မိုင်းဆတ်မြို့

မိုင်းဆတ်မြို့သည် မြန်မာနိုင်ငံရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသရှိ မြို့ငယ်ကလေးတစ်ခု ဖြစ်သည်။ သို့သော် တရုတ်ဖြူများ ဝင်ရောက်ကျူးကျော်ခဲ့သော ဒေသဖြစ်၍ မြန်မာတို့က ကမ္ဘာ့ကုလသမဂ္ဂကို တိုင်ကြားခဲ့သဖြင့် မိုင်းဆတ်ကို ကမ္ဘာက အာရုံပြုခဲ့ရသည်။

မိုင်းဆတ်မြို့
မြို့
မိုင်းဆတ်မြို့
မိုင်းဆတ်မြို့တည်နေရာ
ကိုဩဒိနိတ်: 20°32′N 99°15′E
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်မိုင်းဆတ်ခရိုင်
မြို့နယ်မိုင်းဆတ်မြို့နယ်
လူဦးရေ (၂၀၁၄)[1]
  စုစုပေါင်း၈,၀၀၄
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မိုင်းဆတ်မြို့သည် မိုင်းဆတ်ခရိုင်တွင်တည်ရှိ၍ ကျိုင်းတုံမြို့နှင့် ၆၂ မိုင်မျှကွာဝေးသည်။ မိုင်းဆတ်မြို့သည် ပင်လယ်ပြင်ထက် ပေ ၁,၉၅ဝ အမြင့်တွင် တည်ရှိ၍ တောင်ပတ်လည် ဝန်းရံနေသည့် မြေချိုင့်မြေပြန့်ဖြစ်သည်။ မိုင်းဆတ်မြို့တွင် ရှေးမြန်မာမင်းများ ပြုလုပ်ခဲ့သည့် မြို့ရိုးများ ယခုတိုင်ရှိသေးသည်။ သို့သော် တရုတ်ဖြူတို့ ဝင်ရောက် ကျူးကျော်စဉ်က ခံကတုတ်ကျင်းများပြုလုပ် ထားသည်ကိုတွေ့ရ၏။ တောင်ပေါ်သားများဖြစ်သည့် အီကော၊ လားဟူ၊ လီရှော လူမျိုးများလည်း နေထိုင်ကြသည်။

အလုပ်အကိုင်အားဖြင့် အပြင်အပသို့ ထုတ်ဝေရောင်းချနိုင်လောက်အောင် ပစ္စည်းများမလုပ်ကိုင်ဘဲ အချင်းချင်း ဖလှယ် နိုင်ရုံမျှသာ ထွန်ယက်စိုက်ပျိုး လုပ်ကိုင်ကြသည်။ မြေပြန့်တွင် စပါး၊ ဆေး၊ ငရုတ် များစိုက်ပျိုး၍ တောင်ပေါ်တွင် လက်ဖက်၊ အာလူးများကို ထွန်ယက်စိုက်ပျိုး လုပ်ကိုင်သည်။ ပိုလျှံသော ဆန်၊ လက်ဖက်ခြောက်စသည့် ပစ္စည်းများဖြင့် ဆား၊ ရေနံဆီ၊ ဖယောင်းတိုင်၊ မီးခြစ် စသည်တို့ကို ယိုးဒယားသားတို့နှင့် ဖလှယ်ကြသည်။

အမည်ရင်းမြစ်

မိုင်းဆတ်ဟု တွင်ခဲ့ရခြင်းအကြောင်းမှာ မြတ်စွာဘုရား၏ ဗျာဒိတ်အရဖြစ်သည်ဆို၏။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဒေသစာရီကြွချီတော်မူရာတွင် တောတွင်းတစ်နေရာရှိ ကျောက်တုံးကြီးတစ်ခုပေါ်ဝယ် ရပ်နား၍ ဆွမ်းဘုဉ်းပေးတော်မူခဲ့သည်။ မူလက သာမန် ကျောက်တုံးကြီးသာဖြစ်သော်လည်း မြတ်စွာဘုရားရပ်နား၍ ဆွမ်းဘုဉ်းပေးရန် ထိုင်တော်မူသည်နှင့် ကျောက်တုံးမှာ ကျောက်ဖျာအဖြစ်သို့ ပြောင်းလဲသွားသည်ဆို၏။ ဤတွင် မြတ်စွာဘုရားက ဤနေရာတွင် နောင်အခါမြို့ဖြစ်လာမည်ဟု ဗျာဒိတ်ပေးသောကြောင့် မြို့တည်လာသော အခါ ထိုကျောက်ဖျာကိုအစွဲပြု၍ ရှမ်းဘာသာဖြင့် မိုင်းဆတ်တွင်လာသည်ဟု ဆိုလေသည်။ မိုင်းသည် ရွာစု (ဝါ) မြို့ဟု အဓိပ္ပာယ်ရကာ ဆတ်မှာ ဖျာဟု အဓိပ္ပာယ်ရသည်။ သို့ဖြစ်၍ မိုင်းဆတ်သည် ဖျာကဲ့သို့ ညီညာကျယ်ပြန့်စွာ တည်ရှိသောမြို့ ဟူသတည်း။

သမိုင်းကြောင်း

မိုင်းဆတ်သည် ယခုအခါ ကျိုင်းတုံပိုင် နယ်ဖြစ်သော် လည်း ရှေးအခါက တစ်သီးတခြားနယ်တစ်ခုအဖြစ် တည်ရှိခဲ့၍ သူရိယ ဆိုသူက ဖွဲ့စည်းကာ အကြီးအမှူးအဖြစ် အုပ်ချုပ်ခဲ့၏။ နောက် စဝ်ဖခွန်ဆိုသူက စော်ဘွားအနေနှင့် မိုးနဲကို မဟာမိတ်ပြု၍ မန္တလေးနေပြည်တော်သို့ တိုက်ရိုက်ဆက်သွယ် သည်။ နောက် မန္တလေးနှင့်အလှမ်းဝေး၍ မိုးနဲနှင့်သာ ဆက်သွယ်၏။ နောင်သော်ကား မိုင်းဆတ်ပတ်လည် တောင်ပေါ်ရှိ လားဟူလူမျိုးများနှင့် ကျိုင်းတုံနယ်မှ မကြာခဏ လာရောက်နှောင့်ယှက် တိုက်ခိုက်မှုကြောင့် နောက်ဆုံးတွင် ကျိုင်းတုံစော်ဘွားထံ အညံ့ခံလိုက်ရသည်။ ထိုကြောင့် အင်္ဂလိပ်တို့ဝင်ရောက်စဉ်က မိုင်းဆတ်သည် ကျိုင်းတုံနယ် အပါအဝင် နယ်ခွဲတစ်ခု ဖြစ်ခဲ့၏။ ကျိုင်းတုံစော်ဘွား၏ လက်အောက်မြို့စားအုပ်ချုပ်သော ဒေသဖြစ်လေသည်။ ၁၉၄၁ ခုနှစ်အတွင်းတွင် အင်္ဂလိပ်မျက်နှာဖြူနှစ်ဦး ခေါင်းဆောင်သော ပန်ချာပီ တပ်ဖွဲ့တစ်ခု လာရောက်တပ်စွဲ၍ မြန်မာပြည်တွင် စစ်ဖြစ်စ ၁၉၄၂ ခုနှစ် ဇန်နဝါရီလခန့်က ယင်းတပ်ကို တရုတ်တပ် များနှင့် တာဝန်လွှဲ၏။ တရုတ်တပ်များ ၃ လခန့်သာနေ၍ ဆုတ်ခွာခဲ့သည့်နောက် တစ်ရက်အကြာတွင် ယိုးဒယားတပ်များဝင်လာခဲ့သည်။ ဤသို့ ဝင်လာခဲ့ခြင်းမှာ ဂျပန်တို့ မြန်မာပြည်သို့ ဝင်ရောက်သိမ်းပိုက်ရာတွင် ရှမ်းပြည်နယ်အချို့ကို ယိုးဒယားသို့ ပေးအပ်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ ယိုးဒယား၏ စစ်အုပ်ချုပ်ရေးအောက်သို့ ၃ နှစ်မျှ သက်ရောက်ခဲ့ရသည်။ အုပ်ချုပ်မှုဆိုးရွားကြမ်းတမ်းသည် ဆို၏။ ၁၉၄၅ ခု နှစ်ဦးပိုင်းတွင် ဂျပန်တပ်စုတစ်စု ဝင်ရောက်လာသေးသော်လည်း အင်္ဂလိပ်လေထီးလဲဗီးတပ်များ မိုင်းပူအောင်ဘက်မှ လာရောက်တိုက်ခိုက် မှုကြောင့် တာချီလိတ်ဘက်သို့ ဆုတ်ခွာထွက်ပြေးကြရ၏။ လဲဗီးတပ်များသည် ဂျပန်လက်နက်ချပြီးချိန်အထိ ၃ လခန့် တပ်စွဲခဲ့၏။ ရှောင်တိမ်းနေရသော မြို့စားလည်း ထိုအခါမှ ဝင်ရောက်လာနိုင်လေသည်။

စစ်ပြီးခေတ်တွင် မိုင်းဆတ်မှာ တရုတ်ဖြူများ တပ်စွဲရာဖြစ်သောကြောင့် ကမ္ဘာက အာရုံပြုကြရ၍ လူသိများလာသည်။ ကေ၊ အမ်၊ တီခေါ် တရုတ်ဖြူတို့သည် ၁၉၅၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်တပ်စွဲသည်။ တစ်စတစ်စနှင့် တပ်သားများသာမက အိမ်ထောင်စုများ ပါဝင်ကာ လူအင်အား ၄,ဝဝဝ ကျော်ခန့် ဖြစ်လာသည်။ ထိုပြင် တရုတ်ဖြူဗိုလ်ချုပ် လီမီ၏ ဌာနချုပ်ဖြစ်လာသည်။ ၁၉၅၂ ခုနှစ်ဦးတွင် ယခု လက်ရှိ လေယာဉ်ကွင်းကိုပင် ဆောက်လုပ်ခဲ့သည်။ တရုတ်နီတို့ကို တိုက်ခိုက်ရန်ဟုအကြောင်းပြ၍ ကျူးကျော်ကာ ဌာနချုပ် ပြုလုပ်ထားခဲ့ခြင်းဖြစ်၏။ ဤသို့ ကျူးကျော်နေသည်ကို ပြည် ထောင်စုမြန်မာနိုင်ငံတော်အစိုးရက အေးချမ်းစွာဖြေရှင်းလိုသဖြင့် ကုလသမဂ္ဂဝင် နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂသို့တိုင်ကြားခဲ့သော်လည်း ကုလသမဂ္ဂက ထိရောက်စွာ အရေးမယူခဲ့ပေ။ သို့ဖြစ်၍ နောက်ဆုံးတွင် ဗမာ့တပ်မတော်မှ နဂါးနိုင်စစ်ဆင်ရေးဖြင့် ၁၉၅၃ ခုနှစ်တွင် စတင်တိုက်ခိုက် တွန်းလှန်ခဲ့လေသည်။ နဂါးနိုင်စစ်ဆင်ရေးတွင် သံလွင်မြစ် အရှေ့ဘက်ကမ်းကိုသာ တိုက်ထုတ်နိုင်ခဲ့၍ ဘုရင့်နောင်စစ်ဆင်ရေးနှင့် ထပ်မံ အင်အားဖြည့်တင်းပြီး တိုက်ခိုက်ခဲ့ရာ ၁၉၅၄ ခုနှစ် မတ်လ ၂ဝ ရက်နေ့တွင် တရုတ်ဖြူ ဗိုလ်ချုပ် လီမီ၏ ဌာနချုပ် စိုက်ခဲ့ရာ မိုင်းဆတ်ကို အောင်မြင်စွာ သိမ်းပိုက်မိခဲ့လေသည်။


ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၁။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.