အိမ်ရှေ့မင်းထန်းတော

မြန်မာနိုင်ငံအနှံ့ ထန်းတောများ အများအပြား ရှိသော်လည်း အိမ်ရှေ့မင်းထန်းတောဟု အမည်တတ်ခေါ်သော ထန်းတောသည် တစ်ခုတည်းသာ ရှိသည်။

တည်နေရာ

မန္တလေးမြို့ အရှေ့မြောက်ဘက်၊ မန္တလေး- မတ္တရာကားလမ်းအတိုင်းသွားပြီး လမ်း၏ အရှေ့ဘက်၊ ကြာနီကန် ကျေးရွာ၊ အေးရိပ်ငြိမ် သုသာန်လမ်းချိုးအတိုင်း ၂ မိုင်ခန့်ဝင်သွားလျှင် "အိမ်ရှေ့မင်း ထန်းတောမှ ကြိုဆိုပါ၏" ဟူသော ဆိုင်းဘုတ်နှင့် စိမ်းညို့နေသော ထန်းတောကို တွေ့ရမှာဖြစ်သည်။ အိမ်ရှေ့မင်းထန်းတော တည်ရှိသော ရွာမှာ ထန်းဥယျာဉ်ကျေးရွာဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် တည်ရှိသည်။ အရှေ့ဘက်တွင် ဇီးတောရွာ၊ မင်းဂံရွာ၊ ဘုတ်ရွာနှင့်​ တောစုရွာ၊ တောင်ဘက်တွင် အင်ကျယ်ရွာ၊ မြောက်ဘက်တွင် ဂန္ဓမာရွာ၊ ဒဟက်တောရွာ၊ ရှေ့မြောက်ယွန်းယွန်းတွင် ကန်ပြင်ရွာ၊ ရုံးပင်ရွာ၊ ကံကြီးရွာ နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့တည်ရှိပြီး အနောက်ဘက်တွင် ကြာနီကန်ရွာ​ တို့ရှိသည်။ အိမ်ရှေ့မင်း ထန်းတောကို မန္တလေးမြို့တွင်း ကားဖြင့် နာရီဝက်ခန့်သွားရသည်။

ကုန်းဘောင်ခေတ် အိမ်ရှေ့စံ ကနောင်မင်းသား လက်ထက်ကတည်းက အိမ်ရှေ့မင်း သွားရောက်လည်ပတ် တောကစား ထွက်ရာနေရာဖြစ်ပြီး ထိုထန်းတောကိုလည်း အိမ်ရှေ့မင်း ထန်းတောဟု အမည်မှည့်ခေါ်ဟန် တူသည်။ ထန်းပင်များကိုလည်း အိမ်ရှေ့စံ ကနောင်မင်းသားကြီး စိုက်ခဲ့ဟန်တူပြီး ထူးခြားသည်မှာ ထန်းတော နယ်နိမိတ်ကို ကျောက်တိုင်လေးများ စိုက်ထူထားခြင်းပင် ဖြစ်သည်။

သခင်မတောင်၊ ရွှေတောင်ဦး၊ ဂန္ဓမာတောင် စသည့် တောင်ကုန်းများက ထန်းတောကို ဝန်းရံထားကြသည်။ အိမ်ရှေ့မင်းထန်းတောကို မရောက်မီ ရွာအဝင်တွင် အိမ်ရှေ့မင်း ထန်းတောသို့ ဟူ၍ ကွန်ကရစ် လမ်းညွှန်ဆိုင်းဘုတ်ကိုမြင်တွေ့နိုင်သည်။ လမ်းအနည်းငယ် ကြမ်းသော်လည်း ဆိုင်ကယ်၊ ဆလွန်းကားများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်သည်။ ထန်းတောဝန်းကျင်တွင် ယာစိုက်ခင်းများ တွေ့မြင်နိုင်ပြီး ထန်းတောဝန်းကျင်မှာ ထန်းရည်ဆိုင် တဲလေးများ ရှိသည်။

အိမ်ရှေ့မင်းထန်းတော၏ အရှေ့ဘက်တွင် မန္တလေးတူးမြောင်းကြီးရှိပြီး တောင်မြောက် တသွင်သွင်စီးဆင်းနေသော ချောင်းရေအလျဉ်ကြောင့် အိမ်ရှေ့မင်းထန်းတောသည် သာယာလှပနေပေသည်။ အိမ်ရှေ့မင်းထန်းတောကို ရောက်လျှင် သဘာ၀ အရသာများကို အပြည့်အဝ ခံစားရပေသည်။

အလုပ်ပိတ်ရက် ကျောင်းနားရက်များတွင် မိသားစုများ၊ မိတ်ဆွေ အပေါင်းအဖော်များ ပျော်ပျော်ပါးပါး လာရောက် အပန်းဖြေ စားသောက်ကြပါသည်။ တခါတရံ ဗီစီဒီ ရိုက်ကြသူများ၊ Pre Weeding (မင်္ဂလာပွဲအကြို ဓာတ်ပုံရိုက်ကြသူများ)၊ ကျေးလက်ရှုခင်းဓာတ်ပုံ လာရိုက်ကြသူများ ရှိကြသည်။ အနုပညာထုတ်လုပ်ဖန်တီးကြသူတွေအတွက်လည်း မြို့ပြနှင့် အလှမ်းမဝေးသော အိမ်ရှေ့မင်းထန်းတောက အကြိုက်တွေ့မှာ သေချာသည်။

အိမ်ရှေ့မင်းထန်းတောတွင် ထန်းရည်ကို မြူအိုး အရွယ်အစားလိုက် ဈေးနှုန်း ကွာခြားသည်။ ရေခဲစိမ်ထန်းရည်သည် ရိုးရိုးထန်းရည်ထက် ၃၀၀-ကျပ် ပိုများသည်။ လက်ဖက်သုပ်၊ ပဲလှော်ကြော်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ ရှောက်ရွက်သုပ်များလည်း တပွဲကျပ် ၅၀၀နှင့် ရောင်းချပေးသည်။ ထို့အပြင် ထမင်းဆီဆမ်း၊ ကြက်ဥကြော်၊ ဆိတ်သားခြောက် စသည့် ထမင်းဟင်းများလည်း ဝယ်ယူစားသောက်နိုင်သည်။

အိမ်ရှေ့မင်းထန်းတော အရှေ့ဘက်၊ မန္တလေးတူးမြောင်းမကြီး၏ တဖက်တွင် မင်းဂံဘုတ်ရွာရှိသည်။ မင်းဂံဘုတ်ရွာဟု အလွယ်တကူခေါ်ကြသော်လည်း မင်းဂံရွာနှင့် ဘုတ်ရွာက တရွာစီဖြစ်သည်။ နန်းတော်ရှေ့ ဆရာတင်က မင်းဂံဘုတ်ရွာသူတွေ ချောကြောင်းလှကြောင်း တေးသီချင်းထဲ တွင် ထည့်စပ်ခဲ့သည်။

မန္တလေးမြို့ခံတွေက မင်းဂံဘုတ် အပါအဝင် အဲဒီအနီးဝန်းကျင်က ရွာတွေကို မြို့အရှေ့ဘက် ယွန်းယွန်းမှာရှိလို့ အရှေ့တောလို့ ခေါ်ကြသည်။ အရှေ့တော ဒေသထွက်ကုန်တွေထဲတွင် ဆန်၊ ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်များ အဓိက ထွက်ကုန်များဖြစ်သည်။ အရှေ့တောဒေသထွက် ခရမ်းချဉ်သီးများသည် အညာသူ အိမ်ရှင်မများအတွက် အကြိုက်တွေ့ကြသည်။ [1]

ကိုးကား

  1. မြန်မာတိုင်း၊ အတွဲ ၄၄၊ အမှတ် ၈၇၉၊ (၂၄/၃၀.၅.၂၀၁၈) စာ -၂၄/၂၅
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.