ကျောက်ဖြူမြို့


ကျောက်ဖြူမြို့သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်း ရခိုင်ပြည်နယ် တွင် တည်ရှိသည်။ ကျောက်ဖြူခရိုင်၏ ခရိုင်ရုံးစိုက်ရာမြို့ကြီး ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်၏ အရှေ့ဖက် ကမ်းခြေအနီး ပင်လယ်ပြင်တွင် တည်ရှိသော ရမ်းဗြဲကျွန်း၏ မြောက်ဖက်အစွန်း သံစစ်မြစ်ဝ၌ တည်ရှိသည်။ ရန်ကုန်မြို့မှ အနောက်မြောက်ဖက် မိုင် ၂၅ဝ (ကီလိုမီတာ ၄၀၀) အကွာတွင် တည်ရှိသည်။ အိန္ဒိယနိုင်ငံကာလကတ္တားမြို့နှင့် ရန်ကုန်မြို့တို့အကြား ဆန်စပါးကုန်သွယ်ရာ သဘာဝအလျောက် တည်ရှိသော ပင်လယ်ဆိပ်ကမ်း တည်ရှိသည်။ ခရစ်သက္ကရာဇ် ၁၉၈၃ ခုနှစ် စစ်တမ်းအရ ခန့်မှန်း လူဦးရေ ၁၉,၄၅၆ ဦး ရှိသည်။

ကျောက်ဖြူမြို့
မြန်မာနိုင်ငံရှိ မြို့များ
ကျောက်ဖြူမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 19°25′N 93°33′E
နိုင်ငံအမည် မြန်မာ
ပြည်နယ် ရခိုင်
ခရိုင်ကျောက်ဖြူ
မြို့နယ်ရုံးစိုက်ရာမြို့ကျောက်ဖြူမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

သမိုင်းအကျဉ်း

ရှေးအခါက ရခိုင်ပြည်၌ မထင်ရှားသော တံငါရွာကလေးမျှသာ ဖြစ်ခဲ့၏။ ကျောက်ဖြူမြို့ကို ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄-၁၈၂၆) ဖြစ်ပွားပြီးနောက် ကျောက်ဖြူမြို့နေရာတွင် စစ်တပ်များ ချထားခဲ့၏။ ထိုအခါ ကျောက်ဖြူမြို့နယ်မြေသည် စစ်တွေ၊ သံတွဲနှင့် ရမ်းဗြဲခရိုင်များအတွင်းသို့ ကျရောက်ခဲ့၍ အမ်းမြို့မှာ ခရိုင်ဌာနချုပ် ရုံးစိုက်ရာမြို့ မညီညွတ်ခြင်း၊ ပင်လယ်ကမ်းခြေနှင့် ဝေးခြင်းတို့ကြောင့် ယခင်စစ်တပ်များ ချထား ခဲ့ဘူးသော ကျောက်ဖြူမြို့သို့ ၁၈၃၈ ခုနှစ်တွင် ရွေ့ပြောင်းရုံးစိုက်ခဲ့၏။ ရမ်းဗြဲခရိုင်နှင့် အမ်းခရိုင်တို့ကိုလည်း ပေါင်း၍ ကျောက်ဖြူခရိုင်ဟု သတ်မှတ်ခဲ့လေသည်။ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၂၇ဝ ကျော် ပါဝင်သည်။

လက်ရှိ ကျောက်ဖြူမြို့မှ ၇ မိုင်ခန့် ကွာဝေးသော အုန်းတောရွာ အနီးတွင် ကျောက်ဖြူရွာဟောင်း တည်ရှိခဲ့ပြီး၊ ကြီးမားသော အဖြူရောင် ကျောက်တုံးကြီး နှစ်တုံးကို (ပေ ၇၀-ခန့် မြင့်သည်။) အစွဲပြု၍ ကျောက်ဖြူဟု အမည်တွင်ခြင်း ဖြစ်သည်။ ထို ၁၈၅၂ တွင် ခရိုင်မြို့အဆင့် တိုးမြှင့်ခံရပြီး၊ ၁၉၇၄ ခုနှစ် အထိ ခရိုင်မြို့ဖြစ်ခဲ့သည်။ ၁၉၇၄ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အရ ခရိုင်မြို့များ အားလုံးကို ဖျက်သိမ်းလိုက်သောအခါ ကျောက်ဖြူသည် ၁၉၇၄ မှ ၁၉၈၈ အထိ ရခိုင်ပြည်နယ်၏ မြို့နယ် တစ်ခု အဖြစ် တည်ရှိခဲ့သည်။ ၁၉၈၈ တွင် ကျောက်ဖြူ မြို့နယ်စု ဖြစ်လာပြီး၊ နောင်တွင် ကျောက်ဖြူခရိုင် ပြန်ဖြစ်လာသည်။

ယခုအခါ ကျောက်ဖြူမြို့မှာ ခရိုင်ရုံးစိုက်ရာ စည်ကားသောမြို့ကြီး ဖြစ်လာရုံမျှမက သင်္ဘောဆိပ်မြို့လည်း ဖြစ်လာ၍ ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ်ကြ၏။ မြို့ပေါ်တွင် ခရိုင်ဌာနချုပ် ရုံးများအပြင် ဆေးရုံ၊ ရဲဌာန၊ စာပို့တိုက်၊ စာသင်ကျောင်းနှင့် ဈေးများရှိကြ၏။ မြို့စည်ပင်ရေးကို ၁၈၈၅ ခုနှစ်မှ စ၍ မြူနီစီပယ်အဖွဲ့က စီမံအုပ်ချုပ်လာခဲ့၏။ [1]

မြို့ပေါ်ရပ်ကွက်များ

  1. အရှေ့ပိုင်းရပ်ကွက်
  2. အနောက်ပိုင်းရပ်ကွက်
  3. အလယ်ပိုင်းရပ်ကွက်
  4. မြစ်နားတန်းရပ်ကွက်
  5. စေတီတောင်ရပ်ကွက်
  6. အရာရှိရပ်ကွက်
  7. အစိုးရရပ်ကွက်
  8. သန်ပန်ချောင်းရပ်ကွက်
  9. ရခိုင်ပိုက်ဆိပ်ရပ်ကွက်
  10. ကုလားပိုက်ဆိပ်ရပ်ကွက်
  11. ပြင်ဖြူမော်ရပ်ကွက်
  12. တောင်ရင်းရပ်ကွက်
  13. ကုမ္ပဏီဈေး(ခ) စေတီယရပ်ကွက်
  14. ကုလားဘာတောင်ရပ်ကွက်
  15. တိုးချဲ့ရပ်ကွက်
  16. င/လပေွ့ရပ်ကွက်
  17. ကညင်တောရပ်ကွက်

ပညာရေး

၁၉၅၃ ခုနှစ်တွင် ဆရာဖြစ်သင်ကောလိပ်ကို ကျောက်ဖြူမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ကျောက်ဖြူဥပစာကောလိပ် ကို ၁၉၅၄ တွင် ဖွင့်လှစ်သည်။ ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်သည် ကျောက်ဖြူဥပစာကောလိပ်ဖြင့် သန္ဓေတည်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တွေတက္ကသိုလ် သမိုင်းမှတ်တမ်းများက ပြဆိုသည်။ ဆရာဖြစ်သင်ကောလိပ်သည် ယခုအခါ ကျောက်ဖြူ ပညာရေးကောလိပ် အဖြစ်တည်ရှိပြီး၊ ပညာရေးဆိုင်ရာ ဘာသာရပ်များကို ပို့ချလျက် ရှိသည်။

၁၉၅၃ ခုနှစ်မှစ၍ ဆရာဖြစ်သင် ကောလိပ်ကျောင်း ဖွင့်လှစ်ခဲ့၍ ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ဥပစာကောလိပ်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ဤဥပစာ ကောလိပ်ကျောင်းတွင် အထွေထွေဝိဇ္ဇာ ပညာရပ်များကို ပါ သင်ကြားပို့ချလျက်ရှိသည်။ ကျောက်ဖြူမြို့မှာ ရန်ကုန်မြို့နှင့် ကုန်းလမ်း လေယာဉ်လမ်းများဖြင့် ဆက်သွယ်လျက် ရှိသည်။ မြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁.၂၂ ရှိ၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၇၂၄၁ ယောက် ရှိသည်။

ထင်ရှားသည့်နေရာများ

ကျောက်ဖြူမြို့မှ ၁၆ မိုင်ကွာဝေးသည့် မင်းပြင် အရပ်တွင် မိုးလေဝသ တိုင်းထွာရေး ရေဒါစခန်း တစ်ခုကို ဆောက်လုပ်ထားသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ရေဒါ စခန်းဖြစ်သည်။ ဇင်ချောင်းကမ်းခြေသည် လှပသော ပင်လယ် ကမ်းခြေဖြစ်သည်။ ကျောက်ဖြူမြို့အနီးရှိ ပွိုင့်ကမ်းခြေသည် ထင်ရှားသည်။

ကျောက်ဖြူမြို့၏ အရှေ့တောင်ဖက် ၃ မိုင်ခန့်အကွာ စိုင်ချုံရွာအနီးတွင် နဂါးပွက်တောင် ခေါ် ရွံ့မီးတောင် ရှိသည်။

စေတီပုထိုးများ

ဝေသာလီခေတ် လက်ရာများဖြစ်သည့် ကံ့ကော်တောဘုရား ရုပ်ပွားတော်နှစ်ဆူမှာ ကျောက်ဖြူမြို့၏ ထင်ရှားသော တန်ခိုးကြီးဘုရားဖြစ်သည်။ ကျောက်တစ်လုံးဘုရားမှာ မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းဗာကြီးက စတင် တည်ထားခဲ့ခြင်းဖြစ်ပြီး ကြီးမားသော ကျောက်ဆောင် တစ်ခုလုံးကို လှိုဏ်ပတ်လမ်းများဖြင့် ဂူများထွင်းကာ ဘုရားရုပ်ပွားတော်များကို တည်ထားကိုးကွယ်ထားသည်။ စုစုပေါင်း ဂူပေါက် ၅၅ ပေါက်ရှိသည်။ စေတီတောင် ရွှေသာလျောင်းဘုရား၊ စေတီယျတောင်ဘုရားနှင့် သာသနာ ၂၅၀ဝ စေတီတို့မှာ ထင်ရှားသည်။ စေတီတောင်ဘုရား၊ ကျောက်တစ်လုံးဘုရားနှင့် ကံ့ကော်တောဘုရားပွဲတော်များကို တန်ခူးလအတွင်းတွင် ကျင်းပလေ့ရှိ ကြသည်။ကံ့ကော်တောဘုရားပွဲတော်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။ထိုပွဲတော်ကို ကျောက်ဖြူခရိုင်ရှိ မြို့များပါ လာရောက် လေ့ရှိသည်။


မြို့၏ အရှေ့တောင်ဖက် ၁ မိုင်ခွဲခန့်အကွာ ကညင်တောရပ်ကွက် အနီးရှိ စေတီတောင်ပေါ်တွင် လျောင်းတော်မူ ရုပ်ပွားတော် တစ်ဆူ ရှိသည်။ မြို့၏အနောက်တောင်ဖက် ၃ မိုင်ခန့်အကွာ ဂုံးချွိန်ရွာသို့ သွားရာလမ်းခရီး၌ ကျောက်တစ်လုံးဘုရား တည်ရှိသည်။ ဤဘုရားမှာ ကြီးမားသော ကျောက်တုံးကြီး တစ်ခုကို ဘုံဆောင်ပြာသာဒ်လိုဏ်ဂူနှင့် ရုပ်တုတော်များပါ အပြီးဖြစ်မြောက်အောင် ထုလုပ်မွန်းမံထားခြင်း ဖြစ်သည်။ လိုဏ်ဂူတော်နှင့်တကွ ဘုရားရုပ်တုတော်များ၊ ပန်းဆိုင်းများ၊ ဘီလူးရုပ်၊ နတ်ရုပ် စသောအရုပ်ဟန်ပန် တို့သည် ရှေးရခိုင်များ၏ ဗိသုကာပညာနှင့် ကျောက်ဆစ်ပညာများကို သရုပ်ဖော်ပြလျက်ရှိသည်။ ကျောက်တစ်လုံးဘုရား၏ တောင်ဖက် ၂ မိုင်ခန့်အကွာ ကံကော်တောအရပ်တွင် ကံကော်တောဘုရားဟု ထင်ရှားသော ရုပ်တုတော်တစ်ဆူ ရှိသည်။ ထိုရုပ်တုတော်ကို ပင်လယ်ထဲမှ ပင့်ဆောင်ရရှိခဲ့သောကြောင့် ပေါ်တော်မူဘုရားဟု ခေါ်ဝေါ်သမုတ်ကာ ကိုးကွယ်ကြသည်။

ကျောက်ဖြူမြို့မှ ထင်ရှားသော ပုဂ္ဂိုလ်များ

  1. ဦးမြတ်ထွန်းအောင် (မြန်မာ တိုင်းရင်းသားထဲမှ ပထမဆုံး အရေးပိုင်)
  2. ဦးဘစော (ဝန်ကြီးဟောင်းနှင့် အငြိမ်းစား သံအမတ်ကြီး)
  3. ဦးလုံး (လူမှုထူးချွန်ဆုရ ရခိုင်စာပေ၊ ယဉ်ကျေးမှု ပညာရှင်)
  4. ဦးသာထွန်း (အငြိမ်းစား သံအမတ်ကြီး)
  5. ဦးလှထွန်းဖြူ (ရှေးဟောင်းသုတေသန ပါမောက္ခ)
  6. ဖိုးကျော့ (အမျိုးသားစာပေဆုရ စာရေးဆရာ)
  7. စောနု (နိုင်ငံကျော် ဂီတ အနုပညာရှင်)
  8. ဦးတင့်ဇော် (RFA သတင်းထောက်)
  9. စိမ်းလဲ့လဲ့ (နိုင်ငံကျော် အဆိုတော်)
  10. မဲဇာ (ရုပ်ရှင် သရုပ်ဆောင်)

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.