မင်းကင်းမြို့
ချင်းတွင်းမြစ်၏ အောက်ဘက် မုံရွာမြို့ဟုခေါ်တွင်သည့် မြို့သလ္လာဝတီနှင့် ချင်းတွင်းမြစ်ဖျား ခန္တီးမြို့အကြား ရှေးနှစ်ပေါင်း ရှစ်ရာ၊ ကိုးရာ၊ တစ်ထောင်စသည် ဖြင့်နှစ်တမ်းကြာမြင့်သည့် ရှေးဟောင်းမြို့ကလေးများ၊ ရွာက လေးများကို ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်အဖြစ် သဘာဝမပျက် တွေ့နိုင်ပါသေးသည်။ မော်လိုက်မြို့၏အထက် ကင်းတပ်ရွာကလေးသည် လည်းကောင်း၊ ကလေးဝမြို့အထက်ဘက် မစိန်ရွာကလေးသည်လည်းကောင်း၊ မင်းကင်းမြို့သည် လည်းကောင်း၊ ရှေးမြို့ရိုး ကျုံးဘုရား၊ ကျောင်း၊ ကျောက်စာအမြောက်အမြား တွေ့နိုင်ပါသည်။ထိုအထဲတွင်မင်းကင်းမြို့ယွန်းကျောင်း၌တွေ့ရသောရှေးဟောင်းစည်တော်ကြီး၏အရှည်မှာ ယောက်ျားကြီး လက်တစ်ဖောင်စာကျော် ရှိနေသည်။
မင်းကင်းမြို့ | |
---|---|
မင်းကင်းမြို့ | |
ကိုဩဒိနိတ်: 22°52′38″N 94°29′57″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်းတိုင်းဒေသကြီး |
ခရိုင် | ကလေး |
မြို့နယ် | မင်းကင်း |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မင်းကင်းမြို့ ယွန်းကျောင်းမှ ရှေးဟောင်း စည်တော်ကြီးသည် နှစ်ပရိစ္ဆေဒ ကြာပြီ ဖြစ်သဖြင့် စည်တော်သားရေကြိုး၊ သားရေပြားများ ပိုးစား ပြတ်တောက်နေပြီး ပြန်လည် ပြုပြင်ရန်လည်း ခက်ခဲမှုရှိသဖြင့် ယွန်းကျောင်းအပြင်ဘက်တွင် ထောင်ထားသည်ကို တွေ့ရသည်။ထူးခြားသည်က နှစ်ပေါင်းကြာပြီဖြစ်သော်လည်း သစ်သားစည်ကြီးမှာ ပိုးမစားဘဲ ရှိနေသည်ကိုတွေ့ရသည်။ [1]
မင်းကင်းမြို့သည် အထက်ချင်းတွင်း ကလေးခရိုင်တွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ ချင်းတွင်းမြစ် လက်ယာဘက်ကမ်းပေါ်တွင် မောက်ကတော် ချောင်း၊ ပထိုးလုံးချောင်းတို့ ချင်းတွင်းမြစ်တွင်းသို့ စီးဝင် ပေါင်းဆုံရာအရပ်နှင့် မနီးမဝေးတွင်တည်ရှိ၍ ယခင်က ခရိုင်ရုံး စိုက်မြို့ဖြစ်ခဲ့သော ကင်းတပ်မြို့ အောက်ဘက် မိုင် ၈ဝ အကွာ၊ ကလေးဝမြို့၏ အောက်ဘက် ၄၅ မိုင်အကွာတွင် တည်ရှိသည်။ မင်းကင်းမြို့တွင် မြို့နယ်အဆင့် ရုံးများ၊ အထက်တန်းကျောင်း (၂) ကျောင်းနှင့် ဆေးရုံလည်း ရှိသည်။မင်းကင်းမြို့နယ်တွင် အဓိက အားဖြင့် လယ်ယာစိုက် ပျိုးလုပ်ကိုင်၍ အထူးသဖြင့် စပါးစိုက်ပျိုးသည်။ ချင်းတွင်းမြစ် သည် မြို့နယ်ကို ဖြတ်၍ စီးဆင်း သောကြောင့် သွားလမ်းလာလမ်း မခက်ခဲပေ။ ယခုအခါ မုံရွာမြို့ နှင့် ကလေးဝမြို့ တို့သို့ဆက်သွယ်ထားသော ကားလမ်းလည်း ရှိနေပြီဖြစ်သည်။
မင်းကင်းမြို့ရှိ ပတ္တမြားစေတီမှာ သီရိဓမ္မာသောကမင်း ကြီးတည်သော စေတီဖြစ်၍ မင်းကြီးတည်ခဲ့သော စေတီပေါင်း ၈၄,ဝဝဝ အနက် တစ်ဆူအပါအဝင် ဖြစ်သည်ဆို၏။ ၁၉၅၃ ခုနှစ်၌ ခန့်မှန်းသန်းခေါင်စာရင်းအရ မင်းကင်းမြို့တွင် လူဦးရေ ၁,၈၃၃ ယောက်ရှိသည်။[2]
ရှေးဟောင်းကျေးရွာ တရွာအဖြစ်မှ မြို့အဖြစ် ပြောင်းလဲလာသော မင်းကင်းကို ရှေးက "မင်းခင်း"ဟု ရေးလေ့ရှိသည်။ ရွှေခြင်္သေ့မည်၊ မင်းကင်းတည် ဟူသော အမှတ်အသားအရ မင်းကင်းကို ပုဂံခေတ် မြန်မာသက္ကရာဇ် ၅၃၄ (၁၉ ဖေဖော်ဝါရီ ၁၁၃၇)တွင် တည်သည်။ မြို့တည်ဇာတာတွင် ပြိဿစန်း၊ ကရကဋ်လဂ်နှင့် ၅ တေး၊ တူတွင် ခြင်္သေ့၊ မကာရ၊ မိန်တွင် စနေ၊ တနင်္ဂနွေတို့ ရှိကာ မင်းကင်းသည် မြန်မာမင်းတို့၏ ကင်းရံမြို့ ဖြစ်ကြောင်း ဆိုသည်။
ကုန်းဘောင်ခေတ်ဦး အလောင်းမင်းတရားလက်ထက်တွင် မင်းခင်းဟုသာ ရေးသည်။ အောက်တွင်ရှု
ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး(ပထမတွဲ) |
---|
“ခင်ဦးစားလည်း မိဘသားမယားဆွေမျိုးနှင့် ထွက်ပြေး၏။ ရာဇာဓိရာဇ်ရှိရာ မင်းခင်းမြို့သို့ ဝင်လေ၏။ ထိုအကြောင်းကို ဘဝရှင်မင်းတရားကြီး ကြားတော်မူလျှင် ရာဇာဓိရာဇ်သည် ငါ၏ရန်သူတော် ဖြစ်သော ခင်ဦးစား ငချစ်ညိုကို လက်ခံ သိမ်းထားလေသည်။ ရာဇာဓိရာဇ်နှင့်တကွ ခင်ဦးစား ငညိုကို ဖမ်းလေဟု သေနတ်ဝန်မင်းကျော်ပျံချီ ရှိရာ ညောင်ကန်တပ်သို့ အမိန့်တော် ပြန်လေသည်။ သေနတ်ဝန်မင်း ကျော်ပျံချီလည်း ကဆုန်လဆန်း ဆယ်ရက်နေ့(၁၁ ဧပြီ ၁၇၅၃)တွင် လက်နက်ကိုင် လူနှစ်ထောင်နှင့် မင်းခင်းသို့ အပြင်းချီလေသော် မင်းခင်းမြို့တောင် ပန်းသေချောင်းရေကို ကူး၍ ချောင်းတဖက်သို့ တက်မိလျှင် ရာဇာဓိရာဇ်၊ ခင်ဦးစားတို့လည် မခံဝံ့၍ မင်းခင်းတပ်က ထီးလင်းစော်ဘွား ညီငကျန်နေရာ သစ်ခေါက်တပ်သို့ ပြေးဝင်လေသည်။”
” |
ကိုလိုနီခေတ်က နယ်ပိုင် ဦးဘိုးလှ အုပ်ချုပ်ပြီး မြို့သူကြီး၊ တိုက်သူကြီးများ ထားရှိသည်။ နောက်ပိုင်းတွင် မြို့ဝန် ရာထူး ခန့်ရာ ပထမဆုံး မင်းကင်း မြို့ပိုင်မှာ ဦးဇေယျ ဖြစ်သည်။ မင်းကင်းသည် ဝံသာနုလှုပ်ရှားမှုများတွင် ပါဝင်ပြီး၊ ၁၉၂၃ က ဝံသာနု ခေါင်းဆောင် ဦးသာဇံ၊ ဦးဖေ(ကျီကုန်းရပ်) တို့ကို ပုဒ်မ ၁၂၄(က) အရ ဖမ်းဆီးသည်။
၁၉၃၃ တွင် မင်းကင်းမြို့လူငယ်များ တိုးတက်ရေးအသင်းကို ဦးစိုးရ၊ ဦးသစ်တို့က ဦးဆောင်ဖွဲ့စည်းသည်။ ၁၉၃၈ တို့ဗမာအစည်းအရုံး ဖွဲ့စည်းတည်ထောင်ရာတွင်လည်း သခင်ဗဟိန်း၊ သခင်ညို၊ သခင်စံလှ စသူတို့အပြင် သခင်မ ဒေါ်သိန်းခင်၊ သခင်မ ဒေါ်ရွှေအိ စသည့် အမျိုးသမီးများလည်း တက်ကြွစွာ ပါဝင်ပြီး၊ ၁၉၄၁ တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သခင် ထိပ်တင်ကိုယ်တော်ကြီးတို့ မင်းကင်းသို့ လာရောက်ကာ နိုင်ငံရေးတရား ဟောသည်။ ၎င်းနှစ်တွင် အမျိုးသားနေ့ လှည့်လည်ရာ၌ ကြွေးကြော်သံများ ရွတ်ဆို၍ သခင် ၇ ဦး ဖမ်းခံရသည်။
မင်းကင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၅၀ အမြင့်၌ တည်ပြီး၊ ၂၇ ဇူလိုင် ၁၉၇၂ တွင် စာအမှတ် ၁၀၃၊ ၁၆ စိတ် (၁)အရ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက မင်းကင်းကို မြို့အဖြစ် သတ်မှတ်သည်။[3]
အထင်ကရပုဂ္ဂိုလ်
- မြန်မာစာပါမောက္ခ ဒေါ်ပို
ကိုးကား
- 24/7 News Journal
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
- တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၈၃။