ကွတ်ခိုင်မြို့
ကွတ်ခိုင်မြို့သည် ရှမ်းပြည်မြောက်ပိုင်း သိန္နီစော်ဘွားပိုင် နယ်ခွဲတစ်ခုဖြစ်၍ နယ်ပိုင် ဝန်ထောက်နှင့် နယ်ခြားဝန်ထောက် ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဤမြို့သည် တရုတ်မြန်မာ လမ်းမကြီး ပေါ်တွင် တည်ရှိ၍ သိန္နီမြို့မှ ၁၆ မိုင်၊ လားရှိုးမြို့မှ ၄၈ မိုင် ကွာဝေးသည်။ သိန္နီမှ ကွတ်ခိုင်မြို့အထိ လမ်းတစ်လျှောက်မှာ တောင်တက်ခရီးချည်း ဖြစ်သည်။ လူနေအိမ်ခြေ ၆ဝဝ မျှ ရှိပြီး လျှင် ၁၉၅၃ ခုနှစ်တွင် လူဦးရေ ၆ဝဝဝ ခန့် ရှိသည်ဟု ခန့်မှန်းရသည်။
ကွတ်ခိုင်မြို့ | |
---|---|
ကွတ်ခိုင်မြို့ | |
ကိုဩဒိနိတ်: 23°27′N 97°56′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်းပြည်နယ် |
ခရိုင် | မူဆယ်ခရိုင် |
မြို့နယ် | ကွတ်ခိုင်မြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မြို့နယ်အတွင်း နေထိုင်ကြသူများအနက် ဂျင်းဖောနှင့် ရှမ်းလူမျိုးတို့မှာ အများဆုံးဖြစ်၏။ လရှီ၊ လီစု၊ ပလောင်၊ တရုတ်နှင့် ဂေါ်ရခါးလူမျိုးများလည်း အနည်းငယ်စီ ရှိကြ သည်။ ၁၉၅ဝ ပြည့်နှစ်တွင် ကချင် ပြည်နယ် အစိုးရ၏ အစီ အစဉ်အရ ကွတ်ခိုင်နယ်မှ ကချင်အိမ်ထောင်စုအများပင် ကချင် ပြည်နယ် ဟူးကောင်းမြေပြန့်ဒေသသို့ ရွေ့ပြောင်းသွားကြသည်။ မြို့ပတ်ဝန်းကျင်တွင် စပါး၊ ပြောင်းဖူးနှင့် အာလူးများ စိုက်ပျိုးကြသည့်ပြင် ဂေါ်ဘီ၊ မုန်လာစသော ဟင်းသီးဟင်းရွက် များလည်း ဖြစ်ထွန်းသည်။ မြို့နှင့် ခပ်လှမ်းလှမ်းဒေသများတွင် ဘိန်းပင်များ စိုက်ပျိုးကြသည်။ ထိုမှတစ်ပါး မြင်းများကို မွေးမြူ၍ မန္တလေးစသော မြန်မာပြည်မရှိ မြို့များသို့ တင်ပို့ ရောင်းချကြသည်။
ကွတ်ခိုင်မြို့မှ အရှေ့မြောက်ဖက် တောင်ကုန်းပေါ်ရှိ တမုံ ငယ်ရွာသို့ လမ်းဆက်သွယ်ထားရာ ထိုလမ်းကို နွေရာသီ၌သာ အသုံးပြုနိုင်သည်။ တမုံငယ်မှတစ်ဆင့် သိန္နီကွမ်းလုံလမ်းပေါ်ရှိ နမ်စရပ်မြို့သို့လည်း ကားလမ်း ဆက်သွယ်ထားသည်။ ထိုကား လမ်းမှာ ၆၅ မိုင် ရှည်၍ ပြည်သူလူထု၏ အကူအညီဖြင့် ၁၉၅၃ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့လေသည်။
မြို့ပေါ်တွင် အထက်တန်းကျောင်း၊ ခရစ်ယန်သာသနာပြု အဖွဲ့မှ ဖွင့်လှစ်ထားသော စာသင်ကျောင်း၊ ဆေးရုံ၊ ငွေတိုက်နှင့် လမ်းဝန်ထောက်ရုံးများ ရှိသည့်ပြင် နယ်ခွဲကချင် ကောင်စီရုံး လည်း ရှိသည်။ ကွတ်ခိုင်မြို့ပေါ်တွင် နှစ်စဉ်နှစ်တိုင်း မြန်မာ နိုင်ငံ လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ်ဖြင့် ဇန္နဝါရီလတွင် မနောပွဲကို ကျင်းပလေ့ရှိသည်။ ထိုမနောပွဲအတွင်း၌ မြို့နယ် ခေါင်းဆောင်များနှင့် ဒူးဝါးကြီးများသည် ရင်းနှီးချစ်ခင်စွာ တွေ့ဆုံခွင့်ရကြပြီးလျှင် မြို့နယ်စည်ပင်သာယာရေး၊ တိုးတက် ကြီးပွားရေးများကို တိုင်ပင်ဆွေးနွေးကြသည်။ [1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)