မိုးကုတ်မြို့နယ်

မိုးကုတ်မြို့နယ် သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မန္တလေးမြို့၏ မြောက်ဖက်တွင် တည်ရှိပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ မိုးကုတ်မြို့ဖြစ်သည်။

မိုးကုတ်မြို့နယ်
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်

ပြင်ဦးလွင်ခရိုင်အတွင်းတည်နေရာ
မိုးကုတ်မြို့နယ်
ပြင်ဦးလွင်ခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 22°55′N 96°30′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်ပြင်ဦးလွင်
မြို့နယ်ရုံးစိုက်ရာမြို့မိုးကုတ်မြို့
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၁၆၇,၁၄၉[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

မိုးကုတ်မြို့နယ်သည် ကျောက်တောင်ထူထပ်၏။ ပေ ၇,၅ဝဝ ကျော်မြင့်သောတောင်များရှိသည်။ တောင်များမှာ လျှို၊ မြောင်၊ ချောက်များဖြင့် ပြတ်လျက်ရှိသည်။ ဤကျောက်များကား လိပ်သည်းကျောက်၊ ပုံဆောင်ထုံးကျောက်တို့ ဖြစ်၏။ ယင်းကျောက်များမှ ပတ္တမြား၊ နီလာ၊ ကျောက်နီအပြင် ဣန္ဒနီလာ၊ ဥဿဖယား၊ ဖရဲအူ၊ မျော၊ ပြောင်ခေါင်းစိမ်း၊ အညံ့ကျောက်၊ ရွှေတွင်းဝါ၊ နဂါးသွဲ့မှတ်မီး စသည်တို့ ထွက်သည်။ မိုးကုတ်မြို့နယ်တွင်းရှိ ကျပ်ပြင်မှာ ရှေးအခါက ပတ္တမြားကုမ္ပဏီ၏ ဌာနချုပ်တည်ရာ ဖြစ်သည်။

သမိုင်းကြောင်း

ရှေးဟောင်းတဘောင်တစ်ခု၏ အဆိုအရ မိုးကုတ်မြို့မတည်မီက မြို့နှင့်၃မိုင်ခန့်ဝေးသော သဖန်းပင်ရွာသည် အစဦးတည်သည်ဟု အဆိုရှိခဲ့သည်။၎င်းတဘောင်မှာ (ကိတ်၊နဂါး၊ကြွက်၊ သုံးဘော်ထွက်၊ကျောက်မျက်ရတနာပေါ်ထွက်လာ၊ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ပင်သဖန်းဟု မော်ကွန်းထိုးထုတ်၊ မြို့မိုးကုတ်)ဟူ၍ဆိုထားသဖြင့် မိုးကုတ်မြို့မတည်မီ သဖန်းပင်ရွာတည်ကြောင်း ထင်ရှားလှသည်။

မြန်မာသက္ကရာဇ် (၅၇၉)တွင် သဖန်းပင်ရွာတည်သည်။ရှေးဦးတည်ပုံမှာ မိုးမိတ်၊မိုးလှိုင်ကိုအစိုးရသော စော်ဘွားကြီး သိုဟန်ဖတ်လက်ထက်တွင် ၎င်းပိုင်နက်အတွင်းဖြစ်သည့် ယခုမိုးကုတ်မြို့တည်မည့်ဒေသကို ရှမ်းမုဆိုး၃ယောက်သည် တောလည်ရင်း လမ်းမှား၍ရောက်လာရာ တောင်ခြေရင်းရှိ သဖန်းပင်ကြီးအောက်၌ အိပ်ခဲ့ကြသည်။နံနက်မိုးသောက်သော် တောင်ကမ်းပါးတစ်ခုသည် ပြိုကျနေ၍ ကောင်းကင်ယံမှ ကျီး၊စွန်များသည် ထိုအရပ်တွင် ပျံဝဲနေသည်ကိုမြင်သဖြင့် သွားကြည့်ရာ နီမြန်းသောပတ္တမြားကိုတွေ့ရသည်။မုဆိုးတို့လည်း ထိုပတ္တမြားကိုယူ၍ မိုးမိတ်စော်ဘွားထံသွားရောက်ဆက်သရာ စော်ဘွားကြီးလည်း ဝမ်းမြောက်စွာဖြင့် မုဆိုးတို့အား ဆုငွေ၃၀၀ပေးပြီးလျှင် အိုးစား၃၀ကြီးမှူးသော ဟိန်တစ်ယောက်အုပ်ချုပ်စေ၍ တစ်အိုးစားဘိုးငွေ နှစ်စဉ်၃၀၀ထောက်ပံ့ကာ ပတ္တမြားမြေကို စောင့်ရှောက်ရန်ပို့ထားသောကြောင့် ထိုတောင်ခြေအရင်းရှိ သဖန်းပင်ကြီးနားတွင် ရွာတည်တော့သည်။ရှေးဦးစွာ ပတ္တမြားကိုတွေ့ခဲ့သည့် ကျီးများဝဲနေသည့်တောင်ကို ယခုတိုင် ကျီးအာတောင်ဟုခေါ်သည်။

သဖန်းပင်ရွာမှ ရှမ်းလူမျိုးများ ယခုမိုးကုတ်မြို့တည်ရာနေရာသို့ လာရောက်၍ ချိုင့်ဝှမ်းအတွင်း လယ်လုပ်ကြရာ ညနေချိန်အပြန်တွင် မိုးစောစောချုပ်သဖြင့် ထိုဒေသကို မိုးစောစောချုပ်သောမြို့ (ကံဝမ် ခံဆောက် မိန်း)ဟူ၍ ပြောစမှတ်ပြုရာမှ မိုးကုတ်ဖြစ်လာသည်။မိုးကုတ်ပတ်လည်တွင် တောင်အမြင့်ကြီးများရှိသဖြင့် နေဝင်စောသောကြောင့် အလင်းရောင်ကွယ်ကာ မိုးမြန်မြန်ချုပ်ခြင်းဖြစ်သည်။

မိုးကုတ်မြို့၏အမည်ရင်းမှာ မိန်းကွတ်ဟူသော ရှမ်းဘာသာစကားမှဆင်းသက်လာသည်ဟုလည်း မှတ်တမ်းများတွင်တွေ့ရသည်။မိန်းမှာ မြို့၊ကွတ်မှာ ကောက်ကွေ့ခြင်းဟု အဓိပ္ပါယ်ရသည်။မိန်းကွတ်မှ မိုးကုတ်ဟုခေါ်ခြင်းဖြစ်သည်။

အခြားအယူအဆတစ်ခုမှာ မိန်းကု(ပ)ဟူသော ရှမ်းဘာသာမှဆင်းသက်လာသည်။မိန်းဟူသည်မှာမြို့၊ ကု(ပ)ဆိုသည်မှာ ခမောက်ကို လှန်ထားသကဲ့သို့ ဘေးပတ်လည်တွင်တောင်များဝိုင်းထားလျက် အလယ်ချိုင့်ဝှမ်းတွင် ဒယ်အိုးကဲ့သို့ရှိနေခြင်းကြောင့် မြို့ခမောက်၊ဒယ်အိုးမြို့၊ ချိုင့်ဝှမ်းတွင်တည်ရှိသောမြို့ဟုလည်း ဆိုပါသည်။

အခြားအယူအဆတစ်ခုမှာလည်း မိန်းကတ်မှဆင်းသက်လာသည်ဟု ဆိုပြန်သည်။မိန်းမှာမြို့၊ ကတ်မှာ ချမ်းအေးခြင်း ဖြစ်ကာ အလွန်ချမ်းအေးသောမြို့ဖြစ်သည်။

ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနအနေဖြင့် ၁၉၇၂ခုနှစ် ဇူလိုင်၁၅ရက်နေ့တွင် မိုးကုတ်မြို့အား ရပ်ကွက်၃ကွက်၊ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ၁၉၉၆ခုနှစ် ဒီဇင်ဘာ၁၉ရက်နေ့တွင် မူလရပ်ကွက်၃ကွက်မှ ၅ကွက်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ထို့အပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၏ ၁၉၉၉ခုနှစ် မေလ၃ရက်စွဲပါ အမိန့်ဖြင့် မိုးကုတ်မြို့နယ်အတွင်းရှိ ကျပ်ပြင်နှင့်ကသဲကျေးရွာအုပ်စုများကို မိုးကုတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ လက်အောက်တွင် ထည့်သွင်းခဲ့သည်။[2]

ကျပ်ပြင်

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၄၅မိနစ်နှင့် ၂၃ဒီဂရီ ၀၅မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၁၀မိနစ်နှင့် ၉၆ဒီဂရီ ၄၅မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၃၀၊ တောင်မှမြောက်သို့ ၁၄.၁၂မိုင်ရှိပြီး ၄၅၃.၆စတုရန်းမိုင် ကျယ်ဝန်းသည်။[2]

နယ်နိမိတ်

မိုးကုတ်မြို့နယ်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် ရှမ်းပြည်နယ်ရှိ ကျောက်မဲမြို့နယ်၊အနောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်နှင့် မြောက်ဘက်တွင် ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမြေနှာပြင်အထက် ပျှမ်းမျှ ၃၈၅၈ပေအထက်တွင်တည်ရှိကာ တောင်ကုန်းတောင်တန်း ထူထပ်သောဒေသဖြစ်ကာ မြေပြန့်အနည်းငယ်သာရှိသောဒေသဖြစ်သည်။မြို့နယ်အတွင်းတွင် ကင်းချောင်းသည် ၁၂မိုင်ရှည်လျားပြီး တောင်မှ မြောက်သို့စီးဆင်းနေသည်။နမ့်ပိုင်ချောင်းသည် ၁၁မိုင်ရှည်လျားပြီး မြောက်မှတောင်သို့စီးဆင်းနေသည်။

ကင်းချောင်းရေတံခွန်

လူဦးရေ

မိုးကုတ်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ရှမ်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ကချင်၊ချင်း၊ရခိုင်၊ကရင်၊မွန်နှင့် ကယား လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်၊ဟိန္ဒူ၊ အစ္စလာမ်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။မြို့နယ်ဦးရေ၏ ၁၀.၉၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် စသည့်လူမျိုးများဖြစ်သည်။[2]

စီးပွားရေး

မိုးကုတ်မြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်သည်။မြို့နယ်နေလူထုသည် ကျောက်မျက်တူးခြင်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။မြို့နယ်၏ အဓိကထွက်ကုန်မှာ လက်ဖက်ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ အများဆုံး တင်ပို့ရောင်းချသည်။မြို့နယ်အတွင်းသို့ မန္တလေး၊ပြင်ဦးလွင်မှ အစားအသောက်များကို အဓိကတင်သွင်းကြသည်။မြို့နယ်အတွင်း အလုပ်ရုံ၁၇ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၂၇ရုံရှိသည်။

ဈေးများ

  • ပတ္တမြားဈေး
  • နီလာဈေး
  • ညောင်ပင်ဈေး
  • မင်းတံတားဈေး
  • ကျပ်ပြင်ဈေး
  • ကသဲဈေး
  • ပန်းခြံထာပွဲဈေး

ပို့ဆောင်ဆက်သွယ်ရေး

မိုးကုတ်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်ဖြစ်သည်။မိုးကုတ်မြို့မှ မန္တလေး၊ပြင်ဦးလွင်၊မိုးမိတ်၊မိုင်းလုံမြို့များသို့ သွားရာကားလမ်းများရှိသည်။

ပညာရေး

အထက

အထက်တန်းကျောင်း ၇ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ၃
  • အထက ၄
  • အထက ကျပ်ပြင်
  • အထက ကသဲ
  • အထက ကင်း

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ဘော်ဗဒါန်း
  • အလက (ထ(ခွဲ)) ပန်လင်
  • အလက (ထ(ခွဲ)) ချောင်းကြီး
  • အလက (ထ(ခွဲ)) ကျပ်ပြင်
  • အလက (ထ(ခွဲ)) ကျောက်ပြဿဒ်
  • အလက ရှမ်းတော

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၁၇ကျောင်းရှိသည်။

ကျန်းမာရေး

ဆေးရုံများ

  • ခုတင် ၁၀၀ဆေးရုံ
  • ကျပ်ပြင်တိုက်နယ်ဆေးရုံ

ထင်ရှားသောနေရာများ

  • ဖောင်တော်ဦးဘုရား
  • ချမ်းသာကြီးဘုရား
  • နဂါးရုံဘုရား

  • မဟာမုနိဘုရား
  • ရွှေဂူကြီးဘုရား
  • ဒေါ်နန်းကြည့်တောင်ဘုရား

  • ပင့်ကူတောင်ဘုရား
  • ကျောက်ပြဿဒ်ဘုရား

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
  2. မိုးကုတ်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။

ပြင်ပလင့်ခ်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.