မင်းဂံဘုတ်ရွာ

မင်းဂံဘုတ်ရွာသည် မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်၊ မန္တလေးတူးမြောင်းမကြီး၏ တဖက်တွင် တည်ရှိသည်။ မင်းဂံဘုတ်ရွာဟု အလွယ်တကူခေါ်ကြသော်လည်း မင်းဂံရွာနှင့် ဘုတ်ရွာသည် တစ်ရွာစီဖြစ်သည်။ မင်းဂံရွာကို မင်းဂံရွာဟူ၍လည်းကောင်း မင်းကန်ရွာဟူ၍လည်းကောင်း ရေးထုံးနှစ်မျိုးလုံးကို သုံးပြီး ရေးလေ့ရှိကာ "မင်းဂံ"ဟုသာ အသံထွက်သည်။

မင်းကန်ရွာ
မင်းကန်ရွာ
မင်းဂံကျေးရွာ တည်နေရာ
ကိုဩဒိနိတ်: 22°04′22″N 96°11′56″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်မန္တလေးခရိုင်
မြို့နယ်ပုသိမ်ကြီးမြို့နယ်
ကျေးရွာအုပ်စုMingan
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
ဘုတ်ရွာ
ဘုတ်ရွာ
ဘုတ်ကျေးရွာ တည်နေရာ
ကိုဩဒိနိတ်: 22°04′43″N 96°12′22″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်မန္တလေးခရိုင်
မြို့နယ်ပုသိမ်ကြီးမြို့နယ်
ကျေးရွာအုပ်စုဘုတ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မင်းကန်ရွာ

မင်းဂံ(မင်းကန်)ဟူသောအမည်မှာ ရှေးမြန်မာမင်းများတူးဖော်ခဲ့သော ကန်အနီးတွင်တည်ရှိသည်ကို အစွဲပြုခေါ်ဝေါ်သည်ဟု သက်ကြီးစကား သက်ငယ်ကြားရင်း မှတ်သားရဖူးသည်။ မင်းဂံရွာ၏ အနောက်တောင်ဘက်ရှိ မြေနိမ့်ကွင်းပြင်ကျယ်ကြီးနေရာ၌ ထိုကန်ကြီးရှိခဲ့ဖူးသည်ဟု ဆိုကြသည်။

မင်းဂံရွာ၏ အနောက်အရပ်တွင် အင်္ကျယ်ရွာတည်ရှိသည်။ ပုဂံခေတ်က တောင်ပြုန်းမင်းနှစ်ပါးကြောင့် ရင်နင့်ဖွယ်အဖြစ်နှင့်ကြုံခဲ့ရသူ အင်္ကျယ်ရွာသူ မရွှေဥ၏ နေအိမ်တည်ရှိသောရွာ ဖြစ်သည်။

ဘုတ်ရွာ

ဘုတ်ရွာမှာ မင်းဂံရွာ၏မြောက်ဘက်တွင်ရှိပြီး တစ်ခေါ်သာသာလောက်သာဝေးသည်။ ရှေးဟောင်းရွာများဖြစ်ကြပြီး ရှေးခေတ်စေတီပုထိုးများလည်းရှိသည်။ ဘုတ်ရွာ၏ မြောက်ဘက်တွင် သက္ကယ်ကျင်းရွာတည်ရှိသည်။ ထိုရွာတွင် နယ်ခံတို့၏ ပါးစပ်ရာဇဝင်အရ သီရိဓမ္မာအသောကမင်းကြီး သာသနာပြုစဉ်က ရေကန်ပေါင်းရှစ်သောင်းလေးထောင် စေတီပေါင်းရှစ်သောင်းလေးထောင်တွင်အပါအဝင်ဖြစ်ခဲ့ဖူးသည်ဆိုသော ရေကန်နှင့်စေတီဟောင်းလည်းရှိသည်။  

ပညာရေး

မင်းကန်ရွာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှိသည်။

ဘုတ်ရွာတွင် အခြေခံပညာမူလတန်းကျောင်း ရှိသည်။

စီးပွားရေး

အများအားဖြင့် တောင်သူ အလုပ်သာလုပ်ကိုင်ကြသည်။

အနီးပတ်ဝန်းကျင်ရွာများ

မင်းဂံရွာ၏မြောက်ဘက်နှင့် အရှေ့မြောက်အရပ်တွင် ဘုတ်ရွာ သက္ကယ်ကျင်းရွာ နှင့် ဘိုင်ပင်ရွာတို့တည်ရှိသည်။ တည်ဆောက်ဆဲဖြစ်သော ဖောင်တော်ဦးအပြည်ပြည်ဆိုင်ရာတက္ကသိုလ်သည် ဘိုင်ပင်ရွာအနီးတွင်တည်ရှိသည်။

မင်းဂံရွာ၏ အရှေ့ဘက်တွင် တောစုရွာ ထုံးဖိုရွာနှင့် ပိန္နဲရိုးရွာတို့တည်ရှိသည်။ အဝါရောင်မျိုးဆက်သစ် (YGW)ပရဟိတမိဘမဲ့ကလေးများကျောင်းသည် တောစုရွာတောင်ဘက် အနီးအပါးတွင်တည်ရှိသည်။

မင်းဂံရွာ၏ တောင်ဘက်တွင် ဆင်ပွတ်ကြီးရွာ ဆင်ပွတ်ကလေး(ရုံးသာ)ရွာနှင့် ညောင်တော(မှန်ပင်)ရွာတို့တည်ရှိသည်။

မင်းဂံရွာ၏ အနောက်ဘက်တွင် ဇီးတောရွာ အင်္ကျယ်ရွာနှင့် အိမ်ရှေ့မင်းထန်းတောဟုလူသိများသော ထန်းဥယျာဉ်(ထန်းတော)တောင်ရွာနှင့်ထန်းဥယျာဉ်(ထန်းတော)မြောက်ရွာတို့တည်ရှိသည်။ထိုရွာများ၏ မြောက်ဘက်တွင် ဂန္ဓမာရွာနှင့် ဒဟတ်တောရွာတို့တည်ရှိသည်။ မင်းဂံရွာ၏ အနောက်မြောက်ယွန်းယွန်းတွင်ရှိသည်။ ဇီးတောရွာမှ တစ်ပါး ကျန်ရွာများသည် ဆည်တော်ကြီးတူးမြောင်း၏ အနောက်ဘက်ခြမ်းရှိ ရွာများဖြစ်သည်။

မင်းဂံရွာ၏ အနောက်မြောက်ဘက်တွင် ကန်ပြင်ရွာ ရုံးပင်ရွာနှင့် ကံကြီးရွာတို့တည်ရှိသည်။ ကံကြီးရွာအနီးတွင် မန္တလေးကွန်ပျူတာတက္ကသိုလ်(ဒဟတ်တော)တည်ရှိသည်။

အခြားစိတ်ဝင်စားဖွယ်ရာများ

ရှေးယခင်က မင်းဂံနှင့်ဘုတ်ရွာ၏ ရွာဦးကျောင်းထိုင်ဘုန်းတော်ကြီးများမှာ ရခိုင်အဆက်အနွယ်ဘုန်းတော်ကြီးများဖြစ်သည်။ရခိုင်အနွယ်များ အခြေချနေထိုင်ခဲ့ကြဟန်ရှိသည်။ ရခိုင်ပြည်နယ်တွင်လည်း မင်းဂံရွာ ဘုတ်ရွာဟူသောအမည်များဖြင့် အမည်တူကျေးရွာများလည်းရှိနေသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။

နန်းတော်ရှေ့ဆရာတင်က မင်းဂံဘုတ်ရွာသူတွေ ချောကြောင်းလှကြောင်း တေးသီချင်းထဲတွင် ထည့်စပ်ခဲ့သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.