ကျွန်းလှမြို့

ကျွန်းလှမြို့သည် မြန်မာနိုင်ငံအထက်ပိုင်း ရွှေဘိုခရိုင်ကန့်ဘလူနယ်အပါအဝင် ကျွန်းလှမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ကန့်ဘလူမြို့၏ အနောက်မြောက်ဖက် မိုင် ၂၀ ကျော်အကွာ မူးမြစ်၏ လက်ျာဖက်ကမ်းပေါ်တွင် တည်ရှိသည်။ သာယာသော မြို့ကလေးတစ်မြို့ဖြစ်သည်။ မူးမြစ်ကြောင်းမှတစ်ပါး လမ်းပန်းအဆက်အသွယ် မကောင်းလှ၍ တစ်ကြောင်း၊ ငှက်ဖျားရောဂါ ထူထပ်သောဒေသဖြစ်၍ တစ်ကြောင်း လူနေမစည်ကားလှချေ။ ကျွန်းလှမြို့ဟု ဆိုသော်လည်း ရွာကြီးတစ်ရွာမျှသာဖြစ်၍ လူဦးရေ ၁၀၀၀ ခန့်သာ ရှိသည်။ မြို့နယ်အရာရှိ ရုံး၊ သစ်တောဌာနရုံး၊ ရဲဌာနနှင့် ဗိုလ်တဲများ ရှိသည်။ ကျွန်းလှမြို့တွင် ရုံးဦးစေတီခေါ် ပွဲတော်ရစေတီတစ်ဆူ ရှိသည်။ ထိုပွဲတော်ကို ကန့်ဘလူနယ် မြေဒူမြို့ ရွှေဂူကြီးဘုရားပွဲတော်အပြီးတပေါင်းလပြည်ကျော် ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပမြဲဖြစ်သည်။

တည်နေရာ နှင့် အကျယ်အဝန်း

ကျွန်းလှမြို့နယ်သည် စစ်ကိုင်းတိုင်းအလယ်ပိုင်းတွင် တည်ရှိပြီး မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၁၅ မိနစ်နှင့် ၂၃ ဒီဂရီ ၅၂ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅၀ မိနစ်နှင့် ၉၅ ဒီဂရီ ၃၁ မိနစ် အကြားတွင် တည်ရှိသည်။ မြောက်ယာဉ်စွန်းတန်းသည် ရှမ်းကုန်းရွာအနီးတွင် ဖြတ်သန်းသွားသည်။ ကျွန်းလှမြို့သည် ရန်ကုန်မြို့၏ မြောက်ဘက် အနောက်ယွန်းယွန်း ၅၂၅ မိုင် ကွားေ၀းပါသည်။ ကျွန်းလှမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၅၀၀ နှင့် ၁၅၀၀ ) အကြားတွင် တည်ရှိပါသည်။ ကျွန်းလှမြို့နယ်နှင့် နယ်နမိတ်ချင်း ဆက်စပ်လျက်ရှိသော မြို့နယ်များမှာ အရှေ့ဘက်တွင် ကန့်ဘလူမြို့နယ်၊ အရှေ့မြောက်ဘက်တွင် ကောလင်းမြို့နယ်၊ မြောက်ဘက်တွင် ပင်လယ်ဘူးမြို့နယ်၊ အနောက်ဘက်တွင် မော်လိုက်၊ ကလေး၀မြို့နယ်၊ တောင်ဘက်တွင် တန့်ဆည်မြို့နယ်များ တည်ရှိပြီး အရှေ့အနောက်မိုင် ၄၀ နှင့် တောင်မြောက် ၅၄ မိုင် ရှိပါသည်။ မြို့နယ်၏ အကျယ်အဝန်း စတုရန်းမိုင်မှာ ၁၀၁၀.၅၆၃ ဖြစ်ပါသည်။ ကျွန်းလှမြို့နယ်မှာ စတုရန်းမိုင် ၁၉၈ဝ မျှ ကျယ်ဝန်း၍ သစ်တောကြီးများဖြင့် ဝန်းရံလျက်ရှိသည်။ ကျေးရွာပေါင်း ၂၇ ရွာ ပါဝင်၍ လူဦးရေ ၂၁၄၆၁ (၁၉၅၂) နေထိုင်လေသည်။ ကျွန်းလှမြို့နယ် ချောင်းကွေ့ရွာတွင် ဗမာမွတ်စလင် အများ နေထိုင်ကြသည်။

မြေမျက်နှာသွင်ပြင်

ကျွန်းလှမြို့နယ်ကို ယေဘုယျ အားဖြင့် တောတောင်ထူထပ်သည့်ဒေသဟု ခေါ်ဆိုနိုင်ပါသည်။ ကျွန်းလှမြို့နယ်အနောက်ဘက်ဒေသတွင် အလယ်ရိုးမတောင်တန်းကြီး၏ တစ်စိတ်တစ်ဒေသဖြစ်သော ဇီးဖြူတောင်တန်းကြီးသည် မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသည်။ ၎င်းတောင်တန်းတွင် အမြင့်ဆုံး ၂၃၉၄ ပေနှင့် အနိမ့်ဆုံးပေ ၁၅၀၀ အထိရှိကြောင်း မြေပုံမှတ်တမ်းတွင် တွေ့ရှိရပါသည်။ ယင်းတောင်တန်းသည် မော်လိုက် ကလေး၀မြို့နယ်များနှင့် သဘာ၀နယ်နမိတ်များအဖြစ် ခြားထားပါသည်။ ယင်းတောင်တန်း၏ အရှေ့ဘက် မူးမြစ်ဝဲယာတွင် ပေ ၅၀၀ အောက်နိမ့်သော မြေပြန့်လွင်ပြင်ကို တွေ့ရှိရပါသည်။ မူးမြစ်ဝှမ်းလွင်ပြင်သည် မြေဩဇာ အလွန်ကောင်းမွန်၍ သီးနှံစိုက်ပျိုးမှုများ များစွာ ဖြစ်ထွန်းသည်။ ကျွန်းလှမြို့နယ်၏ ကျယ်ပြန့်သော လွင်ပြင်ဖြစ်သည့်အပြင် မြို့နယ်လူဦးရေ အများစု နေထိုင်ရာဒေသဖြစ်သည်။ မူးမြစ်ထဲသို့ စီးဝင်နေသော ချောင်းများ၏ အနေအထားကို ကြည့်၍ မြို့နယ်၏ မြေမျက်နှာပြင်အနောက်ဘက် ဇီးဖြူတောင်တန်းနှင့် ဇီးဖြူတောင်တန်း၏ အဆက်အနွှယ်တောင်ကုန်းများမှ အရှေ့ဘက်ရှိ မူးမြစ်သို့ တဖြေးဖြေးနိမ့်ဆင်းသွားကြောင်း သိသာထင်ရှားပါသည်။ မူးမြစ်သည် ဇီးဖြူတောင်တန်းမြောက်ဘက်ရှိ တောင်သုံးလုံးတောင်တန်းမှ စတင်မြစ်ဖျားခံ၍ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည်။ မူးမြစ်၏ အရှေ့ဘက်ပိုင်းနှင့်အနောက်ဘက်ပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားထားနိုင်သည်။ အနောက်ပိုငး်သည် အရှေ့ဘက်ပိုင်းထက် ပိုမိုကျယ်ဝန်းသည်။

တောင်ကုန်းပေါများသည့် မြို့နယ်ဖြစ်၏။ ချောင်းမြောင်းပေါများသည်။ မူးမြစ်၏ အနောက်ဘက်တွင် ဇီးဖြူတောင်တန်း၏ အဆက်အနွှယ်တောင်ကုန်းများမှ မြစ်ဖျားခံ၍ မူမြစ်ထဲသို့ စီးဝင်ကြသည်။ ချောင်းများမှာ မြောက်မှတောင်သို့ အမည်အလိုက် နမ်းဘရမ်းချောင်း၊ နန်းကြီးသာ ချောင်း၊ ပြောင်သွယ်ချောင်း၊ ရွာဘင်းချောင်းတို့ ဖြစ်ကြသည်။ မူးမြစ်ထဲသို့ စီးဝင်ကြသော ချောင်းတိုများမှာ စရိပ်သာချောင်း၊ ဆားတွင်းချောင်းတို့ ဖြစ်ကြသည်။ မူးမြစ်ထဲသို့ အရှေ့ဘက်ပိုင်းမှ စီးဝင်သော ချောင်းများမှာ ဒေါင်းယူးချောင်း နှင့် စမြစ်ချောင်းတို့ ဖြစ်ကြပြီး ၎င်းတို့သည် ရေစီးသန်ပါသည်။ ကြီးကျယ်သော အင်းအိုင်များ မရှိ။ ကျီးပင်အင်း၊ ချောင်းဖြူအင်းနှင့် ဘတ်အင်းစသည့် မြစ်ကျိုးအင်းများကို တွေ့ရှိရပါသည်။ ကျွန်းလှမြို့မှ အနောက်ဘက် ၂၆ မိုင်ကွော၀းသည့် နောင်ကောက်ကျေးရွာအနောက်ဘက် ၃မိုင်ခန့်အကွာတွင် မိုးဦးကျမှ ဇန္နဝါရီလကုန်အထိ ရေစီးဆင်းသော တန့်တွဲရေတံခွန်တစ်ခု ရှိပါသည်။


ရာသီဥတု

ကျွန်းလှမြို့နယ်သည် စစ်ကိုင်းတိုင်း၏မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး၊ ယေဘုယျအားဖြင့် ပူအိုက်စွတ်စိုသော ရာသီဥတုမျိုးဖြစ်သည်။ ဤဒေသအတွင်း နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၄၄.၁၇ လက်မ နှင့် ပျမ်းမျှ အပူချိန် ၈၇.၅ ဒီဂရီဖာရိဟိုက်ရှိပါသည်။

  • ၁၉၇၄ ခုနှစ်မှ ၁၉၈၂ ခုနှစ်အတွင်း ဤမြို့နယ်၏ ပျမ်းမျှ

ဤဒေသအတွင်း နှစ်စဉ်မေလတတိယပတ်အတွင်းတွင် မုတ်သုန်ရာသီစတင်ဝင်ရောက်လေ့ရှိပြီး အောက်တိုဘာ လယ်ခန့်တွင် ခွါလေ့ရှိပါသည်။ နှစ်စဉ်မေ၊ ဇွန်နှင့် ဇူလိုင်လများတွင် မိုးရေချိန်ရွာသွန်းမြဲဖြစ်ပြီး ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ရွာသွန်းမြဲ၏ အထက်ရှိတတ်ပါသည်။ ဆယ်နှစ်၊ ဆယ့်ငါးနှစ်တွင် တစ်ကြိမ်ခန့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း မူးမြစ်ရေလျှံသည်အထိ မိုးကြီးတတ်ရာ ၁၉၅၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၇၁ ခုနှစ်တွင် တစ်ကြိမ်၊ သိသိသာသာထူးခြားမှု ကြုံတွေ့ခဲ့ပါသည်။ နှစ်စဉ် ဧပြီးလနှင့် မေလအတွင်း မုတ်သုန်မိုးနှင့်အတူ လေပြင်းများလည်း တိုက်ခတ်လေ့ ရှိပါသည်။ ကျွန်းလှမြို့နယ်အတွင်း ဇလဗေဒ တိုင်းတာရေးစခန်းများအဖြစ် မူးမြစ်ဝှမး်စီမံကိန်း သဖန်းဆိပ်စခန်းတွင် တစ်ခု၊ ကျွန်းလှမြို့နယ် ပြည့်သူ့ဆေးရုံဝင်းတွင် တစ်ခု ရှိပါသည်။

ကျွန်းလှနယ်တွင် ကျွန်း၊ ပျဉ်းကတိုးနှင့်သစ်ယာ၊အင်ကြင်း စသောသစ်ကောင်းများ ထွက်သည်။ ကျွန်းလှနှင့် မိုင် ၃ဝ ခန့် ကွာ သစ်ချို့ရွာမှ ကျောက်မီးသေးအနည်းငယ် တူးဖော်ရရှိ သည်။ သို့ရာတွင် ကျောက်မီးသွေးမှာ သက်နုဖြစ်၏။ ထိုနယ်မှ ဆန်စပါးနှင့် ပဲအမျိုးမျိုး၊ ခရမ်၊ မုန်လာ၊ ဂေါ်ဘီထုပ် စသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသည်။ ဝါဂွမ်း၊ နှမ်း၊ ဝါး၊ ပွဲ့လျက်၊ အင်တွဲ၊ သစ်စေး၊ ပျားရည်၊ ပျား ဖယောင်း၊ ချိပ်တို့ လည်း ထွက်သည်။

ကျွန်းလှနယ်တွင်းရှိ ပျောင်သွယ်ချောင်း၊ ဖန်သာချောင်း စည်သာယပင်းချောင်းများမှာ သစ်မျှောရာ အဓိကရေလမ်းများ ဖြစ်ကြသည်။ ထိုနယ်ရှိ ချောင်းများမှ ရွှေအနည်းငယ် ထွက်၍ မိုးကုန်၍ ရေစစ်ချိန်တွင် ရွှေကျင်လေ့ရှိကြသည်။ ယခုအခါ ကျွန်းလှမြို့အားကန့်ဘလူမြို့မှ(၁၀)မိုင်အကွာတွင်မြို့အားပြောင်းရွေ့ထားပြီးဖြစ်ပါသည်။[1]

တိရစ္ဆာန်များ

သစ်တောတွင် တွေ့ရသော တိရစ္ဆာန်များမှာ ဆင်၊ ပြောင်၊ ကျား၊ ကျားသစ်၊ သားမင်၊ ဂျီ၊ ဆိုင်၊ ဆတ်၊ ဒရယ်၊ တောဆိတ်၊ တောင်ဆိတ်၊ ဝက်ဝံ၊ တောခွေး ၊ ခွေးအ၊ ယုန်၊ တောကြောင်၊ တောဝက်၊ ခွေးတူဝက်တူ၊ ဖွတ်၊ မြွေအမျိုးမျိုး၊ ရှူး၊ ရှူးပျံ၊ ရှဉ့်နှင့်လိပ်၊ ပဒတ်များဖြစ်ပါသည်။ ငှက်သတ္တဝါများမှာ ဒေါင်းကြီး၊ ဒေါင်းမင်း၊ ငှက်ကြီးဝံပို၊ ဗျိုင်း၊ ဟင်္သာ၊ မောက်တင်၊ ကြိုးကြာ၊ တောကြက်၊ သာလိကာ၊ ရေဘဲ၊ ရေဘလုံ၊ သိမ်းငှက်၊ လင်းယုန်၊ စွန်၊ ချိုး၊ ချည်ခင်စွတ်၊ သစ်တောက်ငှက်၊ ဘီးတောင်ဘို့၊ စစ္စလီ၊ ငုံးများ ရှိကြပါသည်။ ရေသတ္တဝါများမှာ ငါးရွေး၊ ငါးကြင်း၊ ငါးဘတ်၊ ငါးရံ့၊ ငါးချောင်း၊ ငါးမောင်းမ၊ ငါးမြှီးနီ၊ ငါးလဝါ၊ ငါးရှဉ့်၊ ငါးမြွေ၊ မြွေနဂါး၊ ငါးခူ၊ ငါးစင်ရိုင်း၊ ငါးဖန့်ဝိုင်း၊ ငါးစုန်း၊ ငါးပူစီ၊ စသည့်ငါးသတ္တဝါများ ရှိကြပါသည်။ အများအပြားရှိသော သတ္တဝါများမှာ ဂျီ၊ ဒရယ်၊ ယုန်၊ ကြက်တူရွေး၊ ချိုး၊ ခါငှက်များ ဖြစ်ပြီး၊ ရှားပါးသော သတ္တဝါများမှာ ဆင်၊ စစ္စလီ၊ ဒေါင်းငှက်မှားဖြစ်ပါသည်။ အင်းဆက်ပိုးများအဖြစ် ပျားကြီး၊ ဝါးရင်းပျား၊ သစ်ခေါင်းပျား၊ လိပ်ပြာ၊ ပိတုန်း၊ မှက်၊ ခြင်၊ ယင်၊ ဖြုတ် ၊ ပိုးကုန်း၊ ပုရစ်၊ ဖလံ၊ ကျွတ်၊ တီ၊ မြှော့၊ ပုစဉ်း၊ စသော ပိုးမွှားများ ရှိကြပါသည်။

အပင်များ

မြို့နယ်၏ ရာသီဥတု မြေသဘာဝအလျောက် ပေါက်ရောက်သော အပင်များသည် များသောအားဖြင့် ပင်စောက်ပင်များ ပေါက်ရောက်ကြပါသည်။ သစ်တောအမျိုးအစားမှာ အမြဲစိမ်းနှင့် အပူပိုင်းရွက်ပြတ်သစ်တော့ အမျိုးအစားဖြစ်၍ အဖိုးတန်သစ်များ ပေါက်ရောက်ကြပါသည်။ သစ်တောဌာန၏ ကွက်စိပ်စီမံကိန်းစာရင်းအရ ကြိုးဝိုင်းအလိုက် ပေါက်ရောက်သော ရောင်းတန်းဝင် သဘာဝ ပေါက်ပင်များမှာ အောက်ပါအတို်င်းတွေ့ရှိရပါသည်။

မှတ်ချက်

ကျွန်းလှမြို့‌‌ဟောင်းသည်သဖန်းဆိတ်ရေလှောင်တမံရေဝပ်အတွင်းပျောက်ဆုံးခဲ့ပြီးဖြစ်ပါသည်။ယခုဖေါ်ပြထားသည့်ကျွန်းလှသည်မြို့ဟောင်းဖြစ်ပါသည်။

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.