ရှုမဝ ရုပ်စုံမဂ္ဂဇင်း
ရှုမဝ ရုပ်စုံမဂ္ဂဇင်းသည် မြန်မာ့စာပေလောကရှိ မဂ္ဂဇင်းတစ်စောင်ဖြစ်သည်။ ရှုမဝရုပ်စုံမဂ္ဂဇင်းအား ၁၉၄၇၊ ဇွန်လမှ စတင်၍ တည်းဖြတ်ထုတ်ဝေခဲ့သည်။ တည်ထောင်သူမှာ ရှုမဝဦးကျော် ဖြစ်သည်။ ၁၉၅၂-ခုနှစ်တွင် ရှုမဝတစ်ထောင်ဆုခေါ် စာပေဆုများကို ပေးအပ်ခဲ့သည်။
စတင်ထုတ်ဝေရာ အတွဲ (၁)၊ အမှတ် (၁) ဟု သတ်မှတ်ထားခဲ့သည်။ (၁၂) အုပ်ပြည့်တိုင်း အတွဲသစ်ကို ထုတ်ဝေသည်။ တင့်တယ်၏ သွေးနှင့်မျက်ရည် နယ်ချဲ့ဆန့်ကျင်ရေး ဝတ္ထုရှည်ကြီးကို ထည့်သွင်းဖော်ပြခဲ့သည်။ သော်တာဆွေ၊ ရွှေဥဒေါင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဇေယျ၊ ဉာဏ၊ သုခ၊ ဒဂုန်ရွှေမျှား စသည့် နာမည်ကြီးစာရေးဆရာများ အားဖြည့်ရေးသားကြသည်။ တင့်တယ်နှင့် သော်တာဆွေသည် ဤမဂ္ဂဇင်းမှ နာမည်ရလာသူများ ဖြစ်သည်။
လွတ်လပ်ရေးရသောအခါ ပြည်တွင်းဆူပူမှုများကြောင့် မြို့ရွာဆက်သွယ်မှုများ ပြတ်တောက်၍ မဂ္ဂဇင်းစာစောင်များ ရပ်ဆိုင်းသွားသော်လည်း ရှုမဝမှာ လစဉ်မပျက် ထုတ်ဝေနိုင်ခဲ့သည်။ ခေတ်ပြိုင်ထုတ်ဝေသော မဂ္ဂဇင်းများမှာ ပဒေသာ၊ ပညာ၊ ယုဇနရုပ်စုံ၊ တော်ဝင်၊ ကြေးမုံ၊ နိုင်ငံသစ်စာစောင် စသည်တို့ ဖြစ်သည်။
မဂ္ဂဇင်း၏ ထူးခြားချက်မှာ မျက်နှာဖုံးအား အလှကျက်သရေဆောင် အမျိုးသမီးပန်းချီများဖြင့် ပုံနှိပ်ခြင်းဖြစ်သည်။ မျက်နှာဖုံးနှင့် အတွင်းရုပ်ပုံများကို ဦးအုန်းလွင်၊ ဦးကိုလေး၊ ဦးငွေကိုင်၊ ဦးဘကြည်၊ ဦးစန်းလွင်၊ ဦးသောင်းဟန်၊ မောင်မောင်သိုက်၊ ဝသုန်၊ ဦးတင်လှဝင်း၊ ဦးလှသိန်း၊ ဦးဖေသိန်း၊ ဦးသန်းကြွယ်၊ ဦးအောင်စိုး (ဗဂျီအောင်စိုး)၊ ဦးဘသစ်၊ ဦ:မြင်ရှင်နှင့် မောင်ငွေထွန်းတို့က ရေးဆွဲပေးကြသည်။ ၁၉၉၁ ခုနှစ်၊ ဇွန်လမှစ၍ သရုပ်ဆောင်အမျိုးသမီးဓာတ်ပုံများဖြင့် ပြောင်းလဲထုတ်ဝေသည်။
ပျှမ်းမျှအားဖြင့် စာမျက်နှာ (၂၀၀) ခန့် ပါဝင်ပြီ: ကြော်ငြာစာမျက်နှာ (၁၀) မျက်နှာခန့် ထည့်သွင်းသည်။ မာတိကာကို ကျောဖုံးတွင် အများအားဖြင့် ဖော်ပြထားတတ်ပြီး အချို့စာအုပ်များတွင် ရှေ့ဘက်၌ တွေ့ရသည်။
ပါဝင်သော အခန်းကဏ္ဍများမှာ ကဗျာ၊ ကာတွန်း၊ ပုံပြင်၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်၊ မမေ့နိုင်တဲ့ပြဿနာ၊ ဆောင်းပါး၊ အဟိ၊ စာကြည့်တိုက်၊ ကမ္ဘာ့ဆိုးပေကြီးများ၊ တကယ့်အဖြစ်အပျက်၊ ကလေးရှုမဝ၊ ချစ်ကိုယ်တွေ့ တို့ ဖြစ်သည်။ အတွဲ (၁၄)၊ အမှတ် (၁၅၇) သည် အထူးထုတ် ဖြစ်သည်။ စတင်ထုတ်ဝေစဉ်တွင် (၁၆ x ၂၂) စင်တီမီတာ ဖြင့် ဖြန့်ချိပြီး ၁၉၈၅ ခုနှစ် နိုဝင်ဘာလမှစ၍ (၁၈ x ၂၄) စင်တီမီတာသို့ ပြောင်းလဲခဲ့သည်။
ပထမဆုံးထည့်သွင်းခဲ့သည့် ရာဇဝင်ရုပ်ပြတွင် နတ်ရှင်နောင် ဇာတ်လမ်းအား ဖော်ပြခဲ့ပြီး ရေးဆွဲသူမှာ ဦးစိန် ဖြစ်သည်။
ရှုမဝဦးကျော်သည် တာဝန်ခံစာတည်းအဖြစ် တာဝန်ယူပြီး ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် စာတည်းချုပ်အဖြစ် ဆောင်ရွက်သည်။ တင့်တယ် နှင့် ငွေဥဒေါင်းက အတိုင်ပင်ခံ စာတည်းနှင့် စာတည်းအဖွဲ့ဝင်အဖြစ် တာဝန်ယူသည်။ ဒဂုန်ဝင်း၊ သန်းဆွေ၊ မောင်ကြည်ဆွေ၊ မောင်သာရ၊ ရန်အောင်၊ မောင်ဆွေတင့်၊ မင်းယုနိုင်၊ မောင်မြင့်မြတ် တို့မှာ စာတည်းများအဖြစ် လည်းကောင်း၊ ဒေါ်မြင့်မြင့်သန်းမှာ အုပ်ချုပ်မှုစာတည်းအဖြစ် လည်းကောင်း၊ တက္ကသိုလ်စိန်ကျော်မင်း၊ အောင်နိုင်သူ၊ သာထွဏ်းဝင်း၊ မောင်ဇော်ယု တို့မှာ အမှုဆောင်စာတည်းများအဖြစ် လည်းကောင်း အလှည့်ကျတာဝန်ယူသည်။ ယာယီစာတည်းအဖြစ် သော်တာဆွေ၊ အောင်လင်း၊ မြသန်းတင့်တို့က ဆောင်ရွက်ကြပြီး ဦးဆွေတင့်မှာ ၁၉၆၂ ခုနှစ်မှစ၍ တာဝန်ခံစာတည်းအဖြစ် ဆောင်ရွက်သည်။
ဦးကျော် ကွယ်လွန်သောအခါ သားဖြစ်သူ မောင်ဆွေတင့်က ဆက်လက်ထုတ်ဝေပြီး ၁၉၉၂ ခုနှစ်၊ ဇူလိုင်လမှစ၍ ကျန်းမာရေးအခြေအနေအရ ဆက်လက်ထုတ်ဝေနိုင်ခြင်း မရှိတော့ပေ။
ရှုမဝတစ်ထောင်ဆုရ စာမူနှင့် စာရေးဆရာများ
- ၁၉၅၃-ခုနှစ်တွင် ငွေလင်း၏ (ဤယမုံ)
- ၁၉၅၄-ခုနှစ်တွင် စိန်စိန်၏ (သားလိမ္မာ)
- ၁၉၅၅-ခုနှစ်တွင် မောင်သိင်္ခ၏ (သိကြားစေ )
- ၁၉၅၈-ခုနှစ်တွင် မောင်ရွှေကြည်၏ (ကျားဆိုသောကျား)
- ၁၉၆၁-ခုနှစ်တွင် တင်မြင့်အောင်၏ (ရေနံ့သာဦး)
- ၁၉၆၂-ခုနှစ်တွင် မြမြစိန်၏ ( အညံ့ပန်း) စသည်တို့ ဖြစ်သည်။
၁၉၅၆-ခုနှစ်၊ ၁၉၅၇-ခုနှစ်၊ ၁၉၅၉-ခုနှစ်နှင့် ၁၉၆၀-ခုနှစ်များတွင် အဆင့်အတန်းမှီ စာမူများ မရရှိသဖြင့် ဆုချီးမြှင့်ခြင်း မပြုနိုင်ခဲ့ချေ။ ၁၉၆၂-ခုနှစ်တွင် နောက်ဆုံးဆုကို ချီးမြင့်ပြီး ရပ်စဲသွားသည်။ ဆုငွေများကို နှစ်စဉ် စာဆိုတော်နေ့၌ စာရေးဆရာအသင်း ဥက္ကဋ္ဌမှ တစ်ဆင့်ချီးမြှင့်ခဲ့သည်။ ဆုရွေးချယ်ရေးအဖွဲ့မှာ ရှုမဝဦးကျော်၊ တင့်တယ်၊ ဒဂုန်တာရာ၊ သန်းဆွေနှင့် ဂျာနယ်ကျော်မမလေး တို့ ဖြစ်သည်။
ကိုးကား
- ရှုမဝဦးကျော်၏ နှစ်တစ်ရာပြည့် မွေးနေ့ အမှတ်တရ စာအုပ်မှ
- သိန်းထွန်းအောင်၊ မောင်။ "ရှုမဝမဂ္ဂဇင်းအညွှန်း (၁၉၇၃ ဇူလိုင်လ မှ ၁၉၇၄ ဇွန်လအထိ"။ ရန်ကုန်။ ၂၀၀၆။