အင်းတော်မြို့
အင်းတော်မြို့ သည် အထက်မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့တစ်မြို့ဖြစ်သည်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိ၍ မန္တလေးမြို့မှ မီးရထားလမ်းအားဖြင့် ၂ဝ၆ မိုင် ဝေးကွာသည်။ ရှေးက အင်းတော်မြို့ကို မန်လည်ဟုလည်း ခေါ်တွင်ခဲ့လေသည်။ အင်းတော်သည် ယခင်က မန်လည်စီရင်စု အတွင်းရှိ ကျေးရွာ တရွာ ဖြစ်သည်။ မန်လည်မှာ အင်းတော်နှင့် ၆ မိုင် ကွာဝေးသည်။ ၁၈၉၇ ခုတွင် အင်းတော်က မြို့ ဖြစ်လာပြီး၊ မန်လည်ကို ဖျက်သိမ်းသည်။ ၁၉၁၀ ပြည့်နှစ်တွင် မြို့အုပ်ရုံးကို မီးရထားလမ်းနံဘေး ကျသော အင်းတော်သို့ ပြောင်းသည်။
အင်းတော်မြို့ | |
---|---|
အင်းတော်မြို့ | |
ကိုဩဒိနိတ်: 24°13′17″N 96°08′36″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်းတိုင်းဒေသကြီး |
ခရိုင် | ကသာခရိုင် |
မြို့နယ် | အင်းတော်မြို့နယ် |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၃၈၇ ပေ (၁၁၈ မီတာ) |
အချိန်ဇုန် | MST (UTC6:30) |
အင်းတော်မြို့သည် အင်းတော်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ မြို့ပေါ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအပြင် ပြည်ထောင်စုမြန်မာနိုင်ငံ ကောက်ပဲသီးနှံရုံး၊ သစ်တောရုံး၊ အထက်တန်းကျောင်း စသည့် အစိုးရရုံးအဆောက်အအုံများ ရှိသည်။ ၁၉၄၈ ၌ မူလတန်းကျောင်း၊ ၁၉၅၃ ၌ အလယ်တန်းကျောင်း၊ ၁ ဩဂုတ် ၁၉၅၈ ၌ အထက်တန်းကျောင်း ဖွင့်သည်။ မြို့ပေါ်တွင် ဗမာ၊ ရှမ်းနီ စသော တိုင်းရင်းသားလူမျိုးများနှင့် နိုင်ငံခြားသား တရုတ်၊ အိန္ဒိယ လူမျိုးများ နေထိုင်လျက်ရှိကြရာ ရှမ်းနီတို့သည် လူများစုဖြစ်လေသည်။
အင်းတော်မြို့နယ်သည် ယခင် ကသာခရိုင်၏အလယ်ပိုင်းကျသော မြို့နယ်ဖြစ်သည်။ မြို့နယ်၏ အကျယ်အဝန်းသည် ၆၇၉ စတုရန်းမိုင်ဖြစ်ပြီးလျှင် သူကြီးတိုက်နယ်ပေါင်း ၅၆ ခု ရှိသည်။ လူဦးရေမှာ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းအရ ၆၃၂၁၅ ယောက်ဖြစ်ရာ မြို့နယ်အတွင်း အများဆုံးနေထိုင်သူများမှာရှမ်းနီလူမျိုးများဖြစ်ပြီး ၊ ကဒူး၊ ကချင်တို့အပြင် နိုင်ငံခြားသား တရုတ်၊ အိန္ဒိယ လူမျိုးတို့လည်း ရှိသည့်အနက် ရှမ်းနီလူဦးရေသည် အများဆုံးဖြစ်လေသည်။
မြို့နယ်အတွင်း မဲဇာမြစ် ဖြတ်သန်းသွားသည်။ အင်းတော်မြို့နှင့် နဘားအကြား အင်းတော်မြို့၏ အနောက်မြောက်ဘက်တွင် မန်လည်အင်းဟုလည်းခေါ်သော အင်းတော်ရှိသည်။ အင်းတော်သည် ၎င်းမန်လည်အင်းခေါ် အင်းကြီးကို အစွဲပြု ခေါ်သည်။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ အင်းကြီးကို အင်းတော်ကြီးဟု ခေါ်သကဲ့သို့ အင်းတော်မြို့ အနောက်ဘက် တမိုင်အကွာ ရှိ အင်းကို အင်းတော်လေးဟု သမုတ်ကြသည်။ အင်းက အလျား ၄ မိုင်၊ အနံ ၂ မိုင် အကျယ် ရှိသည်။ အရှေ့ဘက်မှ စီးဆင်းလာသော စွန်မော်ချောင်းက နာရခေါင်းချောင်း၊ ကြံတောချောင်းတို့နှင့် ပေါင်းကာ အင်းအတွင်း စီးဝင်၏။ အင်းတော်အင်း၏ ထွက်ပေါက်မှ နတ်မဟုတ်ကလေးချောင်းအဖြစ် စီးပြီး တုံစီရွာ အရှေ့ဘက်ခြမ်းကို ကွေ့ဝိုက်ကာ မဲဇာချောင်းအတွင်း စီးဝင်သည်။ [1]
အင်းတော်မြို့နယ်သည် ရာသီဥတု ကောင်းမွန်မျှတသော ဒေသမဟုတ်ချေ။ သို့သော် မိုးအသင့်အတင့် ရရှိ၍ လယ်ယာစိုက်ပျိုးရေးဖြစ်ထွန်းသည်။ မြို့နယ်၏မြောက်ပိုင်းတွင် တောင်ပိုင်းထက် လယ်ယာစိုက်ပျိုးရေးကို ပိုမိုလုပ်ကိုင်ကြသည်။ အချို့ဒေသများတွင် မဲဇာမြစ်မှ ရေကိုသွယ်ယူ၍ စိုက်ပျိုးလုပ်ကိုင်ကြရလေသည်။
အခြား အရေးပါသောလုပ်ငန်းများမှာ သစ်လုပ်ငန်းနှင့် တံငါလုပ်ငန်းတို့ဖြစ်သည်။ အင်းတော်အင်းတွင် အင်းလုပ်ငန်းကို ကြီးကြီးကျယ်ကျယ် လုပ်ကိုင်ကြ၍ မဲဇာမြစ်ရိုးတလျှောက်တွင်လည်း တံငါလုပ်ငန်းကို လုပ်ကိုင်ကြသည်။
အိမ်တွင်းမှုလုပ်ငန်းအနေဖြင့် လုပ်ကိုင်လျက်ရှိကြသော လုပ်ငန်းများမှာ သင်ဖြူးရက်ခြင်း၊ ဆားချက်ခြင်း၊ ကြံသကာချက်ခြင်းတို့ ဖြစ်ကြလေသည်။
မြို့နယ် အတွင်းနှင့်အပ ကူးသန်းသွားလာရေးအတွက် မီးရထားလမ်းနှင့် မော်တော်ကားလမ်းကို အသုံးပြုကြသည်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းသည် မြို့နယ်အတွင်း မိုင်၅ဝခန့် ဖြတ်သန်းသွားသည်။ နဘားတွင် ကသာသို့ လမ်းခွဲရှိသည်။ ၇၈ မိုင်မျှ ရှည်လျားသော ကသာ-မံစီမော်တော်ကားလမ်းသည် အင်းတော်မြို့ကို ဖြတ်သန်းသွားရာ အင်းတော်မြို့တွင် ကူးတို့ဖြင့် ချောင်းဖြတ်ကူးရလေသည်။ [2]
ကိုးကား
- တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၇၇။
- မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၅)၊ ဥ-အွန်