ကလောမြို့

ကလောမြို့သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၂၉၇ ခန့်တွင် တည်ရှိသည်။ ပြည်ထောင်စုလမ်းမကြီးသည် ကလောမြို့မှ ဖြတ်သန်းသွားသည်။ ကလောမြို့၏ အရှေ့ဘက်တွင် အောင်ပန်းမြို့ ရှိပြီး အနောက်ဘက်သည် မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်လျှက်ရှိသည်။ ရှမ်းပြည်တောင်ပိုင်းမှ မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဆင်းရာ တံခါးပေါက်ကဲ့သို့ ဖြစ်သည်။ မြို့အရှေ့ဘက်တွင် တောင်တန်းများမှရေများ စီးဆင်းရာ ကလောချောင်းရှိပြီး ၎င်းချောင်းသည် အင်းလေးကန်အတွင်းသို့ စီးဝင်သည်။ ကလောမြို့၏သမိုင်းကြောင်းကို ရှေးမြန်မာ ဘုရင်များလက်ထက်တွင် ရှမ်းပြည်နယ်သို့ လာရာလမ်း၏နားခိုရာနေရာတစ်ခုသာ ဖြစ်ခဲ့သည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်လူမျိုးများ သဘောကျနှစ်ခြိုက်သဖြင့် မြို့အင်္ဂါရပ်နှင့်ညီအောင် ဖွဲ့စည်းတည်ဆောက် နေထိုင်ခဲ့ကြသည်။

ကလောမြို့
ၵၢတ်ႇလေႃႉ (ၵလေႃး)
ဝေင်ꩻကလော်ꩻ
ကလောမြို့ အဝင် ဆိုင်းဘုတ်
ကလောမြို့
ကလောမြို့တည်နေရာ
ကိုဩဒိနိတ်: 20°38′N 96°34′E
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်တောင်ကြီးခရိုင်
မြို့နယ်ကလောမြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၄၂၉၇ ပေ (၁၃၁၀ မီတာ)
လူဦးရေ (၂၀၁၄)၉၃၀၃၂[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

အမည်ရင်းမြစ်

အမည်ရင်းမြစ်ကို အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးရှိနိုင်သည်ဟု ယူဆရသည်။

ပလောင်ရင်းမြစ်

ကလောဟူသော အမည်သည် ဒေသခံလူမျိုးများဖြစ်သော ပလောင်လူမျိုးများ၏ကလောက် ဟူသော အသံထွက်မှ ဖြစ်ပေါ်လာသည်။ ပလောင်စကားအရ ကလောက်သည် ဒယ်အိုး(သို့)ဇလုံ ဟု အဓိပ္ပာယ်ရသည်။ ကလောမြို့အား အရပ်လေးမျက်နှာ တောင်တန်းများဝန်းရံနေပုံမှာ ဒယ်အိုးပုံစံနှင့် တူသောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြသည်။

ရှမ်းရင်းမြစ်

ကလောဟူသော အမည်သည် ဒေသခံ ရှမ်းစကားမှ ဆင်းသက်လာသည်။ ကိုလိုနီခေတ်မြို့ပြ အင်္ဂါရပ်နှင့်အညီ စော်ဘွားတို့မှ စျေးနေ့သတ်မှတ်ပေးရာ အနီးအနားရှိ ရွာများမှ စျေးနေ့တွင် နွားလှည်းဖြင့် လာရောက်ရောင်းချကြရာ ၵၢတ်ႇလေႃႉ (လှည်းစျေး) ဟုခေါ်ဆိုရာမှ အချိန်ကာလကြာသော် ၵလေႃး (ကလော) ဟူ၍ပြောင်းလဲ ခေါ်ဝေါ်လာကြသည်။

လူနေထိုင်မှုနှင့် စီးပွားရေး

ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သော အဆောက်အဦးအချို့ကို အချို့နေရာများတွင် မြင်တွေ့နိုင်သေးသည်။ တပ်မတော်မှ ခြေမြန်တပ်မ(၅၅) အခြေစိုက်ရာ မြို့ဖြစ်ပြီး ခ.လ.ရ(၃)၊ ခ.လ.ရ(၇) နှင့် ခ.လ.ရ(၁၁၂) စသည့် တပ်ရင်း(၃)ရင်း ရှိသည်။ တပ်မတော် စစ်ဦးစီးတက္ကသိုလ်ကိုလည်း ဖွင့်လှစ်ထားသည်။ မြို့ရေပေးဝေရေးအတွက် မြို့အရှေ့ဘက်ရှိ အင်းပြင်ရေကန်နှင့် မြို့အနောင်တောင်ဘက်ရှိ ရေအေးကန်တို့မှ ဟိုးယခင်မှစတင်ကာ ဖြန့်ဝေပေးသည်။ မြို့အနောက်ဘက်ရှိ သဘာဝရေထွက်မှလည်း ရေပိုက်များဖြင့်သွယ်ယူကာ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကြိုးစားလုပ်ဆောင် ဖြန့်ဝေပေးနေသည်။ ကလောမြို့အင်းပြင်ရွာတွင် လောပိတ ရေအားလျှပ်စစ်ထုတ်စက်ရုံမှလာသော လျှပ်စစ်ဓာတ်အားကို ခွဲရုံတည်ဆောက်၍ တောင်ကြီးပင်းတယမြို့သာစည်မြို့နှင့် ကလောမြို့တွင်းသို့ ဖြန့်ဝေပေးသည်။ စီးပွားရေးအနေဖြင့် မက်မန်းသီးမက်မွန်သီးလိမ္မော်သီးဂေါ်ဖီထုပ်၊ ပန်းမုန်လာ တို့ကို စီးပွားဖြစ် စိုက်ပျိုးကြသည်။ ယခင်က သယ်ယူပို့ဆောင်ရေးအတွက် မြင်းလှည်း၊ လက်တွန်းလှည်းများကို အားထားအသုံးပြုခဲ့ကြသော်လည်း ယခုအခါ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်ကယ်ရီများဖြင့် အစားထိုး လုပ်ကိုင်နေကြပြီဖြစ်သည်။ အေးချမ်းသောမြို့ ဖြစ်သည့်အပြင် တိုင်းရင်းသားလူမျိုးစုတို့၏ ရိုးရာဓလေ့များကြောင့် နိုင်ငံခြားခရီးသွားများအတွက် အကြိုက်တွေ့ရာမြို့ဖြစ်သည်။

နေထိုင်သည့်လူမျိုးများနှင့်အလုပ်အကိုင်

ယခင်က ကလောမြို့တွင်နေထိုင်သူအများစုမှာ ရှမ်းလူမျိုးဓနုလူမျိုးတောင်ရိုးလူမျိုးနှင့် ပလောင်လူမျိုးပအိုဝ်းလူမျိုးများ ဖြစ်ကြသည်။ ယခုအခါတွင် အစိုးရဌာနရုံးစိုက်ရာမြို့ ဖြစ်သာကြောင့် လူမျိုးပေါင်းစုံ နေထိုင်ကြသည်။ တောင်ယာလုပ်ငန်း၊ သစ်ခုတ်ဝါးခုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ရွှေအနည်းငယ်ထွက်သောကြောင့် ရွှေတူးခြင်းလုပ်ငန်းကိုလည်း အနည်းငယ်လုပ်ကိုင်ကြသည်။

ပညာရေး

ကလောမြို့တွင် အထက်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့် မူလတန်းကျောင်းများ ရှိသည်။ ယခင်က အစိုးရစက်မှုလက်မှုကျောင်းရှိခဲ့သော်လည်း နောက်ပိုင်းတွင် အေးသာယာမြို့ သို့ ပြောင်းရွေ့သွားခဲ့သည်။ စာရင်းကိုင်သင်တန်း၊ ကွန်ပျူတာသင်တန်း နှင့် ဘာသာစကားသင်တန်းအချို့ ရှိသည်။

ဘာသာရေးနှင့်ယုံကြည်ကိုးကွယ်မှု

ကလောတွင် နေထိုင်သူအများစုမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူများဖြစ်ကြသည်။ အခြား အစ္စလာမ်ဘာသာဟိန္ဒူဘာသာခရစ်ယာန်ဘာသာ နှင့် နတ်ကိုးကွယ်သူများလည်း ရှိကြသည်။ သီတင်းကျွတ်လနှင့် တန်ခူးလ တို့တွင် ဗုဒ္ဓဘာသာကိုးကွယ်သူတို့သည် ဘုန်းကြီးကျောင်းများသို့ ပုံမှန်သွားရောက် ကန်တော့လေ့ရှိကြသည်။

ရိုးရာဓလေ့များ

တန်ခူးလတွင် အတာတက်ပွဲခေါ် ပအိုဝ်းရိုးရာ မီးလုံးလွှတ်ပွဲ (ဗမာအခေါ် ဒုံးလွှတ်ခြင်း)များ ကျင်းပလေ့ရှိကြသည်။ အနီးအနားရှိ မြို့များနှင့် ကျေးရွာများမှ လာရောက်ယှဉ်ပြိုင်ကြသည်။ တန်ဆောင်မုန်းလတွင် မဟာဘုံကထိန်ပွဲတော်ကို ကျင်းပကြသည်။ ကလောမြို့၏ အထင်ကရကျောင်းတိုက်များ ဖြစ်သည့် မြို့မပရိယတ္တိစာသင်တိုက်နှင့် သိမ်တောင်ပရိယတ္တိစာသင်တိုက် တို့၌ကျင်းပကြသည်။ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့တွင် မြို့မပရိယတ္တိစာသင်တိုက်အတွက် ပဒေသာပင်များ လှည့်လည်ပူဇော်ပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် သိမ်တောင်ပရိယတ္တိစာသင်တိုက် အတွက်လှည့်လည်ပူဇော်ကြသည်။ အဆိုပါနေ့ရက်များ၏ ညချမ်းအချိန်အခါ၌ မီးတိုင်များဖြင့် ဘုရားမီးပူဇော်ပွဲ (ဒေသအခေါ် မီးရှော်တိုင်ပွဲ)များကို စည်ကားသိုက်မြိုက်စွာ ထိုကျောင်းတိုက်များ၌ ကျင်းပကြသည်။ မီးရှော်တိုင်ပွဲသည် ပြိုင်ပွဲတစ်ခုအနေဖြင့် ကျင်းပပေးပြီး မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ယခုအချိန်တွင် ကျောင်းတိုက်များတွင် မကျင်းပတော့ဘဲ ကလောမြို့ မောမြေဦးပန်းခြံအတွင်း၌ ကျင်းပလျက်ရှိသည်။

နာမည်ကျော်ကြားသည့်နေရာများ

နှစ်ရာချီရှိပြီဖြစ်သော နှီးဘုရားမှာ ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော နေရာဖြစ်သည်။

ရွှေဥမင် သဘာဝလှိုဏ်ဂူဘုရားမှာလည်း ထင်ရှားသည်။

ကလောမြို့မှ (၁၀) မိုင်ခန့်ဝေးသည့် မြင်းမထိ ဂူ မှာလည်း သဘာဝအလှကြောင့် ထင်ရှားသည်။ [2]

သိမ်တောင်ဘုန်းကြီးကျောင်း နှင့် ကလောမဟာစည်သာသနာ့ရိပ်သာ တို့ကိုလည်း လေ့လာနိုင်သည်။

လမ်းပန်းဆက်သွယ်ရေး

ကလောဘူတာ

အခြားမြို့များသို့ မီးရထားလမ်း၊ ကားလမ်းတို့ဖြင့် ဆက်သွယ်ထားသည်။ အနီးဆုံးလေဆိပ်မှာ ဟဲဟိုးမြို့ရှိ ဟဲဟိုးလေဆိပ် ဖြစ်သည်။

ကိုးကား

  1. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၆၂
  2. Top Places You Must Visit in Kalaw

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.