ကျောက်ဖြူ ရေနက်ဆိပ်ကမ်း

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းနှင့် ကုဋေချီကျွန်းတို့တွင် တည်ရှိသည်။ ပေ ၁၀၀၀ အထက် ကုန်တင် သင်္ဘောကြီးများ ဝင်ထွက် သွားလာနိုင်သော ကုန်စည် တင်ပို့ရာ ရေနက် ဆိပ်ကမ်း အမျိုးအစားဖြစ်သည်။ အဆိုပါ ရေနက်ဆိပ်ကမ်း မှာ စီမံကိန်း အဖြစ် တည်ရှိနေပြီး၊ ရေနက်ဆိပ်ကမ်း အထောက်အကူပြု ဆိပ်ခံတံတားများကို လည်း ကျောက်ဖြူမြို့တွင် တည်ဆောက်လျက် ရှိနေရာ နောက်ဆုံး သတင်းများအရ ကျောက်ဖြူမြစ်တွင် လုပ်ငန်းသုံးဆိပ်ခံတံတားတစ်ခု ကို တည်ဆောက်လျက်ရှိသည်။

လက်ရှိကာလတွင် ကျောက်ဖြူမြို့၌ ရွှေသဘာ၀ ကမ်းလွန် ဓာတ်ငွေ့မှ ထွက်ရှိသော ရေနံပိုက်လိုင်းများ သွယ်တန်းရေးနှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများကို စတင် တည်ဆောက်နေပြီဖြစ်ရာ လိုအပ်သော လုပ်ငန်းသုံး စက်ကိရိယာများနှင့် အခြားပစ္စည်းများကို ကျောက်ဖြူသို့ သယ်ဆောင်လာရန်အတွက် အဆိုပါတံတားကို တည်ဆောက်နေခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

ရခိုင်ကမ်းရိုးတန်း ရေနံလုပ်ကွက်များမှ ထွက်ရှိသော ရေနံနှင့်သဘာ၀ဓာတ်ငွေ့များကို မြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်လျက် တရုတ်နိုင်ငံကူမင်းမြို့သို့ ပိုက်လိုင်းသွယ်တန်းကာ တင်ပို့သွားမည်ဖြစ်ရာ ကျောက်ဖြူမြို့တွင် ရေနံတင်ဆိပ်ကမ်း တည်ဆောက်ရေးသည် အရေးကြီးသော အပိုင်းတွင်ပါဝင်ပြီး အဆိုပါ ရေနံတင်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် မြေနေရာကိုလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းအတွက် လုပ်ငန်းသုံး တံတား တည်ဆောက်ရေးနှင့် မြေနေရာ ရွေးချယ်ရေးတို့အတွက် တာဝန်ရှိသူများက ၂၀၁၀ မေလ ၉ ရက်နေ့တွင် ကျောက်ဖြူမြို့သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ခံတံတား အမှတ်(၁)နှင့်အမှတ်(၂) တို့ရှိသော်လည်း ဒေသတွင်းသင်္ဘောများသာ ဆိုက်ကပ်လျက်ရှိပြီး ရေနံတင်ဆိပ်ကမ်းအတွက် ဆိပ်ခံတံတားကို တည်ဆောက်မည် ဖြစ်သည့်အပြင် ယခုအခါ လုပ်ငန်းသုံး တံတားတစ်ခု ကိုလည်း တည်ဆောက်မည်ဖြစ်ရာ တံတားလေးစင်းအထိ ရှိလာမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.