ဗတင်၊ သခင် (လက်သီးပုန်း)
လက်သီးပုန်း သခင်ဗတင်ကို ၁၉၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် သံတွဲခရိုင် ၊ ကျိန္တလီမြို့ လယ်ဝန်ဦးဘိုးဖေ ၊ ဒေါ် မယ်သီ တို့ မှ ဖွားမြင်၍ မွေးချင်း ရှစ်ဦးအနက် ဒုတိယ မြောက် သားဖြစ်သည်။ ငယ် စဉ်က ညီဖြူဟု ခေါ်ကြသည်။ သံတွဲမြို့ အေဘီ အမ်ကျောင်းနှင့် အစိုးရအထက်တန်းကျောင်း တို့ တွင် ဒသမတန်းအောင် သည့် အထိ ပညာသင်ကြားခဲ့သည်။
လွတ်လပ်ရေးကြိုးပမ်းမှု
မိဘလက်ငုတ် စီးပွားရေး လုပ်ကိုင်နေရာမှ တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦး ဖြစ်လာပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံး စတင်ပေါက်ပွား လာသောအခါ အထွေထွေအတွင်းရေးမှူးဖြစ်လာပါသည်။ နယ်ချဲ့ဆန့်ကျင်ရေးသပိတ်တိုက်ပွဲများနှင့် ၁၃ဝဝပြည့် ရေနံမြေအရေးတော်ပုံတို့တွင် ပါဝင် လှုပ်ရှားခဲ့သည်။
ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဌာနချုပ်အတွင်းရေးမှူးအဖြစ် လည်းကောင်း ၊ ဗမာ့ကာကွယ်ရေးတပ်မတော်စစ်ဝန်ကြီးရုံး ၊ စစ်ဝတ်ဌာနမှူးအဖြစ် လည်းကောင်း ၊ ဗမာ့ မျိုးချစ်တပ်မတော်တိုင်း(၄) ဒုတိုင်းမှူးအဖြစ်လည်းကောင်း စစ်မှုထမ်းခဲ့ရာ ဗိုလ်ဗတင်ဟုလူသိများပါသည်။ ကျောင်းသားဘဝက ရေးသားခဲ့သော 'ဘဝတစ်သက်တာ' စာအုပ်နှင့် သခင်ဘဝက ရေးသားသော အိုင်ယာလန်တော်လှန်ရေး နောက်ခံ 'လက်သီးပုန်း' စာအုပ်တို့ကြောင့် လက်သီးပုန်းသခင်ဗတင်ဟု ခေါ်ဝေါ်လာကြသည်။
ဘဝနိဂုံး
စစ်အတွင်း ဖက်ဆစ်အကျဉ်းသမားဘဝကို ခြယ်မှုန်းသော ‘ဖက်ဆစ်အကျဉ်းသမားဘဝ’ ကိုယ်တွေ့ဆောင်းပါးများကို ၁၉၅၆ ခုနှစ်က ရှုမဝ မဂ္ဂဇင်းတွင် ရေးသားခဲ့ပါသည်။
ထို့နောက် စစ်ပြီးကုန်သည်ဘဝတွင် ကျင်လည်ခဲ့သည်။ ၁၉၆၅ ခု အောက်တိုဘာလ ၁၆ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ပါသည်။ လက်သီးပုန်းသခင်ဗတင်သည် ဦးဘသော် ၊ ဒေါ်မမကြီး တို့၏သမီး ဒေါ်ကြည်နှင့် လက်ထပ်၍ သားသမီး ၈ ဦး ထွန်းကားခဲ့ သည်။ သားသမီးများမှာ ဦးမျိုးဝင်းတင် ၊ ဦးဇော်ဝင်းတင် ၊ ဒေါ်လင်းလင်းတင် ၊ ဒေါ်စမ်းစမ်းတင် ၊ ဦးဝင်းသော် ၊ ဦးစိုးမျိုးတင် ၊ ဦးခင်မောင်တင် တို့ဖြစ်သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ကြည်ကြည်နှင့် သားသမီး ရှစ်ဦးကျန်ရစ်ပါသည်၊။
ဂုဏ်ပြုချီးကျူးခံရခြင်း
သခင်ဗတင်သည် နိုင်ငံ့တာဝန်များကို ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်အပ်နှင်းသည့် လွတ်လပ်ရေးမော်ကွန်းဝင်ပထမဆင့်၊ အရေးတော်ပုံတံဆိပ်၊ တိုက်ပွဲဝင်တံဆိပ်၊ လွတ်လပ်ရေးတံဆိပ် တို့ကိုရရှိခဲ့သည်။
ကျိန္တလီမြို့ရှိ လမ်းဆုံအဝိုင်းမှ ဘိုတဲ (ယခု ဆောက်လုပ်ရေးရိပ်သာ) ဆီသို့ သွားသောလမ်းမကြီးအား ဗိုလ်ဗတင်လမ်း ဟု အမှတ်တရ ဂုဏ်ပြု အမည်ပေးထားသည်။
[1]
ကျမ်းကိုးစာရင်း
- လက်သီးပုန်းသခင်ဗတင်၏မိသားစုပြောပြချက် ( ၁၀ - ၁၂ - ၉၈ )