မိုးမိတ်မြို့

မိုးမိတ်မြို့သည် မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်မိုးမိတ်မြို့နယ်၏ မြို့တော်ဖြစ်သည်။ မိုးမိတ်မြို့နှင့် မိုးမိတ်နယ်တို့သည် ရှမ်းပြည်နယ်တွင် အရေးပါပေသည်။ မိုးမိတ်သည် မြန်မာနိုင်ငံ သမိုင်းတွင်သာမက တရုတ်နိုင်ငံ သမိုင်းတွင်လည်း ဖော်ပြခြင်းခံခဲ့ရလေသည်။

မိုးမိတ်မြို့
မိူင်းမိတ်ႈ
မိုးမိတ်မြို့
မိုးမိတ်မြို့တည်နေရာ
ကိုဩဒိနိတ်: 23°7′N 96°41′E
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်မိုးမိတ်
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၆၂၆၃၈[1]
  လူမျိုးများကချင်ပလောင်ရှမ်းမြန်မာ
  ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+၆:၃၀)

တည်နေရာနှင့် အကျယ်အဝန်း

မိုးမိတ်နယ်သည် ရှမ်းပြည်နယ် အနောက်မြောက်ဘက်တွင် တည်ရှိသည်။ နယ်နိမိတ်အားဖြင့် မြောက်ဘက်တွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ အရှေ့ဘက်တွင် သိန္နီနယ်နှင့် တောင်ပိုင်နယ်၊ တောင်ဘက်တွင် သီပေါနယ်၊ အနောက်ဘက်တွင် ရွှေဘိုခရိုင်တို့ဖြင့် ပတ်ရံလျက်ရှိသည်။ မိုးမိတ်နယ်၏ အကျယ်အဝန်းမှာ ၃,၇၃၃ စတုရန်းမိုင်၊ ကျေးရွာပေါင်း ၅ဝ၇ ရွာနှင့် လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၆၂၆၃၈ ယောက်ရှိသည်။

မြေမျက်နှာသွင်ပြင်

မိုးမိတ်နယ်သည် မြေမျက်နှာပြင်အားဖြင့် တောင်ထူထပ်လေသည်။ နယ်၏ ၄ ပုံ ၃ ပုံမှာ တောင်များဖြစ်လျက် ကျန် ၁ ပုံမှာ အသင့်အတင့် ပြန့်ပြူးသည်။ ယင်းသည်ကား မိုးမိတ်မြို့နှင့် ဧရာဝတီမြစ်အကြားဖြစ်၏။ ရွှေဘိုခရိုင်နှင့် စပ်လျက်ရှိသောနေရာသည် တောင်ထူထပ်သည်။ ရွှေလီမြစ်နှင့် လက်တက်များဖြစ်သော နမ့်အဲ့၊ နမ့်ခမ်းတို့၏ ရေဆင်းနယ်များလည်း တောင်ထူထပ်သည်။ ထိုတောင်များသည် ဗန်းမော်ခရိုင် ရွှေကူမြို့တိုင်ရောက်သည်။ နယ်တွင်းစီးဆင်းသော အဓိကမြစ်မှာ ရွှေလီမြစ်ဖြစ်သည်။ ရွှေလီမြစ်သည် မိုးမိတ်နယ်တွင်းသို့ အရှေ့မြောက်ဘက်မှ အနောက်တောင်ဘက်သို့ စီးဆင်းပြီးလျှင် မြစ်ဆုံရွာသို့ရောက်လျှင် အနောက်မြောက်ဘက်သို့ လှည့်၍ စီးဆင်းသည်။

လူနေမှု

မိုးမိတ်နယ်တွင် နေထိုင်သူများမှာ ကချင်ပလောင်ရှမ်းမြန်မာတို့ ဖြစ်ကြ၏။ ထိုသူတို့တွင် ၅ဝ ရာခိုင်နှုန်းမှာ ကချင်၊ ရာခိုင်နှုန်း ၄ဝ မှာ ပလောင်နှင့် ရှမ်း၊ ကျန် ၁ဝ ရာခိုင်နှုန်းမှာ မြန်မာဖြစ်၏။ ရှမ်းပြည်နယ်ဟု ဆိုရသော်လည်း အများစုမှာ ကချင်ဖြစ်၏။

မိုးမိတ်နယ်ရှိ စကားတောင်နှင့် ဗားနဒ်တောင်ခြေရင်း တွင် ပတ္တမြားဂေါ်မုတ်ဥဿဖယားနီလာ၊ ကြောင် စသည် တို့ထွက်သော်လည်း အရည်အသွေး မကောင်းလှချေ။ ထိုပြင် အညံ့စား ကျောက်မီးသွေး အနည်းငယ်လည်း ထွက်သည်။ ရွှေလီမြစ်ပေါ်တွင် တည်ရှိသော မြစ်ဆုံရွာအနီးတွင် ရွှေကျင်၍ ရရှိသည်။

မိုးမိတ်နယ်မှ စိုက်ပျိုးရရှိသော ဆန်စပါးတို့မှာ နယ် တွင်း စားသုံးရန်အတွက် လုံလောက်ရုံမကဘဲ မိုးကုတ်၊ တောင်ပိုင်တို့သို့ပင် ရောင်းချနိုင်သည်။ လက်ဖက် အနည်းငယ် စိုက်ပျိုးသည်။ မိုးမိတ်တွင် သစ်ဝါးလည်း ပေါသည်။ မိုးကုတ်မှ ပေါက်လာသော ကားလမ်းသည် ယခုအခါ ဗန်းမော်အထိရောက်၍ ဗန်းမော်မှတစ်ဆင့် မြစ်ကြီးနားမြို့တိုင် ကားဖြင့်သွားနိုင်ပေပြီ။ မိုးမိတ်မြို့တွင် လေယာဉ်ပျံကွင်းလည်း ရှိလေသည်။

မိုးမိတ်မြို့သည် ပတ္တမြားထွက်ရာ မိုးကုတ်မြို့နှင့် ၂၈ မိုင် ကွာလှမ်းသည်။ မိုးကုတ်မြို့မှ မြောက်ဘက်ဆီသို့ တောင်စဉ် တောင်တန်းများကို ဖြတ်သန်းကျော်တက် ပြီးနောက် တဖြည်းဖြည်း နိမ့်ဆင်းသွားလျှင် မိုးမိတ်သို့ ရောက်ပေမည်။ မိုးမိတ်မြို့သည် နမ့်မိတ်ချောင်းကမ်းဘေး ညီညာပြန့်ပြူးသော လွင်ပြင်၏ အလယ်တွင် တည်ရှိလျက် နိမ့်တုံ မြင့်တုံဖြစ်သော တောင် ၅ လုံးက ဝန်းရံထားသည်။ ထိုကြောင့် အထူးပင် သာယာလှပေသည်။ မိုးမိတ်တစ်ဝိုက်ရှိ တောင်တန်းများတွင် ကျွန်းသစ် စသည်တို့ ပေါများသဖြင့် မိုးမိတ်တွင် သစ်တောခရိုင်ရုံး စိုက်သည်။

မိုးမိတ်မြို့တွင် ထင်ရှားကျော်ကြားသော စေတီတော်မှာ မြို့၏အရှေ့မြောက်ဘက် တစ်မိုင်ခန့်ကွာဝေးသော တောင်တန်းကလေးပေါ်တွင်တည်ရှိသော ရွှေမြင်ထင်စေတီတော်ပင် ဖြစ်ပေသည်။ ထိုစေတီတော်မှာ သက္ကရာဇ် ၉၄၉ ခုနှစ်တွင် အိပ်မက်အရ သိုစန်ဘွား စော်ဘွား တည်ခဲ့သော စေတီဖြစ်၏။ နှစ်စဉ် ဘုရားပွဲပြုလုပ်သည်။

သမိုင်းကြောင်း

မိုးမိတ်မြို့ကို သက္ကရာဇ် ၆ဝဝ ပြည့်နှစ် (ခရစ် ၁၂၃၈) တွင် ကျိုင်းတုံစော်ဘွား ရွှေနန်းရှင် တည်ထောင်ခဲ့သည်။ ရွှေနန်းရှင်လက်ထက်တွင် နယ်ကျယ်ဝန်းလာလေသည်။ သူ၏သားကြီး သိုပိုင်သည် မိုးကောင်းစော်ဘွားဖြစ်၏။ ဒုတိယသား သိုကျင်မှာ မိုးဝန်းစော်ဘွားဖြစ်၏။ တတိယသား သိုပန်ကား မိုးညှင်းစော်ဘွားဖြစ်၍၊ ပဉ္စမသား သိုဟန်ခါးသည် မိုးလှိုင်စော်ဘွားဖြစ်၏။

ရွှေနန်းရှင်၏စတုတ္ထသား သိုဟန်ဘွားသည် ပထမဆုံး မိုးမိတ်စော်ဘွား ဖြစ်၏။ ရွှေနန်းရှင်သည် အသက် ၁၂၆ နှစ်တွင် သေဆုံးလေလျှင် သိုဟန်ဘွားသည် မိုးမိတ်မြို့ကို စောခဲဘွားအား လွှဲခဲ့၍ မိမိကမူ ကျိုင်းတုံသို့ သွားရောက်၍ စော်ဘွားအဖြစ် ခံယူသည်။ မိုးမိတ်မြို့ကို တကယ်တည်သူ အဖြစ် ထင်ရှားသူကား စောခဲဘွားဖြစ်၏။

စောခဲဘွားသည် မိုးမိတ်မြို့ကို လုပ်သား ၁ဝဝ,ဝဝဝ ဖြင့် တည်၏။ မိုးမိတ်ကို ဝန်းပတ်ထားသော အပြင်မြို့ရိုးမှာ မြောက်မှတောင်သို့ လည်းကောင်း၊ အရှေ့မှအနောက်သို့ လည်းကောင်း၊ တာ ၅ဝဝ(၅,၂၅ဝ ပေ) ရှိ၏။ အမြင့်မှာ ၁၈ တောင်နှင့် ထု ၇ တောင်ရှိ၏။ တံခါးကြီး ၁ဝ ခု၊ ပြအိုး ၁၅ ခု၊ တန်ဆောင်း ၁၅ ခု ရှိသည်။ အပြင်မြို့ရိုးပတ်လည်တွင် ရှိသော ကျုံးတွင်လည်း တံတား ၃ ခုရှိ၏။ ယင်းတို့မှ တစ်ဆင့် အတွင်းမြို့ရိုးတံခါး ၃ ခုသို့ရောက်ရှိသည်။ အတွင်းမြို့ရိုးကားအမြင့် ၁ဝ တောင်၊ ထု ၇တောင်၊ ပြအိုး ၄ ခု၊ တန်ဆောင်း ၄ ခုရှိ၏။ မြို့၏ အလယ်ဗဟိုတွင် တိုင် ၃ ခုရှိ၏။ အလျား ၅ ပေ ၁ဝ လက်မနှင့် ပတ်လည် ၁ ပေ ရှိ၏။ တစ်ခုမှာ ရွှေတိုင်၊ တစ်ခုမှာ ငွေတိုင်၊ တစ်ခုမှာ သံတိုင်ဖြစ်၏။ ထိုစဉ်က မြို့တွင်း၌ အိမ်ခြေ ၅,ဝဝဝ၊ ဆင်ခြေဖုံး၌ ၁၅၆,၄၄၅ ရှိသည် ဆို၏။

ခရစ် ၁၈၃၇ ခုနှစ်တွင် မြန်မာမင်းဖြစ်သော ရွှေဘိုမင်းသည် မောင်အေးပုဆိုသူအား စော်ဘွားခန့်အပ်လေသည်။ ထိုအချိန်မှစ၍ မိုးမိတ်တွင် အာဏာရရှိရေးအတွက် သူတစ်ပြန် ငါတစ်လှည့် တိုက်ခိုက်သောကြောင့် မိုးမိတ်မြို့သည် ၄ ကြိမ် တိုင် မီးရှို့ခံရသဖြင့် ပျက်စီးရလေသည်။ ဗြိတိသျှလက်ထက် ခရစ် ၁၈၉၂ ခုနှစ်တွင် အစိုးရက မိုးမိတ်ကို သိမ်းပိုက်ပြီးလျှင် ပတ္တမြားတွင်းခရိုင်တွင် သွတ်သွင်းလိုက်သည်။

မိုးမိတ်နယ်ကို ၁၉၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှအစပြု၍ မြောက်ပိုင်းရှမ်းပြည် နယ်ခြားအရာရှိချုပ် လက်အောက်သို့ ရွှေ့ပြောင်းထားရှိ အုပ်ချုပ်စေခဲ့၏။ ၁၉၂၃ ခုနှစ်တွင် ရှမ်းပြည်နယ်များအစုသို့ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ရလေသည်။ ၁၉၅၉ ခုနှစ်တွင် စော်ဘွားများ အုပ်ချုပ်ရေးအာဏာ စွန့်လွှတ်ပြီးနောက် ရှမ်းပြည်နယ်တွင် တိုင်း၊ ခရိုင်၊ နယ်၊ မြို့နယ်ဟူ၍ ခွဲခြားအုပ်ချုပ်လာခဲ့ရာ၊ မိုးမိတ်နယ်မှာ နယ်ပိုင်အုပ်ချုပ်သည့်နယ်ဖြစ်လာ၍ ရှမ်းပြည်မြောက်ပိုင်းတိုင်း ကျောက်မဲခရိုင်တွင် ပါဝင်လာသည်။ မိုးမိတ်မြို့သည်လည်း မိုးမိတ်နယ်၏ ရုံးစိုက်မြို့ ဖြစ်လာလေသည်။[2]


ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးJanuary 21, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.