လဲချားမြို့နယ်

လဲချားမြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်တွင် ပါဝင်သောမြို့နယ်များအနက် တစ်ခုဖြစ်၍ ၁၅၅၉ စတုရန်းမိုင်ခန့် ကျယ်ဝန်းသည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၁၈၆ ပေ (၉၇၁ မီတာ) တွင် တည်ရှိသည်။ လဲချားမြို့နယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် မိုင်းကိုင်မြို့နယ်နှင့် မိုင်းနောင်မြို့၊ အရှေ့ဘက်တွင် ကျိုင်းခမ်းနယ်နှင့် မိုးနဲမြို့နယ်၊ တောင်ဘက်တွင် မိုးနဲမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းပွန်နယ်၊ အနောက်ဘက်တွင် ဟိုပုံးမြို့နယ်နှင့် ရပ်စောက်မြို့တို့ အသီးသီးရှိကြသည်။ လဲချားမြို့နယ်တွင် ကျေးရွာပေါင်း ၆၅၁ ရွာရှိ၍လူနေအိမ်ခြေပေါင်း ၆၇၆၄ အိမ်ရှိပြီးလျှင် ၁၉၃၈ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၆၃၁၉ ယောက်ရှိသည်။ လဲချားမြို့သည် လဲချားမြို့နယ်၏ မြို့ပိုင်စိုက်ရာမြို့ဖြစ်၍ လွိုင်လင်- သီပေါသွား လမ်းပေါ်တွင် တည်ရှိသည်။ လွိုင်လင်မှ မြောက်ဘက်သို့ ၃၈ မိုင်ဝေးကွာသည်။

လဲချားမြို့နယ်
Laihka Twonship
မြို့နယ်
လဲချားမြို့နယ်
လဲချားမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 21°16′20″N 97°39′10″E
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်လွိုင်လင်ခရိုင်
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၄၉,၅၈၆ [1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

စော်ဘွားများ အုပ်ချုပ်ရေးအာဏာစွန့်လွှတ်ပြီးနောက် ရှမ်းပြည်တွင် ပြည်မကဲ့သို့ အုပ်ချုပ်ရေးစနစ်ကို တီထွင်လိုက်သည့်အခါ တိုင်း၊ ခရိုင်၊ ခိုရိုင်ခွဲ၊ မြို့နယ်ဟူ၍ သတ်မှတ်ကာ တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင် စသည်ဖြင့် အုပ်ချုပ် သွားလေသည်။ လဲချားမြို့နယ်သည် ယခုအခါ လွိုင်လင်ခရိုင်၊ လွိုင်လင်ခရိုင်ခွဲ တွင်ပါဝင်သောမြို့နယ်တစ်ခုဖြစ်လာ၍ ၁၉၇ဝ ပြည့်နှစ်တွင် လူဦးရေ ၄၄ဝဝဝ ရှိသည်။

လဲချားမြို့နယ်၏ ကိုးပုံ ခုနစ်ပုံခန့်သည် မြေပြန့်များဖြစ်၍ စပါးများ စိုက်ပျိုးကြသည်။ မြို့နယ်၏ အနောက်တောင်ဘက် တောင်တန်းများရှိရာဒေသတွင် တောင်သူများနေထိုင်၍ တောင်ယာလုပ်ကိုင်စားသောက်ကြသည်။ စပါးကို အများအပြားစိုက်ကြသည်။ စပါးအပြင် တောင်သူရွာများတွင် ကြံ၊ လိမ္မော်နှင့် သနပ်ဖက်များကိုလည်း စိုက်ပျိုးကြသည်။ နယ်မှထွက်သော သနပ်ဖက်နှင့် လိမ္မော်သီးများကို ပြည်မသို့ တင်ပို့ရောင်းချ၍ ပြည်မမှ ဆား၊ ငပိ၊ ကွမ်းသီး၊ ချည်ထည်များနှင့် အဝတ်အထည်များ ဝယ်ယူလာကြသည်။ လဲချားမြို့နယ်သည် ထိုနယ်မှ ထွက်သော သံနှင့် ယွန်းထည်ပစ္စည်းများကြောင့် ထင်ရှား၏။ သံရိုင်းများကို အနောက်ဘက် တောင်တန်းများ၌တူးဖော်ရရှိ၍ ထိုနေရာမှာပင် သံရေကျိုးခြင်းကိစ္စကို ပြုလုပ်ပြီးလျှင် သံထည်ပစ္စည်းများ လုပ်ကိုင်ကြသည်။ ထိုသံထည်ပစ္စည်းများကို ရှမ်းပြည်တောင်ပိုင်းတစ်လျှောက် ရောင်းချကြသည်။ ကွမ်းအစ်၊ ရေခွက် စသောယွန်းထည် ပစ္စည်းများကိုလည်း ရောင်းချကြသည်။ [2]

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၃၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 28, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.