လင်းယုန်၊ ဗိုလ် (ရဲဘော် သုံးကျိပ်)

ဗိုလ်လင်းယုန်
(၁၉၁၇-၁၉၇၄)
မွေးသက္ကရာဇ်၁၉၁၇
မွေးဖွားရာဒေသတောင်ငူမြို့
အမည်ရင်းထွန်းရွှေ
သခင်အမည်သခင်ထွန်းရွှေ
ဗိုလ်ဘွဲ့အမည်ဗိုလ်လင်းယုန်
ဂျပန်အမည်Monya Hiroshi
မိဘအမည်ဦးအောင်သိန်း၊ ဒေါ်ဒေါ်စိမ်း
နိုင်ငံသား
လူမျိုးမြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
အလုပ်အကိုင်ဒု မန်နေဂျာ၊ သစ်လုပ်ငန်း ကော်ပိုရေးရှင်း
ဆုတံဆိပ်လွတ်လပ်ရေး မော်ကွန်းဝင်(ပထမဆင့်)
ကွယ်လွန်ရက်၁၉၇၄-ခုနှစ်၊ ဧပြီလ(၈)ရက်
လက်မှတ်

ဗိုလ်လင်းယုန်(၁၉၁၇-၁၉၇၄)

ရဲဘော်သုံးကျိပ် ဝင် ဗိုလ်လင်းယုန် ခေါ် သခင်ထွန်းရွှေ ကို ၁၉၁၇ ခုနှစ် အောက်တိုဘာ တွင် တောင်ငူမြို့ ၌ ဦးအောင်သိန်း၊ ဒေါ်ဒေါ်စိမ်း တို့မှ မွေးဖွားသည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်သည်။

အသက်မွေးမှု ဘဝ

တော်လှန်ရေး အစိုးရ လက်ထက်တွင် သစ်လုပ်ငန်း ကော်ပိုရေးရှင်း ဒုတိယ မန်နေဂျာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

အမျိုးသား နိုင်ငံရေး ဆောင်ရွက်ချက်

သခင်ကိုယ်တော်မှိုင်း၊ သခင်မြ တို့၏ တို့ဗမာ အစည်းအရုံး သို့ ဝင်ရောက်၍ နိုင်ငံရေး ဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံ သို့ စစ်ပညာ သင်ကြားရန် စေလွှတ်သည့် မြန်မာမျိုးချစ်လူငယ် ဒုတိယ အသုတ်နှင့် အတူ ၁၃ ဧပြီ ၁၉၄၁ ခုနှစ်တွင် ကိုင်ရှိူမာရူး သင်္ဘောဖြင့် ရန်ကုန်မြို့ မှ ထွက်ခွာခဲ့ရာ ၂၈ ဧပြီ ၁၉၄၁ ခုနှစ် တွင် ဂျပန်နိုင်ငံ အိုဆာကာ မြို့သို့ ရောက်ရှိသည်။ အိုဆာကာမှ တဆင့် တိုကျိုမြို့ သို့ ရောက်ရှိပြီး ဟာကိုနီ တောင်ပေါ်စခန်း မြို့တွင် အပန်းဖြေခဲ့ကြသည်။ ထို့နောက် ၉ မေ ၁၉၄၁ တွင် တိုကျိုမှ လေယာဉ်ဖြင့် ထွက်ခွာလာရာ ၁၀ မေ ၁၉၄၁ တွင် ဟိုင်နန်ကျွန်းသို့ ရောက်ရှိခဲ့သည်။ ဟိုင်နန်ကျွန်း နှင့် တိုင်ဝမ်ကျွန်း တို့တွင် စစ်ပညာများ သင်ကြားခဲ့သည်။

ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) မြန်မာနိုင်ငံ တွင်း မချီတက်မီ ပြည်တွင်းသူပုန် အဖွဲ့ဝင် အဖြစ် မြန်မာနိုင်ငံတွင်း ဝင်ရောက်ခဲ့ရာ ၂ ဖေဖော်ဝါရီ ၁၉၄၂ ခုနှစ်တွင် ဗိုလ်မှူးကြီး နေဝင်း၊ ဗိုလ်မိုးညို တို့နှင့် အတူ ရန်ကုန်မြို့ သို့ ရောက်ရှိခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် ပြည်သူ့ အရေးတော်ပုံ ပါတီဝင်များနှင့် ဆက်သွယ်ကာ ရန်ကုန်မြို့၊ မင်းလှမြို့၊ ပဲခူးမြို့၊ မန္တလေးမြို့ တို့တွင် စစ်ပညာ သင်တန်းပေးခြင်း၊ လက်နက်ငယ် သင်တန်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ၂၇ ဇူလိုင် ၁၉၄၂ ခုနှစ်တွင် ဘီအိုင်အေ ကို ဖျက်သိမ်း၍ ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသော အခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။

ဖက်ဆစ် တော်လှန်ရေးကာလ က ခရမ်း၊ သုံးခွ ဒေသတွင် ဖက်ဆစ်ဂျပန် တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။

ဆုတံဆိပ်ရေးရာ

၂၅ မတ် ၁၉၇၂ ခုနှစ်တွင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု နောက်ဆုံးကဏ္ဍ ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော် က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ် အဖြစ် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) တံဆိပ် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

ဘဝနိဂုံး

၁၉၇၄-ခုနှစ်၊ ဧပြီလ(၈)ရက်တွင် ရန်ကုန်မြို့၌ လေဖြတ်ရောဂါဖြင့် ကွယ်လွန်သည်။[1]

ကိုးကား

  1. ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။

ကျော်ငြိမ်း (သုတေသနအရာရှိ) (၁၉၉၈)။ ရဲဘော်သုံးကျိပ်။ ပထမ အကြိမ်။ အင်းဝ စာအုပ်တိုက်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.