တာချီလိတ်မြို့
တာချီလိတ်မြို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ နယ်စပ်မြို့ဖြစ်သည်။ ကမ္ဘာ့ဒုတိယမြောက် ဘိန်းအများဆုံးထုတ်လုပ်သော ရွှေတြိဂံကြောင့် တာချီလိတ်မြို့သည် ကျော်ကြားသည်။ ရွှေတြိဂံဆိုသည်မှာ မြန်မာ၊ ထိုင်းနှင့် လာအိုသုံးနိုင်ငံ နယ်နိမိတ်ခြား မဲခေါင်မြစ်ဆုံ တြိဂံပုံထိစပ်နေသောကြောင့် ရွှေတြိဂံဟုခေါ်သည်။ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် မယ်ဆိုင်ချောင်းပေါ်တွင် နှစ်နိုင်ငံပေါင်းကူးဆက်သွယ်သွားလာ၍ ရသောချစ်ကြည်ရေးတံတားဖြင့် နှစ်နိုင်ငံကုန်စည်များ ကူးသန်းရောင်းဝယ်ဖောက်ကားရာ နယ်စပ်ဝင်ထွက်ပေါက်မြို့လည်းဖြစ်သည်။ တာချီလိတ်မြို့တွင် ရှမ်းလူမျိုးများ၊ ယိုးဒယားစပ်ရှမ်းများနှင့် ဒေသခံ အာခါတိုင်းရင်းသားများ၊ လားဟူ၊ ပအိုဝ်းလူမျိုးများ နေထိုင်ကြသည်။ တစ်ခေတ်တစ်ခါက လက်နက်ကိုင်များကြောင့် နယ်စပ်တိုက်ပွဲများ၊ ထိုင်းနှင့်နှစ်နိုင်ငံမှားယွင်းပစ်ခတ်မှုများ မကြာခဏဖြစ်ပွားရာ မြို့တစ်မြို့ဖြစ်ခဲ့သည်။
တာချီလိတ်မြို့ | |
---|---|
တာချီလိတ်မြို့အဝင်ဝ | |
တာချီလိတ်မြို့ | |
ကိုဩဒိနိတ်: 20°27′N 99°53′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်းပြည်နယ် |
ခရိုင် | တာချီလိတ်ခရိုင် |
မြို့နယ် | တာချီလိတ်မြို့နယ် |
လူဦးရေ (၂၀၁၄) | ၅၁၅၅၃ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
တာချီလိတ် အမည် ဖြစ်ပေါ်လာပုံ
တာချီလိတ်ဟု အမည်နာမခေါ်တွင် ရခြင်းမှာ ယခုနယ်ခြား ဖြစ်သော မယ်ဆိုင်ချောင်းကို ဖြတ်ကူးသည့် ရေဆိပ်တွင် မယ်ဇလီရေဆိပ် (သို့မဟုတ်) မယ်ဇလီတစ်ပင်ရှိသည်ကို အကြောင်းပြု၍ မယ်ဇလီရေဆိပ် (သို့မဟုတ်) မယ်ဇလီကူးတို့ဆိပ် (သို့မဟုတ်) ရှမ်းဘာသာဖြင့် တာခီလိတ်မှ တာချီလိတ် ဟူ၍ကာလရွေ့လျား လာသည်နှင့်အမျှ အမည်တွင်ခဲ့ပါသည်။ ရှေးလူကြီးများထံမှ မှတ်သားသိရှိချက်များအရ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ့ငါးဆယ်ခန့်က တာချီလိတ်မြို့ အတွင်းတွင် တလန်(သို့မဟုတ်) တလွန်လူမျိုးများ နေထိုင်ခဲ့ကြောင်းနှင့် မြန်မာမင်းများ ယိုးဒယား(ထိုင်း)ကို တိုက်ခိုက်ရာတွင် စစ်ချီရာလမ်းကြောင်း ကျရောက်သဖြင့် မြို့ရွာများပျက်ကာ ယင်းလူမျိုးစုများသည် လာအိုနိုင်ငံနှင့် ယိုးဒယားဘက်ကမ်းသို့ ပြောင်းရွေ့ထွက်ပြေးကြကြောင်း အဆိုရှိခဲ့ပါသည်။
နှောင်းခေတ်သမိုင်း၌ ဒုတိယကမ္ဘာစစ်မတိုင်မီ ကာလဗြိတိသျှတို့ အုပ်ချူပ်စဉ် တာချီလိတ်မြို့နယ်မှာ ကျိုင်းတုံစော်ဘွားကြီး စဝ်ကောင်းတိုင်း၏ ပဒေသရာဇ်အောက်တွင် ရှိခဲ့ပါသည်။ ၁၉၂၇တွက် တာချီလိတ်မြို့၌ အိမ်ခြေ(၄-၅)အိမ်ခန့်သာ ရှိပြီး ဟောင်လိတ်တွင် မြို့စားရုံးစိုက်ခဲ့ပါသည်။ ၁၉၃၉ ခုနှစ်တွင် လူနေအိမ်များစည်ကားတိုးတတ်လာပြီး မြို့စားရုံးကို တာချီလိတ်မြို့သို့ ပြောင်းရွေ့ခဲ့ပါသည်။ ၁၉၆၂တွင် တော်လှန်ရေးကောင်စီမှ စော်ဘွားများကို အာဏာသိမ်းချိန် ၁၉၆၃ မှစပြီး နယ်ခြားခရိုင်ဝန်ရုံးစိုက်၍ ခေတ်သစ်အုပ်ချူပ်ရေးကို စတင်ခဲ့သည်။
သယ်ယူပို့ဆောင်ရေး
တာချီလိတ်မြို့တွင် လေဆိပ်တစ်ခုရှိသည်။ အဆိုပါ လေဆိပ်မှ တဆင့် ရှမ်းပြည်နယ် ကျိုင်းတုံ၊ လားရှိုး၊ ဟဲဟိုး၊ မန္တလေး၊ ရန်ကုန် သို့ သွားလာနိုင်ပြီး၊ ကုန်းကြောင်းလမ်းအနေဖြင့် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ အဓိက သွားရောက်ပြီး၊ တောင်ကြီးမှ တဆင့် အနှံ့အပြားသို့ သွားရောက်နိုင်သည်။
နယ်စပ်ကုန်သွယ်ရေး
တာချီလိတ်မြို့သည် မြန်မာ၊ လာအို၊ ထိုင်း ၃ နိုင်ငံနယ်စပ်ဖြစ်သောကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံကုန်စည်များ ဖြတ်သန်းစီးဆင်းနိုင်ရန် ထိုင်းနဲ့မြန်မာနယ်စပ်ဖြစ်သည့် မယ်ဆိုင်နှင့် တာချီလိတ်ကိုနယ်စပ်ဂိတ်အဖြစ် တံတား(၁)၊ တံတား(၂)ဆိုပြီးတံတားနှစ်စင်းရှိသည်။ တံတား(၁)တွင် လူများ၊ ယာဉ်ငယ်များ၊ ကုန်စည်အသေးစားများ ဖြတ်သန်းသွားလာစေပြီး၊ တံတား(၂)တွင်နှစ်နိုင်ငံကုန်စည်များဖြတ်သန်းသွားလာနေပါသည်။ မြန်မာလာအိုနယ်စပ်တွင် ယခင်က ရေလမ်းခရီးကိုအသုံးပြုခဲ့ကြပြီးယခု ၂၀၁၅ခုနှစ် မေလမှစတင်ကာ မြန်မာဘက်ခြမ်း ကျိုင်းလပ်မြို့ မှ လာအိုဘက်ခြမ်းအထိ တံတားတစ်စင်းဆောက်လုပ်ပြီးစီးသောကြောင့်နှစ်နိုင်ငံကုန်သွယ်မှုပိုကောင်းမွန်လာနိုင်ပါသည်။
ရာသီဥတု
တာချီလိတ်မြို့ ၏ တစ်နှစ်ပတ်လုံးအပူချိန်မှာ ပျှမ်းမျှ ၃၀.၈ သာရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ပျှမ်းမျှ ၁၈.၇ သာရှိ၍ နေထိုင်၍ကောင်းမွန်သောအရပ်ဖြစ်သည်။ တစ်နှစ်ပတ်လုံးမိုးရေချိန်စုစုပေါင်း လက်မ ၁၅၅၇ လက်မရှိပြီး အမြဲတစေ ရေလွှမ်းမှုခံရလေ့ရှိသည်။