သံတွဲမြို့
သံတွဲမြို့သည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၏ ခရိုင်ရုံးစိုက်ရာမြို့ ဖြစ်၍ သံတွဲမြစ်ဝမှအရှေ့တောင်ဘက် ၁၅ မိုင်အကွာ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ပင်လယ်ကမ်းခြေမှ အရှေ့ဘက် စူးစူးဆိုလျှင်လေးမိုင်နှင့် ငါးမိုင်ကြားလောက်သာ ဝေးသည်။ မြို့သည် တောင်ကုန်းများဝန်းရံကာ အလျား ၁၂ မိုင်၊ အနံတစ်မိုင်ခန့်ရှိသော ချိုင့်ဝှမ်းတွင် တည်ရှိသည်။ မြို့ခံလူနေအိမ်ခြေများသည် တောင်ကုန်းလေးတခုကို နောက်ခံထား၍ ဆောက်လုပ်ထားကြသည်။
သံတွဲမြို့ ဒွါရာဝတီ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
![]() | |
![]() ![]() သံတွဲမြို့ | |
ကိုဩဒိနိတ်: 18°28′N 94°22′E | |
နိုင်ငံအမည် | ![]() |
ပြည်နယ် | ![]() |
ခရိုင် | သံတွဲခရိုင် |
မြို့နယ် | သံတွဲမြို့နယ် |
လတ္တီကျု | (၁၈)ဒီဂရီ၊ (၂၈)မိနစ် |
လောင်ဂျီကျု | (၉၄)ဒီဂရီ၊ (၂၂)မိနစ် |
ရပ်ကွက်/ကျေးရွာအုပ်စု | အမှတ် (၁), အမှတ်(၂), အမှတ် (၃), အမှတ် (၄), အမှတ် (၅), အမှတ် (၆), အမှတ် (၇), အောက်နတ်မော်, ခမောင်းတုန်း, နတ်မော်, ရွှေလှေ, ဘုရားမော်, ရေကောက်, ဂွေ့ချောင်း, ပွင့်ဖြေ, မျှော့ဝမ်း, |
မြို့နယ်ရုံးစိုက်ရာမြို့ | သံတွဲမြို့ |
ဧရိယာ | |
• မြန်မာနိုင်ငံရှိ မြို့များ | ၃၅၂၂.၈ စတုရန်းကီလိုမီတာ (၁၃၆၀.၂ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၅ မီတာ (၁၈ ပေ) |
လူဦးရေ (2014)[1] | |
• မြန်မာနိုင်ငံရှိ မြို့များ | ၁၃၃,၄၈၄[1] |
• သိပ်သည်းမှု | ၁၄.၆/km၂ (၃၇.၉/sq mi) |
• မြို့ပေါ်[1] | ၁၃,၄၅၀ |
• ကျေးလက် | ၁၁၁,၃၂၃ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
စာပို့သင်္ကေတ အမှတ် | 07171 |
ဧရိယာကုဒ်(များ) | 043-2065xxx |
တောင်ကုန်းလေးပေါ်တွင်ကား ယခင်က ဥရောပတိုက်သားအရာရှိများ နေထိုင်သောအိမ်များ ရှိကြသည်။ အခြားအရာရှိများမှာ တောင်ကို မျက်နှာမူ၍ ခပ်ဝိုင်းဝိုင်း ဆောက်ထားကြသည်။ တရားရုံးကား မြစ်အနီး ခပ်လှမ်းလှမ်းတွင် ရှိသည်။ ၂၀၁၄ ခုနှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ လူဦးရေမှာ ၁၄,၃၂၇ ယောက် ဖြစ်သည်။[2] သံတွဲမြို့သည် သံတွဲမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။
သံတွဲမြို့သည် ၁၉ ရာစုနှစ်အစ၊ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲတွင် ရခိုင်တိုင်းအတွက် မြို့စောင့်တပ် ချထားရာ ဌာနချုပ်ဖြစ်ခဲ့သည့်အလျောက် အတော်ထင်ရှားသော မြို့ကလေးတစ်မြို့ ဖြစ်ခဲ့ဘူးသည်။ ထိုစဉ်အခါက ရွာကြီး သာသာဖြစ်ခဲ့သည်။
သံတွဲမြို့၏ မြို့ရွာသန့်ရှင်းစည်ပင်ရေးအတွက် မျူနီစီပယ်အဖွဲ့ကို ခရစ် ၁၈၈၅ ခုနှစ်မှစ၍ ဖွဲ့စည်း ဆောင်ရွက်လာခဲ့သည်။ ယင်းမျူနီစီပယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် အငယ်ဆုံးမျူအဖွဲ့ဖြစ်သည်။ သံတွဲမြို့သည် ပင်လယ်ကူးသင်္ဘောများ ကျောက်စွဲနိုင်သည့်စခန်းနှင့် တိုက်ရိုက်ဆက်သွယ်လျက်ရှိသော်လည်း သင်္ဘောငယ်ကလေးဖြင့်သာ ရောက်ရှိနိုင်ခဲ့သည်။ သံတွဲမြို့တွင် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာရုံးများ၊ အကျဉ်းထောင်၊ ဆေးရုံ၊ အစိုးရအထက်တန်းကျောင်း၊ အလယ်တန်ကျောင်းများနှင့် ဈေးရုံရှိသည်။ ချင်းလူမျိုးများအတွက် ခရစ်ယန်သာသနာပြု ကျောင်းလည်းရှိခဲ့သည်။ အံတော်၊ နံတော်၊ ဆံတော်ဟူ၍ ထင်ရှားသော စေတီသုံးဆူသည် သံတွဲမြစ်၏တစ်ဘက်တစ်ချက်စီတွင် ရှိကြသည်။ ဆံတော်ဘုရားကား ဒုတိယ ကမ္ဘာစစ်အတွင်းက ပျက်စီးသွားခဲ့ရာ စစ်ပြီးခေတ်တွင် သာသနာရေးဌာနမှ ထပ်မံမွမ်းမံ ပြင်ဆင်ပြီးသွားသည်။
သံတွဲမြို့မှ သစ်၊ စပါးနှင့် ငါးခြောက်များထွက်သည်။ ယခုအခါ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းအဖြစ်ဖြင့် အလွန်ထင်ရှားလာ၍ ရန်ကုန်မြို့မှ လူအများ သွားရောက် အပန်းဖြေကြသော ငပလီပင်လယ်ကမ်းခြေသည် သံတွဲမြို့နှင့် လေးမိုင်မျှလောက်သာ ဝေးကွာသည်။ ငပလီအပန်းဖြေစခန်းကြောင့် သံတွဲမြို့သည်ရေကြောင်း အပြင်လေကြောင်းဖြင့်လည်း လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းမွန်လာသည်။ မဇင်လေဆိပ်သည် သံတွဲမြို့နှင့် ၇ မိုင်ခန့်ဝေး၍ ကတ္တရာလမ်း ဖောက်ထားသဖြင့် အသွားအလာလွယ်ကူ၏။ ယခင်က မဇင်း လေဆိပ်သို့ ရန်ကုန်မှ ရက်သတ္တတစ်ပတ်လျှင် လေကြောင်းခရီး သုံးကြိမ်သာရှိ၍ စနေနေ့တွင် အထူးလေယာဉ် ခရီးပျံသန်း လျက်ရှိသည်။ ယခုအခါ သံတွဲမြို့ရှိ မဇင်လေဆိပ်သို့ လေကြောင်းခရီးနေ့စဉ် ပျံသန်းလျက်ရှိသည့်အပြင် နွေရာသီတွင်ငပလီကမ်းခြေ၌ အပန်းဖြေလိုသူများအတွက် အထူးလေယာဉ်များလည်း စီစဉ်ပေးထားလေသည်။
ငပလီကမ်းခြေ
ငပလီကမ်းခြေစခန်းသည် ရွာကလေးဖြစ်၍ မဇင်းလေဆိပ်မှ ၂ မိုင်မျှသာဝေးကွာသည်။ အဘယ်ကြောင့် ငပလီဟု ခေါ်တွင်သည်ကိုကား မည်သူမျှသိဟန်မတူချေ၊ စင်စစ်ငပလီသည် မြန်မာစကားမဟုတ်ချေ။ ခရစ် ၁၈၂၆ ခုနှစ်၊ အင်္ဂလိပ် မြန်မာပထမစစ်ပွဲအပြီးတွင် ရခိုင်တိုင်းကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးသည့်နောက် အီတာလျံလူမျိုးတို့သည် သံတွဲမြို့အနီး ယခုငပလီစခန်းသို့ ရောက်ရှိလာကြ၏။ ငပလီစခန်းနေရာသည် အီတလီနိုင်ငံရှိ နေပလီ(နေပယ်)ကမ်းခြေစခန်းကဲ့သို့ အလွန်သာယာ၍ ရှုခင်းအလွန်ကောင်းရကား နေပလီဟု ကင်ပွန်းတပ်ကာအမည်မှည့်ခဲ့ရာ နောင်ကာလရွေ့လျောလာသောအခါ နေပလီ မှ ငပလီတွင်လာသည်ဟု ယူဆကြသည်။ သံတွဲခရိုင်တွင် သင်္ဘောဆိပ်ကောင်း မရှိသဖြင့်ရေကြောင်းခရီးသွားလာမှု ခက်ခဲခဲ့ရာ ယခုအခါ သင်္ဘောဆိပ်ကောင်း တစ်ခုကို မရိုးပင်လယ်ကွေ့ရှိ လုံးသာတွင် တည်ဆောက်ထားပြီး ဖြစ်လေသည်။[3]
ယခုအခါ ငပလီကမ်းခြေမြို့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဖြစ်သည်။ ကမ်းခြေတလျှောက်ရှိ ရွာများဖြစ်သော ဂေါ့၊ စပါးကြီး၊ မဇင်၊ ဇီးဖြူကုန်း၊ ငပလီ၊ ဝါးတောင်ကွင်း လင်းသာ၊ မြပြင်၊ ဂျိတ္တောရွာများမှာ ငပလီကမ်းခြေမြို့၏ ရပ်ကွက်များ ဖြစ်လာသည်။
ကိုးကား
- ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့နယ် အစီရင်ခံစာ (PDF)။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့နယ်။ 1။ Naypyitaw: အလုပ်သမား၊ လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန။ May 2017။ p. 5။
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၀။
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)