လားရှိုးမြို့

လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် နီးစပ်သော ကုန်သွယ်ရေးရှိပြီး တရုတ်နိုင်ငံ၏ အာဆီယံသို့ ကုန်သွယ်ရေးဝင်ပေါက် လမ်းကြောင်းပေါ်မှ မြို့အဖြစ်လည်း ကျော်ကြားသည်။ ထို့ကြောင့် စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။

လားရှိုးမြို့
မြို့
လားရှိုးမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 22°56′N 97°45′E
နိုင်ငံအမည် မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်လားရှိုး
လတ္တီကျု(၂၂)ဒီဂရီ၊ (၅၆)မိနစ်
လောင်ဂျီကျု(၉၇)ဒီဂရီ၊ (၄၅)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့လားရှိုးမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)
လားရှိုးမြို့အဝင် မုခ်ဦး

မြို့သမိုင်း

ရှေးယခင် သီပေါ၊ သိန္နီ၊ မိုင်းရယ်၊ နမ့်ခမ်း အစရှိသည့် ရှမ်းစော်ဘွားများအုပ်ချုပ်စဉ်က လွယ်ရိုး အမည်ရှိ ရွာလေးသာဖြစ်သည်။ ၁၉၀၄တွင် အင်္ဂလိပ်တို့က သိန္နီစော်ဘွား၏ အုပ်ချုပ်မှုအောက်မှခွဲထုတ်ပြီး အင်္ဂလိပ်အရေးပိုင်တစ်ဦးထားရှိအုပ်ချုပ်စေခဲ့သည်။ ဒုတိယကမ္ဘာစစ်မတိုင်မှီ တရုတ်-မြန်မာလမ်းမကြီး ဖောက်လုပ်ပြီးသည့်နောက်တွင် စီးပွားရေးကောင်းမွန်လာသဖြင့် လူနေထူထပ်လာသောကြောင့် လားရှိုးအမည်ဖြင့် မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင် လက်ထပ်က တရုတ်-မြန်မာစစ်ပွဲကာလအတွင်းတွင် စစ်စခန်းထောက်ရွာအဖြစ်လည်းကောင်း၊ ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန်၊ တရုတ်နှင့် မဟာမိတ်တပ်များ၏ စစ်စခန်းချရာအဖြစ် လည်းကောင်း မှတ်တမ်းများရှိခဲ့သည်။

တည်နေရာနှင့် အကျယ်အဝန်း

မန္တလေးမြို့မှ အရှေ့မြောက် ၁၈၆မိုင် အကွာ၊ ပင်လယ်ရေမျက်နှာပင်အမြင့် ၁၈၀၆ပေတွင်တည်ရှိသည်။ မြို့နယ်တစ်ခုလုံး အနေဖြင့် မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၃၆မိနစ် ၅၃စက္ကန့် နှင့် ၂၃ဒီဂရီ ၄မိနစ် ၂၇စက္ကန့် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၃၁မိနစ် ၁၀စက္ကန့် နှင့် ၉၈ဒီဂရီ ၃၁မိနစ် ၄၈စက္ကန့် အကြားတွင်တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁၆၃၃.၄၁ စတုရန်းမိုင် ရှိသည်။

လားရှိုးမြို့ မြင်ကွင်းကျယ်

ဖွဲ့စည်းပုံ

  • မြို့ကို ရပ်ကွက်ကြီး (၁၂)ခုဖြင့်ဖွဲ့စည်းထားပြီး တိုးချဲ့ရပ်ကွက်များနှင့် မြို့ပြဧရိယာထဲ ထည့်သွင်းထားသည့် ကျေးရွာများလည်း ရှိသည်။ အကြမ်းအားဖြင့် တောင်ပေါ်နှင့် မြေပြန့်ပိုင်း နှစ်ပိုင်းရှိသည်ဟု ဆိုနိုင်သည်။ ဒေသခံများက မြေပြန့်ပိုင်းကို လားရှိုးကြီးဟုလည်းကောင်း ၊အစိုးရရုံးများရှိရာ အမြင့်ပိုင်းကို မူလအခေါ် လွယ်ရိုးဟုလည်းကောင်း ခေါ်ကြသည်။
  • ရောင်းဝယ်ရေးအတွက် မြို့မဈေးကြီး၊ ပျံကျကုန်စိမ်းဈေး၊ မန်ဆူဈေးကြီး၊ ဘူတာဈေး အပါအဝင် ရပ်ကွက်အချို့တွင်လည်း ဈေးငယ်များရှိပါသည်။ သို့သော် မြို့မဈေးကြီးမှာ အစည်ကားဆုံးနှင့် ရောင်းဝယ်ဖောက်ကားရန် အကောင်းဆုံးဖြစ်သည်။ ထို့ပြင် မန်ဆူဈေးကြီး အနီးတွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် ကုန်စည်ဒိုင်တစ်ခုကို ဖွင့်လှစ်ထားသည်။ ညပိုင်းတွင်သာ ခင်းကျင်းရောင်းချသည့် အောင်သီရိရုပ်ရှင်ရုံရှေ့ညဈေးမှာ အထူးစည်ကားသည်။
  • ရုပ်ရှင်ရုံ လေးရုံရှိပြီး ယင်းတို့မှာ အောင်သီရိရုပ်ရှင်ရုံ၊ ရထိုက်ရုပ်ရှင်ရုံ (ယခင် စိန်မြဝင်းရုပ်ရှင်ရုံ)၊ သီတာအေးရုပ်ရှင်ရုံနှင့် သိန်းထိုက်ရုပ်ရှင်ရုံ တို့ဖြစ်ကြသည်။

လူမျိုးများ

နေထိုင်သည့် လူမျိုးများမှာ ဗမာ၊ ရှမ်း၊ တရုတ်၊ ကချင်၊ ကိုးကန့်၊ ဂေါ်ရခါး နှင့် ကုလား လူမျိုးများ အဓိကနေထိုင်ပြီး အခြားတိုင်းရင်းသားများလည်း အနည်းငယ် နေထိုင်ကြသည်။

စီးပွားရေး

မြန်မာနိုင်ငံတဝှမ်းမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်စည်များ၏ စီးဆင်းရာအဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာအဖြစ်လည်းကောင်း ကျော်ကြားသည်။ ထို့ပြင် ဒေသထွက်ကုန်စည်များ၊ စိုက်ပျိုးရေးထွက်ကုန်များကို ပြည်တွင်း နှင့် ပြည်ပ(တရုတ်နိုင်ငံ) များသို့တင်ပို့သည်။

ပညာရေး

အခြေခံပညာ

  • အစိုးရအထက်တန်းကျောင်း ၉ ကျောင်း ရှိသည်။ တရုတ်လူမျိုးများအတွက် မူလတန်းအဆင့် မြန်မာစာနှင့် တရုတ်စာတွဲဖက်သင်ကြားသည့် တရုတ်စာသင်ကျောင်း ၄ကျောင်းရှိသည်။ ထို့ပြင် အစ္စလာမ်ဘာသာဝင်များအတွက် အလယ်တန်းအဆင့် မြန်မာစာ နှင့် ကိုရမ်ကျမ်း တွဲဖက်သင်ကြားသည့် ကျောင်းတစ်ကျောင်းရှိသည်။

အဆင့်မြင့်ပညာ

ဘာသာရေး

ဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်ကြပြီး အခြား ခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာဟိန္ဒူဘာသာ၊ ဂေါ်ရခါးဘာသာ များလည်းရှိကြသည်။ တရုတ်လူမျိုးများက မဟာယနဗုဒ္ဓဘာသာနှင့် ၎င်းတို့၏ ထုံးတမ်းစဉ်လာများကို လိုက်နာကြသည်။ မြန်မာဘုန်းတော်ကြီးကျောင်းများ၊ ရှမ်းတိုင်းရင်းသားဘုန်းတော်ကြီးကျောင်းများနှင့် စေတီပုထိုးများကို နေရာအနှံ့တွေ့နိုင်သလို အစ္စလာမ်ဗလီများ၊ ဟိန္ဒူ နှင့် ဂေါ်ရခါးဘုရားကျောင်းများ အပါအဝင် တရုတ်ဘုံကျောင်းများလည်းရှိသည်။

စာပေ နှင့် ယဉ်ကျေးမှု

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အပါအဝင် တရုတ်၊ ကုလားတို့၏ယဉ်ကျေးမှုများကိုလည်း လွတ်လပ်စွာ ခွင့်ပြုထားသည်။ မြို့တော်ခန်းမ နှင့် ပြဇာတ်ရုံတစ်ခုလည်း ရှိသည်။

မြန်မာစာနှင့် စကား ၊ ရှမ်းစာပေနှင့် စကား တို့မှာ အသုံးများပြီး တရုတ်စကားမှာလည်း တွင်ကျယ်သော စာပေနှင့် စကားအဖြစ်သုံးစွဲကြသည်။

ဆက်သွယ်ရေး

တရုတ်နိုင်ငံနှင့်ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင်တည်ရှိသဖြင့် ကားလမ်းမှာ အများဆုံးအသုံးပြုသည့် သွားလာဆက်သွယ်ရေး ဖြစ်သည်။ ထို့ပြင် မန္တလေးမှလာသည့် မီးရထားလမ်း၏ အဆုံးမြို့လည်းဖြစ်သဖြင့် မီးရထားဖြင့်လည်း သွားလာနိုင်သည်။ ရာသီမရွေးအသုံးပြုနိုင်သည့် လေယာဉ်ကွင်းတစ်ခုလည်းရှိပါသည်။

ရာသီဥတု

တောင်ပေါ်ဒေသဖြစ်သည့်အတွက် ကြမ်းတမ်းသည့် ရာသီဥတုမျိုးရှိသည်။ ဆောင်းတွင်းကာလများတွင် ရေခဲမှတ်နီးနီးအေးလေ့ရှိသလို၊ မိုးရာသီတွင်လည်း ရက်ရှည်မိုးရွာသွန်းမှုမျိုးကို ကြုံရတတ်သည်။ နွေဦးကာလများတွင် အနည်းငယ်သာယာပြီး နွေလယ်ပိုင်းတွင် အပူချိန်အတန်ငယ်မြင့်ပါသည်။

အားကစား

ပြည်နယ်အဆင့် ဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမတစ်ခုလည်းရှိသည်။ ရပ်ကွက်အလိုက် အခြားဘောလုံးကွင်းငယ်များလည်းရှိသည်။ ဘောလုံး နှင့် ဘက်စကတ်ဘောမှာ လူကြိုက်များသည့် အားကစားများဖြစ်သည်။ ထို့ပြင် သေနတ်ပစ်ကွင်း၊ ရေကူးကန် နှင့် လားရှိုးဂေါက်ကွင်းတို့လည်း ရှိသည်။ နိုင်ငံတကာ အဆင့်မီ စားပွဲတင်တင်းနစ် (Table Tennis) နောင်ရိုး ကလပ်လည်းရှိသည်။

စေတီပုထိုးများ

  • မန်ဆူဘုရား(စေတီ)
  • ရန်တိုင်းအောင်ဘုရား(စေတီ)
  • ရန်အောင်မြင်ဘုရား(စေတီ)
  • တောင်ပေါ်ဘုရား(စေတီ)
  • ရေကန်တောင်ဘုရား(ဆုတောင်းပြည့်ဘုရား/စေတီ)
  • နဂါးရုံဘုရား
  • သာသနာ့ဗိမ္မာန်
  • လားရှိုး မဟာမြတ်မုနိဘုရား

အထင်ကရနေရာများ

လားရှိုးရေပူစမ်း
လားရှိုးမိုတယ်လ်
  • လွတ်လပ်ရေးပန်းခြံ(ယခင် နန်းဟေဝန်ပန်းခြံ)
  • လားရှိုးမိုတယ်လ်
  • ရေပူချောင်း
  • ဟူးမွန်ဆည်
  • ဆင်နှစ်ကောင် အပန်းဖြေစခန်း(ဟူးမွန်ဆည်အနီး)
  • ဆင်တောင်
  • ရေကန်တောင်
  • မန်ဆန်ရေကျ(ရေတံခွန်)
  • တရုတ်ဘုံကျောင်း
  • ကျောက်တောင်
  • အေတီချောင်း

လားရှိုးမြို့

လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးခရိုင်၏ ရုံးစိုက်မြို့ဖြစ်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ် သည်။ ပင်လယ်ပြင်မှ အမြင့်ပေ ၂၈ဝဝ ထက်တွင် တည်ရှိသည်။ လားရှိုးမြို့သည် မန္တလေးမှ ခွဲထွက်လာသော မီးရထားလမ်းတစ် ကြောင်း၏ အဆုံးဘူတာဖြစ်သည်။ မန္တလေးမှ ရထားလမ်းအားဖြင့် ၁၇၅ မိုင် ကွာဝေးသည်။ သို့သော် ဘူတာရုံသည် မြို့နှင့်နှစ်မိုင်ခန့်ကွာဝေးသော နေရာတွင်တည်ရှိသည်။ နေ့စဉ် မီးရထားများရှိသည့်အပြင် မေမန်းသယ်ယူပို့ ဆောင်ရေးမှ ခရီးသည်တင်မော်တော်ကားကြီးများကလည်း ခရီးသည်များကို နေ့စဉ် သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ ထိုမျှသာမကသေး ရှမ်းပြည်နယ် ရှိ အခြားမြို့များဖြစ်သော သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကွမ်းလုံ၊ မိုင်းရယ်၊ နမ္မတူ၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲ စသောမြို့များသို့လည်း နေ့စဉ်အချိန်မှန် ခရီးသည်တင်ကားများ ပြေးဆွဲလျက်ရှိသည်။ တစ်နှစ်ပတ်လုံး အသုံးပြုနိုင်သည့် လေဆိပ်လည်းရှိသဖြင့် သွားလာမှု ပို၍လွယ်ကူ လေသည်။ ခရိုင်ရုံး စိုက်မြို့ ဖြစ်သည်နှင့်အညီ အစိုးရရုံးများ၊ အစိုးရအထက်တန်းကျောင်များ၊ ဆေးရုံ၊ အပန်းဖြေဥယျာဉ်၊ ဧည့်ဂေဟာ၊ ဧည့်သည်များ တည်းခိုရာ အိမ်များနှင့် တိုက်တာအဆောက်အအုံ အိမ်ကြီးအိမ်ကောင်းများ ရှိသည်။ လားရှိုးမြို့သည် သို့အားဖြင့် စည်ကားသော ရှမ်းမြို့တစ်မြို့ဖြစ် သည်။ ရာသီဥတုလည် မျှတကောင်းမွန်သည်။ သစ်တောများ ဝိုင်းလျက်ရှိ သောကြောင့် စိုပြည်စိမ်းလန်း၍ ရှုခင်းသာသည်။ လားရှိုးမြို့၌ ရှမ်း၊ မြန်မာ၊ ပလောင်၊ ကချင်၊ လီရှော၊ ရှမ်းတရုတ်၊ ကုလား စသည့်လူမျိုးပေါင်းစုံ နေထိုင်သည်။ လူဦးရေမှာ ၃ဝ၁ဝ၉ (၁၉၆၇ ခုနှစ်) ယောက်ရှိသည်။ လားရှိုးနှင့် နှစ်မိုင်ခန့်အကွာတွင် မန်ဆူစေတီတော်တစ်ဆူ တည် ရှိသည်။ ရှေးမင်းများလက်ထက်က နတ်သိကြားများကိုယ်တိုင် တည်သည်ဟု အဆိုရှိသည်။ သုံးမိုင်ခန့်အကွာတွင် ရေပူတွင်းများရှိ၍ အချိန်မရွေး သွားနိုင်သည်။ ၂၇ မိုင်ခန့် ဝေးကွာသောအရပ်တွင်လည်း ထင်ရှားသော သိန္နီရေပူစခန်းရှိသည်။ ဗြိတိသျှလက်ထက်ကမူ လားရှိုးမြို့သည် စစ်တပ်စခန်းမြို့ဖြစ်သည်။ ယခင်အခါ စော်ဘွားများကြီးစိုးစဉ်က လားရှိုးမြို့သည် သိန္နီနယ်တွင် ပါဝင်၍ ရှမ်းပြည်မြောက်ပိုင်း၏ မြို့တော်ဖြစ်သော်လည်း ၁၉၄ဝ ပြည့်နှစ်ထိ လူဦးရေ ၃၅ဝဝ ခန့်သာရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အင်္ဂလိပ်များမဆုတ်ခွာမီက တရုတ်-မြန်မာ လမ်းမကြီးကို ဖွင့်လှစ်လိုက်သောအခါ လမ်းမကြီးပေါ်တွင် တည်ရှိသော လားရှိုးမြို့သည် နေ့ခြင်းညခြင်းပင် စည်ကားလာပေတော့သည်။ စစ်အတွင်းက ဗုံးဒဏ်ပြင်းထန်စွာခံခဲ့ရ၍ တလင်းပြင်တမျှ ကျန်ခဲ့သော်လည်း စစ်ပြီးကာလတွင် ပြန်လည်၍ မြို့ကို တည်ထောင်နိုင်ခဲ့သောကြောင့် ယခုအခါ စည်ကားနေပေပြီဖြစ်သည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.