မြန်မာ့သင်္ဘောကျင်းလုပ်ငန်း

မြန်မာ့သင်္ဘောကျင်းလုပ်ငန်း (အင်္ဂလိပ်: Myanma Shipyards) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

မြန်မာ့သင်္ဘောကျင်းလုပ်ငန်း
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၅ ဩဂုတ် ၁၉၇၀ (ဆင်မလိုက်သင်္ဘောကျင်းအုပ်ချုပ်ရေးအဖွဲ့)
  • ၁၆ မတ် ၁၉၇၂ (သင်္ဘောကျင်းကော်ပိုရေးရှင်း)
  • ၃၁ ​မတ် ၁၉၈၉ (မြန်မာ့သင်္ဘောကျင်းလုပ်ငန်း)
ယခင်အဖွဲ့အစည်း
  • ဆင်မလိုက်သင်္ဘောကျင်းအုပ်ချုပ်ရေးအဖွဲ့
  • သင်္ဘောကျင်းကော်ပိုရေးရှင်း
ဌာနချုပ်ဘုရင့်နောင်လမ်းမကြီး၊ ဆင်မလိုက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
ဝန်ကြီးများဦးသန့်စင်​မောင်
မိခင်အဖွဲ့အစည်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်motc.gov.mm

သမိုင်း​ကြောင်း

၁၉၅၇-၅၈ ခုနှစ်တွင် တပ်မတော်(ရေ)မှ လက်ရှိ ဆင်မလိုက် နေရာအား ရေတပ်သင်္ဘောကျင်း အဖြစ် တည်ဆောက်ရန် ရွေးချယ်ခဲ့ပြီး ဆောက်လုပ်ခဲ့သည်။ တည်ဆောက်ပြီးနောက် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ခဲ့သည့် အတွက် ၅-၈-၁၉၇၀ နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၇၄ ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ဆင်မလိုက်သင်္ဘောကျင်းအုပ်ချုပ်ရေးအဖွဲ့ ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး လုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့သည်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆)ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁ ဖြင့် ထုတ်ပြန်ချက်အရ သင်္ဘောကျင်းကော်ပိုရေးရှင်း အဖြစ် ပြုပြင်ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ၁၉၈၉ ခုနှစ်၊ မတ်လ(၃၁)ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၈၉ အရ သင်္ဘောကျင်းကော်ပိုရေးရှင်းမှ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း သို့ ပြောင်းလဲဖွဲ့စည်း၍ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။[1]

လုပ်ငန်းဆောင်ရွက်မှုများ

ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်နိုင်သည့် ရေယာဉ်ကြီးများ လွန်းတင် ပြင်ဆင်ပေးနိုင်သည့် လွန်းကျင်း တစ်ခု တည်ဆောက်ရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shandong Agricultural Industry& Commerce Group Cooperation ၏ချေးငွေဖြင့် ၈-၇-၂၀၀၁ ရက်နေ့တွင် တန်ချိန် ၁၂၀၀၀ ရေလုံသင်္ဘောကျင်းတည်ဆောက်ရေးစီမံကိန်း စတင်ဆောင်ရွက်ခဲ့ပြီး ၃၀-၃-၂၀၀၅ရက်နေ့တွင် ပြီးစီးခဲ့၍ ရေယာဉ်ကြီးများအား စတင် လွန်းတင် ပြင်ဆင်နိုင်ခဲ့သည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကုန်ကြမ်းပစ္စည်းအတွက် သုံးစွဲမည့်ငွေ၏ ၂၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ကျန်ငွေအား မိမိလုပ်ငန်းဆောင်ရွက်သည့် ငွေမှပင် ကျခံသုံးစွဲခြင်းမှ အစပြု၍ ကိုယ်ပိုင်ရပ်တည်မှု ဖြင့် စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေပြင်ပမှ မိမိဘဏ္ဍာရန်ပုံငွေဖြင့် ရပ်တည် ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်အရ ဗီယက်နမ်နိုင်ငံ Dong A Shipbuilding Industry JSC နှင့် ပူးပေါင်း၍ လျှောလမ်းသုံး လွန်းကျင်းဧရိယာအား Myanma Shipyards - Dong A Joint Venture Co., Ltd. ဖွဲ့စည်းထူထောင်ရန်အတွက် ဖက်စပ်သဘောတူစာချုပ်အား ၃၁-၁-၂၀၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁-၁၀-၂၀၁၅ ရက်နေ့မှ စ၍ လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။[1]

ရေယာဉ်တည်ဆောက်ရေးလုပ်ငန်း

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည် တန်ချိန် ၂၀၀၀ ရှိသည့် ပင်လယ်ကူး၊ ကမ်ရိုးတန်းသွားနှင့် မြစ်တွင်းသွား ရေယာဉ်အမျိုးမျိုးကို အပြည်ပြည်ဆိုင်ရာ ရေယာဉ်စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးမှုကို ခံယူတည်ဆောက် ပေးပါသည်။

ပင်လယ်ကူးသင်္ဘောများဖြစ်သည့် ရေနံတင်ရေယာဉ်၊ ကမ်းထိုးရေယာဉ် အထွေထွေကုန်တင်ရေယာဉ်၊ ကင်းလှည့်ရေယာဉ်နှင့် တွန်းဆွဲရေယာဉ် များကိုလည်းကောင်း၊ မြစ်တွင်းသွားရေယာဉ်များဖြစ်သည့် ကူးတို့ရေယာဉ်၊ ကမ်းထိုးရေယာဉ်၊ တွန်းဆွဲရေယာဉ်၊ လုပ်ငန်းသုံးရေယာဉ်နှင့် ကုန်တင်တွဲ အမျိုးမျိုးတို့ကို ပြည်တွင်းသုံးစွဲရန် တည်ဆောက်ပေးခဲ့ပါသည်။

၁၉၉၃ ခုနှစ်တွင် ပြည်ပမှ ပထမဦးဆုံးအပ်နှံသော ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းအဖြစ် ယူနန်ပြည်နယ် စက်မှုသွင်းကုန်ထုတ်ကုန်ကော်ပိုရေးရှင်းမှ အပ်နှံသည့်တန် ၈၀၀ စက်မဲ့ကုန်တင်တွဲ ၉ စီးအား တည်ဆောက်ပေး ခဲ့ပါသည်။ ၎င်းနောက် ရေတိမ်သွားနှစ်ထပ်ခရီးသည်တင်ရေယာဉ်(၄)စီးကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် အသုံးပြုရန်အတွက် ၎င်းတို့မှပင် ဆက်လက်လုပ်ငန်းအပ်နှံ၍ တည်ဆောက်ပေးခဲ့ပါသည်။

ပြည်ပပို့ရေယာဉ်များ

ပထမဆုံး ပြည်ပပို့ကုန်ရေယာဉ်များဖြစ်သည့် MV. Aquatic Conserver အား ၁၉၉၅ခုနှစ်တွင် တည်ဆောက်ပြီးစီး ခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံ PT Cumawis Pte., Ltd. ပိုင်ဖြစ်ပြီး ရေယာဉ်သည် ကမ်းလွန်ရေနံရှာဖွေရေးတွင် ပင်လယ်ရေညစ်ညမ်းမှုတားဆီးရန် အဓိကရည်ရွယ်ပြီး Lloyd's ရေယာဉ်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုကိုခံယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

စင်္ကာပူနိုင်ငံ Casey Marine Co., Ltd. ၏ MV Forceful Performer ရေယာဉ်အား ABS ရေယာဉ်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုကို ခံယူ၍ ဒုတိယပြည်ပပို့ကုန်ရေယာဉ်အဖြစ် ၁၉၉၇ခုနှစ်တွင် တည်ဆောက်ပေးခဲ့ပါသည်။

စင်္ကာပူနိုင်ငံ Java Marine Lines Pte., Ltd. အတွက် စက်ယန္တရားတင်ရေယာဉ်များဖြစ်သော MV. Jaya Transporter နှင့် MV. Jaya Transporter-2၊ ကမ်းလွန်ရေနံရှာဖွေရေး အထွေထွေသုံးတွန်းဆွဲရေယာဉ်များ ဖြစ်သော MV. Jaya Gold နှင့် MV. Jaya Gold-2 ရေယာဉ်များကို ABS နှင့် LRS တို့၏ စစ်ဆေးမှုကို ခံယူ၍ ၁၉၉၉ခုနှစ်မှ ၂၀၀၃ခုနှစ်အတွင်း တည်ဆောက်ပေးခဲ့ပါသည်။

ပြင်သစ်နိုင်ငံ Corvette Shipping Ltd. အတွက် ပင်လယ်ပြင်သုံးအပျော်စီး စက်တပ်ရွက်လှေ MY. Sunshine အား ၂၀၀၄ခုနှစ်တွင် တည်ဆောက်ပေးခဲ့ပါသည်။

ထိုင်းနိုင်ငံ Moby Dick Co., Ltd.အတွက် MY. Seeadlerအမည်ရှိ အပျော်စီးရေယာဉ်အား ၂၀၀၅ ခုနှစ်တွင် တည်ဆောက်ပေးခဲ့ပါသည်။

ရေယာဉ်ပြင်ဆင်ရေးလုပ်ငန်း

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည် ဝန်ပြည့်တင်ဆောင်နိုင်သည့် တန်ချိန် ၁၂၀၀၀ အထိရှိ ရေယာဉ်များကို လျောလမ်းသုံးလွန်းကျင်းနှင့် ရေလုံသင်္ဘောကျင်းတို့တွင် လွန်းတင်ပြင်ဆင်ပေးနိုင်ပါသည်။

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော" Road To Mandalay" သည် LRS Classification ၏ စစ်ဆေးမှုဖြင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတွင် လွန်းတင်ပြင်ဆင်ပါသည်။

၁၉၀၃ခုနှစ်တွင် တည်ဆောက်ခဲ့သော Inca Enterprise ပိုင် MY. Moon Beam အမည်ရှိ ပင်လယ်ကူးအပျော်စီးရွက်လှေ၏ ပြင်ဆင်မှု လုပ်ငန်းများကို မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတွင် ၁၉၉၉ မှ ၂၀၀၃ခုနှစ်အထိ ဆောင်ရွက်ပေးခဲ့ပါသည်။

အထွေထွေအင်ဂျင်နီယာလုပ်ငန်း

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတွင်အလျား ၄၀ပေ ရှိသည့် ပစ္စည်းနှင့် အချင်း ၁၀ ပေ ရှိသော ပစ္စည်းများကို တွင်သခုတ်စားပေးနိုင်ပြီး ၂ တန် အလေးချိန်ရှိ သံထည်ပစ္စည်းများကို သံရည်ကျိုသွန်းလောင်းပေးနိုင်ပါသည်။

စက်မှုလုပ်ငန်းများအတွက် လိုအပ်သော သံထည်ပစ္စည်းများကိုလည်း ထုတ်လုပ်ပေးနိုင်ပါသည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.