပ်စုများကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၂၈.၂.၁၉၇၃)ရက်စွဲ ပစာအမှတ်၊ ၃/၁၀၆/အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် လည်းကောင်း၊ အတည်ပြု ဖွဲ့စည်းထားပြီး ဖောင်းပြင်မြို့နယ်တွင် ရပ်ကွက်(၂)ခုနှင့် ကျေးရွာအုပ်စု (၄၀)၊ ကျေးရွာ (၁၇၈)ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။

ပထဝီဝင် အနေအထား တည်နေရာနှင့်အကျယ်အဝန်း

ဖောင်းပြင်မြို့နယ်သည် မြန်မာနိုင်ငံ၏ ​​မြောက်ပိုင်းတွင် တည်ရှိပြီး စစ်ကိုင်းတိုင်း​ဒေသကြီး၊ မော်လိုက်ခရိုင်တွင် တည်ရှိပါသည်။ ဖောင်းပြင်မြို့နယ်သည် ​မြောက်လတ္တီတွဒ် ၂၄ဒီဂရီ ၄၄မိနစ်နှင့်၂၅ဒီဂရီ ၆၅မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၃၅မိနစ်နှင့် ၉၅ ဒီဂရီ ၀၁ မိနစ်ကြားတွင် တည်ရှိပါသည်။ အကျယ်အဝန်းမှာ မိုင်အားဖြင့် (၁၆၀၂.၈၈) စတုရန်းမိုင်၊ ဧကအားဖြင့် (၁၀၂၅၈၄၆) ဧကရှိပါသည်။ အရှေ့မှအနောက်သို့ မိုင်(၄၀)ရှိပြီး တောင်မှမြောက်သို့ (၄၃)မိုင် ရှည်လျားပါသည်။

ဖောင်းပြင်မြို့နယ်၏ အရှေ့ဘက်တွင် ဗန်းမောက်မြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်၊ တောင်ဘက်တွင် မော်လိုက်မြို့နယ်၊ အနောက်ဘက်တွင် တမူးမြို့နယ်၊ မြောက်ဘက်တွင် ဟုမ္မလင်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပါသည်။

မြေမျက်နှာသွင်ပြင်

ဖောင်းပြင်မြို့နယ်သည် တောင်ကုန်းတောင်တန်းပေါများသည့် ဒေသဖြစ်ပြီး သစ်တောများဖုံးလွှမ်းမှု (၈၀.၇၀)ရာနှုန်း ရှိပါသည်။ အလယ်ရိုးမ ဇီးဖြူတောင်တန်းနှင့် အနောက်ရိုးမတောင်တန်းမှာ မြောက်မတောင်သို့ သွယ်တန်းလျက်ရှိပါသည်။ ၎င်းတောင်တန်း(၂)ခုကြားတွင် တည်ရှိပြီးထင်ရှားသော မြစ်မှာ ချင်းတွင်းမြစ်ဖြစ်ပါသည်။


ရေဆင်း

ဖောင်းပြင်မြို့နယ်သည် မြစ်ချောင်းများပေါများသော ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် ​မြောက်မှ တောင်သို့ စီးဆင်းလျက်ရှိပါသည်။ထင်ရှားသောမြစ်မှာချင်းတွင်းမြစ်ဖြစ်ပြီးဖောင်းပြင်မြို့အနီးမှ ဖြတ်သန်းစီးဆင်းပါသည်။ချင်းတွင်း မြစ်မှာ နွေရာသီတွင် အနက်(၃)ပေခန့်သာ ရှိပါ သည်။


ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ဖောင်းပြင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်(၅၁၈)ပေတွင် တည်ရှိပါသည်။ ဖောင်းပြင်မြို့နယ် အတွင်းရှိ အမြင့်ဆုံးတောင်မှာ ရွှေပလ္လင်တောင် ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၈၅၂)ပေ ရှိပါသည်။


[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၇)၊ စာမျက်နှာ (၃၀၇)

[1]


[2]

  1. "Myanmar States/Divisions & Townships Overview Map"
  2. "Paungbyin Map"
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.