မြ၊ သခင်

သခင်မြသည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အပြင် ထင်ရှားကျော်ကြားသော နိုင်ငံရေးသမား ဖြစ်သည်။

သခင်မြ
Thakhin Mya

ပြည်တွင်းရေး ဝန်ကြီးဌာန
ဝန်ကြီးချုပ်
စက်တင်ဘာ ၁၉၄၆ - ၁၉ ဇူလိုင် ၁၉၄၇
ကိုယ်ရေး အချက်အလက်
အမည်ရင်း မောင်ဘရွှေ
မိဘများ ဦးဘိုးချွန် နှင့် ဒေါ်သက်လယ်
မွေးရပ်ဇာတိ ထုံးဘိုရွာ၊ ပန်းတောင်းမြို့နယ်ပြည်ခရိုင်
လူမျိုး ဗမာ
နိုင်ငံသား မြန်မာနိုင်ငံ
အလုပ်အကိုင် ရှေ့နေ၊
ပြည်ထဲရေးဌာနဝန်ကြီး
ပါတီ တို့ဗမာအစည်အရုံး
လူသိများခြင်း အာဇာနည် ကိုးဦး
ကြင်ဖော် ဒေါ်ခင်ညွန့်
ကွယ်လွန်ရက် ၁၉ ဇူလိုင် ၁၉၄၇
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့မြန်မာနိုင်ငံ

ငယ်ဘဝ

အမျိုးသားခေါင်းဆောင်ကြီး သခင်မြ မွေးရပ်မြေ၊ ထုံးဘိုမြို့

သခင်မြ(၁၂၅၉-၁၃၀၉)ကို ၁၂၅၉ခုနှစ် သီတင်းကျွတ်လဆန်း ၁၂ ရက် ကြာသပတေးနေ့တွင် ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုရွာ သစ်ကုန်သည် ဦးဘိုးချွန်၊ ဒေါ်သက်လယ်တို့မှ ဖွားမြင်သည်။

ပညာရေး

ငယ်စဉ်က ပြည်မြို့ အစိုးရအထက်တန်းကျောင်းနှင့် သာယာဝတီမြို့ ကရင် အေဘီအမ်အထက်တန်းကျောင်းများတွင် ပညာသင်ကြားခဲ့သည်။ ၁၉၁၆ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ရန်ကုန်မြို့ စိန်ဂျွန်းကျောင်းမှ စကောလားရှစ်ဆုနှင့် အောင်မြင်ကာ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပစာသိပ္ပံတန်းကို အောင်မြင်သည်။ ၁၉၂၀ ရန်ကုန်ကောလိပ် သပိတ်ကြီးတွင် သပိတ်မှောက် ကျောင်းသားတဦး အဖြစ်ပါဝင်ခဲ့သည်။

ထို့နောက် ကြည့်မြင်တိုင် အမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်တွင် ပညာဆက်လက်သင်ပြန်ရန် ဘီအက်စ် ဂုဏ်ထူးတန်းကို ၁၉၂၄ ခုနှစ်တွင် အောင်မြင်သည်။ ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်းတွင် သိပ္ပံဆရာအဖြစ် ဆောင်ရွက်နေရင်း ၁၉၂၇ ခုနှစ်တွင် ဘီအယ်လ် (ဥပဒေဝိဇ္ဇာတန်း) ကို အောင်မြင်ပြန်သည်။[1]

ရှေ့နေဘဝ

၁၉၂၇ ခုနှစ်တွင် သာယာဝတီမြို့သို့ ပြန်လည်နေထိုင်ကာ ရှေ့နေအဖြစ် အသက်မွေးရင်း သာယာဝတီခရိုင် ကင်းထောက်မင်းကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။ သာယာဝတီ သူပုန်အရေးတွင် သူပုန်အမှုများ လိုက်ပါဆောင်ရွက်ပေးသဖြင့် နာမည်ကြီးခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု

၁၉၄၃ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီး သခင်အမည်ခံကာ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၁၉၃၇ ခုနှစ်တွင် အရွေးခံရသည်။ လွှတ်တော်တွင် လစာမယူဘဲ ဆောင်ရွက်ခဲ့သည့်အပြင် (ထိုခေတ်က ၅၀၀၀ စားခေတ်) ၁၃ဝဝပြည့် အရေးတော်ပုံအတွင်း အစိုးရ၏ ပြုမူဆောင်ရွက်ပုံများကို မကျေနပ်သဖြင့် ဥပဒေပြုလွှတ်တော် အမတ်အဖြစ်မှ နုတ်ထွက်[2] ၍ တဖန်အရွေးခံသောအခါ မဲဆန္ဒရှင်များသည် သူ့ကိုပင် အားထားနှစ်သက်ကြသဖြင့် ရွေးကောက်ခြင်းခံရပြန်သည်။ ၁၉၃၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးကြီး၏ ဥက္ကဋ္ဌဖြစ်လာပြီး ၁၉၄၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံးဥက္ကဋ္ဌ ဖြစ်လာလေသည်။

ဂျပန်ခေတ်တွင် လွတ်လပ်ရေးပြင်ဆင်မှုအဖွဲ့ဝင်၊ ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီး အဖြစ်လည်းကောင်း၊ ဒုဝန်ကြီးချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့လေသည်။ ဂျပန်တို့၏ ဖိနှိပ်ရက်စက်မှုကို တွန်းလှန်ရန် ၁၉၄၄ ခုနှစ်တွင် ဖဆပလ အဖွဲ့ချုပ်ကြီးကို လျို့ဝှက်စွာ တည်ထောင်ခဲ့ရာ ပြည်သူ့အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) လည်းပါဝင်ခဲ့ရာ သခင်မြသည် ထိုပါတီ၏ ခေါင်းဆောင်ဖြစ်သည်။ ဂျပန်တော်လှန်ရေး ပြီးသည့် နောက်တွင် ဖဆပလအဖွဲ့ချုပ်ကြီးတွင် ပါဝင်ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဆိုရှယ်လစ်ပါတီ တည်ထောင်သောအခါ ဥက္ကဋ္ဌဖြစ်လာသည်။

ဖဆပလအစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း၊ နောင် ဘဏ္ဍာရေးဝန်ကြီး အဖြစ်လည်းကောင်း ဆောင်ရွက်ရလေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အင်္ဂလိပ်အစိုးရက ဖိတ်ခေါ်ဆွေးနွေးသောအခါ ဗြိတိန်နိုင်ငံသို့ ဗိုလ်ချုပ်နှင့်အတူ ကိုယ်စားလှယ်တော် တစ်ဦးအနေနှင့် လိုက်ပါခဲ့ရသည်။ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အင်္ဂလန်သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့သူဖြစ်သည်။ သခင်မြသည် ရိုးဖြောင့်ခြင်းဂုဏ်နှင့် ပြည့်စုံပြီး ကိုယ်ကျိုးမငဲ့ ဆောင်ရွက်ခဲ့ပုံများကို လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် အကြိမ်ကြိမ်တွေ့မြင်ကြရသည်။

သာယာဝတီခရိုင် အုတ်ဖိုမြို့ ဦးဘကျော်၏ သမီး ဒေါ်ခင်ညွန့်နှင့် လက်ထပ် ထိမ်းမြားခဲ့ပြီး သားသမီးမထွန်းကားခဲ့ချေ။

သခင်မြ၏ဖြတ်ထိုးဉာဏ်

[3] မန္တလေးမြို့တွင် ကြေးနန်းကြိုးခွေများ ပျောက်ဆုံးမှုတစ်ခုဖြစ်လေသည်။ ထိုကြေးနန်း ခွေများကို ဂျပန်ကင်ပေတိုင်အဖွဲ့က မရမနေစုံစမ်းချက်ကြောင့်၊ နောက်ဆုံးတွင် ကြေးနန်းကြိုး ခွေများခိုးသော တရားခံကိုမိလေသည်။ ဤတွင် တရားခံက ဗမာ့တပ်မတော် စစ်လက်နက်ဌာန စစ်ဝတ်စစ်စား ဌာနမှူး ဗိုလ်ဗတင် က ခိုးခိုင်းတယ် ဟူ၍ ဂျပန်အားထွက်ဆိုလေသည်။ ထို့ကြောင့်လည်း ဗမာ့ကာကွယ်ရေးတပ်မတော်ရုံး(ရန်ကုန်မြို့)သို့ ဂျပန်ကင်ပေတိုင် အဖွဲ့က ဗိုလ်ဗတင်အားသာ ဖမ်းဆီးပြီး မန္တလေးသို့ ခေါ်ဆောင်သွားလေသည်။ မန္တလေးမြို့သို့ရောက်သောအခါ ဂျပန်က ဗိုလ်ဗတင်အား ဖက်ဆစ်နည်းမျိုးစုံဖြင့် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခြင်းအမှုကို ပြုလေသည်။ နှစ်ရက်တစ်ခါထုတ်ပြီး ရိုက်နှက် စစ်ဆေးလေ၏။ ပြီးနောက် စစ်ဆေးသောဂျပန်က ခုကြေးနန်းကြိုးခွေတွေကို ဘယ်သူကခိုး ခိုင်းသလဲ.. ဗိုလ်အောင်ဆန်းကလား၊ ဗိုလ်နေဝင်းကလား၊ ဗိုလ်လက်ျာကလား ဟူ၍ အမျိုးမျိုး ရိုက်နှက်ပြီးမေးပါသည်။ ဂျပန်များရလိုသောအဖြေက ဗမာ့တပ်မတော်ထဲတွင် ဦးဆောင်နေသော ဗိုလ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ ဗိုလ်လက်ျာ ဤအထဲမှ တစ်ယောက်ယောက်က ခိုးခိုင်းပါသည်ဟူသော အဖြေပင်ဖြစ်၏။ သို့မှသာလျှင် ဤခေါင်းဆောင်နေသူများကို ဆက်လက်၍ ဂျပန်ကဒုက္ခပေးနိုင်တော့မည်။ အမျိုးမျိုးသော ညှင်းပန်းနှိပ်စက်ခြင်းကို ခံနေရသော ဗိုလ်ဗတင်ကလည်း အံကြိတ်၍ ခံပြီး ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ ဗိုလ်လက်ျာတို့နဲ့ ဘာမှမဆိုင်ပါဘူး။ ကျုပ်ကိုယ်တိုင်ကမခိုးခိုင်းပါဘူး။ ဒီကြေးနန်းကြိုးခွေပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး၊ ကျုပ်ကိုသတ်ရင်လဲ ခံပါ့မယ် ဟူ၍ ရဲရဲဝံ့ဝံ့ပင်ဆိုလေ၏။ ဤသို့ဗိုလ်ဗတင်ကို ဂျပန်များကမတရားနှိပ်စက်နေသည့်သတင်းများကို အမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်သော သခင်မြကသိရှိသွားလေသည်။ ထိုနောက်ပိုင်းတွင် ညှင်းပန်းနှိပ်စက်ခြင်းဒဏ်ကို မရှုမလှ ခံနေရသော ဗိုလ်ဗတင်ကို ဂျပန်က သတ်တော့မည်ဟူသော သတင်းဆိုးကြီးက ထွက်ပေါ်လာ တော့သည်။ ဖြတ်ထိုးဉာဏ် လွန်စွာကောင်းသော သခင်မြသည် ဗိုလ်ဗတင်ကို ဂျပန်ဖမ်းဆီးထားသည့် ပြဿနာနှင့်ပတ်သက်၍ အကြံတစ်ခုရရှိလေသည်။ ထိုစဉ်က ရန်ကုန်မြို့ဝယ် အလွန်ဩဇာတိက္ကမ ရှိသော ကင်ပေတိုင် အကြီးဆုံးဗိုလ်ချုပ်ကြီးမှာ မာဇူအိုကာဆိုသူဖြစ်၏။ သူသည်ရွှေပြားနှင့် ကြယ်ပွင့်တစ်ပွင့်ဖြစ်၏။ သူစီးလေသောကားမှာ ၇-ယောက်စီး ဒေါ့ကားဖြစ်ပြီး အလံရောင်မှာ အဝါဖြစ်၏။ သူ၏ဝါသနာမှာ ညနေတိုင်းလိုလို ဗဟန်း(ယခုအိုရိယင့်ကလပ်)ကန်တော်ကြီး နားတွင် ငါးမျှားချိတ်နှင့် လိပ်များကို မျှားလေ့ရှိသည်။ ဤဂျပန်ဗိုလ်ချုပ်ကြီး မာဇူအိုကာသည် ဂျပန်ပြည်၌ဇနီးတစ်ယောက်ရှိလေသည်။ ဇနီးအငယ်မှာ အလွန်ချော၍ သူအလွန်ချစ်မြတ်နိုးခြင်းကို ခံရသူဖြစ်သည်။ ထိုဇနီးငယ်ထံမှ ဂျပန်ပြည်တွင် သားယောက်ျားလေးတစ်ယောက် ဖွားမြင်ကြောင်း သူ့ထံသို့ စာတစ်စောင်လာ၏။ သည်သတင်းကောင်းကို သိပြီးဖြစ်နေသော ဂျပန်ကင်ပေတိုင် ဗိုလ်ချုပ်ကြီးသည် အလွန်ဝမ်းသာပြီး ပီတိသောမနဿ ဖြစ်နေချိန် ဖြစ်လေသည်။ ဤအကြောင်းကို သခင်မြကကောင်းစွာသိနှင့်ထားပြီး ဖြစ်လေသည်။ ထို့ကြောင့် တစ်နေ့သောအခါ သခင်မြသည် သခင်နု (နောင်တွင် နိုင်ငံတော် ဝန်ကြီးချုပ်)၊ သခင်သန်းထွန်း တို့နှင့်အတူ ကင်ပေတိုင် ဗိုလ်ချုပ်ကြီး မာဇူအိုကာ၏အိမ်သို့ သွားရောက်ကြလေသည်။ ရောက်လျှင်ရောက်ချင်း သခင်မြက ဝမ်းသာကြည်နူးသောဟန်ဖြင့်-

ဗိုလ်ချုပ်ကြီး ခင်ဗျားသတင်းကို ကျုပ်တို့ကြားရတာဝမ်းသာပါတယ်။ ဒါကြောင့် ကျုပ်တို့ကို ထမင်းကျွေးရမယ်နော်။ အမှတ်မထင်ပြောလိုက်သော သခင်မြ၏စကားဆန်းကြောင့် မာဇူအိုကာသည် အံ့ဩသွား၏။ ပြီးနောက်မှ သတိရ၍ ဘာများဝမ်းသာစရာကြားထားလို့လဲ။ တစ်ခြားတော့မဟုတ်ပါဘူးလေ၊ ဂျပန်ပြည်မှာရှိတဲ့ဇနီးငယ်ဟာ သားယောက်ျားလေး တစ်ယောက် ဖွားမြင်တယ် မဟုတ်လား။

ဗိုလ်ချုပ်ကြီးမာဇူအိုကာသည် ပါးစပ်အဟောင်းသားနှင့်ဖြစ်သွားကာ ဪ .. ဟုတ်တယ် ဟုတ်တယ် ဟူ၍ ပြန်ပြောလိုက်လေသည်။

ဤစကားတစ်ခွန်းကြောင့်ပင် မာဇူအိုကာ၏မျက်နှာသည် သိသိသာသာကြီး ကြည်လင် သွားလေသည်။ လူတစ်ယောက်စိတ်ရွှင်လန်းနေချိန်တွင် ကိုယ်၏ပြောစကားသည် အောင်မြင်သည် ဟူသော သဘောတရားကို သခင်မြက ကောင်းကောင်းကြီးသိထားနှင့်၏။ ထို့ကြောင့်ပင် စိတ်ရွှင်လန်းမြူးထူးနေသော မာဇူအိုကာအား သခင်မြကဆက်၍ပြောလေသည်။

ကျွန်တော်တို့ဗမာမှာ ထုံးစံရှိတယ်၊ ကိုယ့်မှာသားယောက်ျားလေးမွေးရင် တတ်နိုင်သမျှ သူတစ်ပါးရဲ့အသက်ကို ဘေးမဲ့လွှတ်ရတယ်...

ဘယ်လိုများလဲ

ဆိုလိုတာကတော့ ကိုယ့်မှာသားယောက်ျားလေးဖွားတဲ့အခါမှာ သေမဲ့လူရဲ့အသက်လွှတ် ပေးရင် ကိုယ့်သား ယောက်ျားလေး ဟာလဲ အဘိုးတန်တဲ့ယောက်ျား ကောင်းတစ်ယောက် ဖြစ်လာနိုင် တဲ့သဘောပေါ့..၊ ခုပြောလိုတာက တစ်ခြားတော့မဟုတ်ဘူး..၊ မန္တလေးကင်ပေတိုင်အဖွဲ့က ဖမ်းထားတဲ့ ကျွန်တော့်မိတ်ဆွေ ဗိုလ်ဗတင်ကိစ္စဘဲ၊ ဗိုလ်ဗတင်ဟာ လူရိုးလူအေးတစ်ယောက် ဖြစ်ကြောင်းကို ကျွန်တော် ကောင်းကောင်းကြီး သိပါတယ်။ သူ့မှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်လို့ သူ့မှာသာအပြစ်ရှိရိုးမှန်ရင် ကျွန်တော်ဟာဘယ်လိုလုပ်ပြီး ဗိုလ်ချုပ်ကြီးကိုလာပြောဝံ့ပါ့မလဲ

ခင်ဗျားပြောတာအမှန်ပဲနော်

ဟုတ်ပါတယ်......မယုံရင် ဗိုလ်ဗတင်အကြောင်းကို ဗိုလ်ချုပ်ကြီးကိုယ်တိုင်စုံစမ်းကြည့်ပါ

ကင်ပေတိုင်ဗိုလ်ချုပ်ကြီးမာဇူအိုကာသည် ထိုင်ရာမှထ၍ မန္တလေးမြို့ကင်ပေတိုင် ရှိမာဒါ ထံသို့ ဝါယာလက်ဖြင့် ဗိုလ်ဗတင်ကိုအမြန်ဆုံးလွှတ်ရန်အကြောင်းကြားလိုက်ပါ၏။ နောက်တစ်နေ့ တွင် ဗိုလ်ဗတင်သည် ရန်ကုန်မြို့ သို့ရောက်လာတော့သည်။ ကံကောင်းထောက်မသော ဗိုလ်ဗတင်သည် သခင်မြ၏ကျေးဇူးကြောင့် အသက်နှင့်ခန္ဓာ အိုးစားမကွဲပဲ ၄၄-ရက်သာ အချုပ်ခံ အညှင်းခံရပြီး လွတ်မြောက်လာခဲ့ပါသည်။ သည့်နောက်တွင် ဗိုလ်ဗတင်သည် ဗမာတပ်မတော်၌ သူ့ရှိရင်းစွဲအလုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်နေ၏။ ဗိုလ်ဗတင် လွတ်လာကြောင်းကို ဗိုလ်အောင်ဆန်းအစရှိသော ဗမာ့တပ်မတော်ခေါင်းဆောင်များက သိ၍ များစွာပင် ဝမ်းသာနေကြသည်။

ဘဝနိဂုံး

ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်(၁၃၀၉ခုနှစ် ဝါခေါင်လဆန်း ၂ရက်)၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အသက်ဆုံးရှုံးခဲ့ရရှာသည်။

ကိုးကား

  1. မြို့မ-၊ မြင့်ကြွယ်။ မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒါန်းအစ။ ရန်ကုန်မြို့: ပြန်ကြားရေး ဝန်ကြီးဌာန စာပေဗိမာန်။ p. ၂၁၄။
  2. သခင်မြ သို့မဟုတ် မြန်မာပြည် မြေအောက်တော်လှန်ရေးဖခင် - အပိုင်း(၁)ရေးသူ-အောင်ခင်မြင့် (လစာမယူသော ကိုယ့်မင်းကိုယ့်ချင်း အဖွဲ့ခေါင်းဆောင် အောက်လွှတ်တော် အမတ် သခင်မြ၊ သခင်အံ့ကြီး၊ဘုရင်ခံကိုယ်တိုင် ရွေးချယ်ထားသော အထက်လွှတ်တော်အမတ် မြို့မကျောင်းအုပ်ကြီး ဦးဘလွင် တို့သည် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့သော အတွင်းဝန်ရုံး(ယနေ့ ခေတ် ဝန်ကြီးများရုံး) ပြဿနာ နှင့် စပ်လျဉ်း၍ ပါလီမန်အမတ် အဖြစ်မှ နုတ်ထွက်စာတင်းသွင်းခဲ့ပါသည်။)]
  3. U Satt Suu: သခင်မြ၏ ဖြတ်ထိုးဉာဏ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.