နမ့်ခမ်းမြို့
နမ့်ခမ်းမြို့ (အင်္ဂလိပ်: Namhkam ၊ ရှမ်း: ၼမ်ႉၶမ်း) သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်းမြို့နယ် ၏ မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်သည်။
နမ့်ခမ်းမြို့ ၼမ်ႉၶမ်း | |
---|---|
မြို့ | |
နမ့်ခမ်းမြို့ | |
ကိုဩဒိနိတ်: 23°50′00″N 97°41′00″E | |
နိုင်ငံအမည် | မြန်မာ |
ပြည်နယ် | ရှမ်း |
ခရိုင် | မူဆယ် |
မြို့နယ် | နမ့်ခမ်း |
မြို့နယ်ရုံးစိုက်ရာမြို့ | နမ့်ခမ်းမြို့ |
လူဦးရေ (၂၀၁၄) | ၁၀၇,၀၀၉ [1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ရာဇဝင်
ယခင်က ဤနေရာတစ်ဝိုက်တွင် ရွှေထွက်သောကြောင့် ရွှေထွက်သောချောင်းဟုခေါ်ကြသည်။ (နမ့် = ချောင်း+ခမ်း = ရွှေ)
တည်နေရာနှင့် လမ်းပန်းဆက်သွယ်ရေး
မူဆယ်မြို့မှ အနောက်ဖက် ၁၉ မိုင်ခန့်အကွာ၊ ရွှေလီမြစ်တောင်ဖက်ကမ်းတွင်တည်ရှိသည်။ မြောက်ဖက်တွင် ရွှေလီမြစ်ကူးပြီး တရုတ်နိုင်ငံ၊ နောင်တောင်းမြို့သို့သွားလာနိုင်သည်။ ကချင်ပြည်နယ်နယ်စပ် မန်ဝိန်းကြီး(မၢၼ်ႈဝဵင်းလူင်)နှင့် ၅ မိုင်ခန့်ဝေးသည်။ မန်ဝိန်းကြီးမှ တဆင့် ဗန်းမော်သို့ လမ်းကြမ်းအဖြစ် အသုံးပြုနိုင်သည်။ နမ့်ခမ်း-နမ့်ဖတ်ကာလမ်းဖြင့် မူဆယ်-မန္တလေးကားလမ်းပေါ်ရှိ နမ့်ဖတ်ကာသို့ ဖြတ်လမ်းရှိသည်။ ထို့ပြင် နမ့်ခမ်း - မုန်းဝီး- နမ့်ဟိုင်း- နမ္မတူ - သီပေါလမ်းကိုလည်း လမ်းကြမ်းအဖြစ် အသုံးပြုနိုင်သည်။
ထင်ရှားသောနေရာများ
- နမ့်ခမ်းဆေးရုံကြီး - ကိုလိုနီခေတ်နှင့်ပါလီမန်ခေတ်က အမေရိကန်သာသနာပြုဆေးရုံဖြစ်သည်။ ကျောက်လုံးများဖြင့်လှပစွာတည်ဆောက်ထားသည်။
- မြို့လယ်ဘုရား
- စောမွန်လှဘုရား
- မြို့၏အနောက်ဘက်တွင် ရေပူစမ်းရှိသည်။ မြို့၏အနောက်မြောက်ဖက် ၁၇ မိုင်ခန့်အကွာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၆၀၀ ရှိသည့် ရွှေလီ(၁)ရေအားလျှပ်စစ်စက်ရုံတည်ရှိသည်။
လူမျိုးများ
ရှမ်းလူမျိုးများ အဓိကနေထိုင်သည်။ မြန်မာပြည်ပေါက်တရုတ်များ၊ အစိုးရဝန်ထမ်းများနှင့် ပြည်မမှလာရောက်နေထိုင်သော ဗမာများနေထိုင်ကြသည်။ ပတ်ဝန်းကျင်ရွာများနှင့် တောင်ပေါ်များတွင် ကချင်လူမျိုးများ၊ ပလောင်လူမျိုးများနေထိုင်ကြသည်။
စီးပွားရေးလုပ်ငန်းများ
အဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖြစ်သည်။ စက်မှုလယ်ယာဖြင့် စပါးကိုတစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး တရုတ်နိုင်ငံသို့တင်ပို့ရောင်းချသည်။ ပတ်ဝန်းကျင်တောင်များတွင် ရာဘာ၊ ပြောင်းစသည်များ စိုက်သည်။ ပလောင်လူမျိုးများက လက်ဖက်အဓိကစိုက်သည်။ ထို့ပြင် တရုတ်နိုင်ငံသို့ သစ်မှောင်ခိုထုတ်ခြင်း၊ မီးသွေးဖုတ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ခြင်းများလည်း လုပ်ကိုင်ကြသည်။
ကိုးကား
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၃၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 28, 2015 တွင် ပြန်စစ်ပြီး