ရန်အောင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ဗိုလ်ရန်အောင် (၁၉??-၁၉၆၇) သည် ဗမာလူမျိုး နိုင်ငံရေးလှုပ်ရှားသူ ဖြစ်သည်။ သခင်အောင်ဆန်း နှင့် အတူ တရုတ်နိုင်ငံ၊ အမွိုင်မြို့ သို့ ပထမဆုံး ထွက်ခွာသွားပြီး ရဲဘော်သုံးကျိပ်ဝင် ဖြစ်သည်။

ဗိုလ်ရန်အောင်
မွေးသက္ကရာဇ်၁၉?? မတ် ၂
မွေးဖွားရာဒေသလှည်းကူးမြို့နယ်၊ ဒါးပိန်ရွာ
အမည်ရင်းလှမောင်
သခင်အမည်သခင်လှမြိုင်
ဗိုလ်ဘွဲ့အမည်ဗိုလ်ရန်အောင်
ဂျပန်အမည်Itoda Tei-ichi
မိဘအမည်ဦးဘအောင် (ဖခင်)
ဒေါ်သိန်းမြ (မိခင်)
နိုင်ငံသား
လူမျိုးမြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
ကွယ်လွန်ရက်၁၉၆၈-ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့
လက်မှတ်

နိုင်ငံရေး လှုပ်ရှားမှု အစ

တို့ဗမာအစည်းအရုံး အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ၁၃၀၀ ပြည့်အရေးတော်ပုံကြီးတွင် ရှေ့တန်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ သံလျင် ဘီအိုစီ ရေနံမြေ လုပ်သားထု ၏ လှုပ်ရှားမှုတို့တွင် သခင်လှမြိုင်သည် ထင်ရှားကျော်ကြားသည့် အလုပ်သမား ခေါင်းဆောင်တဦး ဖြစ်သည်။ မြန်မာနိုင်ငံ အလုပ်သမား လှုပ်ရှားမှု သမိုင်းတွင် သခင်လှမြိုင်၏ နာမည် ကို ချန်ထား၍ မဖြစ်ပေ။

အမွိုင်ခရီးစဉ်

သခင်အောင်ဆန်း နိုင်ငံခြားသို့ ထွက်ခါမည့် အချိန်တွင် မူလက စီစဉ်ထားသော သခင်ကျော်စိန် မလိုက်ဖြစ်သော အခါ၌ သခင်လှမြိုင် လိုက်ပါသွားရလေသည်။ ၁၉၄ဝပြည့်နှစ်၊ ဩဂုတ်လ(၈)ရက်တွင် သခင်အောင်ဆန်းနှင့် အတူ တရုတ်လူမျိုးအသွင် ရုပ်ဖျက်၍ မြန်မာပြည်မှ နော်ဝေးနိုင်ငံပိုင် ဟိုင်လီသင်္ဘောဖြင့် တရုတ်ပြည် အမွိုင်မြို့သို့ ထွက်ခွာခဲ့သည်။ ၁၉၄ဝပြည့်နှစ်၊ ဩဂုတ်လ(၂၄)ရက်တွင် အမွိုင်မြို့ကို ရောက်ရှိသည်။ နိုဝင်ဘာ(၁)ရက်နေ့တွင် ဂျပန်ပြည်၊ တိုကျိုမြို့သို့ ရောက်ရှိသည်။ တိုကျိုမြို့၌ ကာနယ်ဆူဇူကီးနှင့် တွေ့ဆုံ၍ မြန်မာလူငယ်များအား စစ်ပညာသင်ကြားရေးကိစ္စ ဆွေးနွေးသည်။

ရဲဘော်သုံးကျိပ် ဝင် ဖြစ်လာပုံ

သခင်အောင်ဆန်း မြန်မာနိုင်ငံ သို့ တခေါက်ပြန်လာသောအခါ ဂျပန်နိုင်ငံတွင်ပင် နေရစ်ခဲ့သည်။ ထို့နောက် ရဲဘော်သုံးကျိပ် အား ဟိုက်နန်ကျွန်းတွင် စစ်ပညာသင်ကြားသောအခါ၌ သခင်လှမြိုင်လည်း ပါဝင်သင်ကြားခဲ့သည်။ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး ဖွဲ့စည်းသောအခါ ဗိုလ်ရန်အောင် ဟု အမည်ခံပြီး နယ်ချဲ့တော်လှန်ရေး တိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့သည်။

ဗကပပါတီဝင် ဘဝ

၁၉၃၉ တွင် စတင်ဖွဲ့စည်းသော ဗမာပြည် ကွန်မြူနစ်ပါတီ တွင် ပါတီဝင် တဦးအဖြစ် တက်ကြွစွာပါဝင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဖဆပလ အစိုးရ လက်ထက်တွင် အဖမ်းခံရသဖြင့် သာယာဝတီ ထောင်တွင်ကျခဲ့၏။ ထောင်မှလွတ်ပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲတွင် ပါဝင် ခဲ့သဖြင့် သခင်သန်းထွန်းတို့ ကွန်မြူနစ်ပါတီက ပျဉ်းမနား ခရိုင် တောင်ညိုစခန်းသို့ ခေါ်ဆောင်ပြီး ပါတီတာဝန်အားလုံးမှ ရုပ်သိမ်း ထားလိုက်၏။ သူ့ကို မောင်းတလုံးဖြင့် ရွာဆော်ကြီးတာဝန်ကို ပေးထားလိုက်ကြ၏။

၁၉၄၉ တွင်အထက်မြန်မာနိုင်ငံ၌ ပထမဆုံး ဖွဲ့စည်းသော စတုတ္ထ ခြေလျင်တပ်မကြီး၌ ဗိုလ်မှူးရန်အောင်ကို တပ်မမှူးအဖြစ် ခန့်အပ်ထားခြင်းခံရသည်။ ၁၉၅၀ တွင် ဗိုလ်ချုပ်အဆင်အတန်းဖြင့် တပ်မကြီး (၁) ၏ တပ်မကြီးမှူး အဖြစ်တာဝန်ယူရ၏။ ထို့ပြင် ဒု စစ်သေနာပတိ တာဝန်ကိုလည်း ယူရသည်ဟု သိရသည်။

၁၉၅၁ တွင် ဗဟိုကော်မတီမှ ထွက်ပေးရသည်။ သို့သော် ပါတီမှ ပေးအပ်သော တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ သို့ဖြင့် ၁၉၅၅ ခုတွင် အရံဗဟိုကော်မတီဝင် ဖြစ်လာပြီး ၁၉၅၅ ခုတွင် ဗဟိုကော်မတီဝင် ပြန်ဖြစ်သည်။

၁၉၆၇ ဇွန် ၁၈ တွင် ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ရဲဘော်ဌေး နှင့် ရဲဘော်ဘတင် တို့ကို စွဲချက်တင်ကာ သုတ်သင်ပြီးနောက် ဗိုလ်ရန်အောင် ကိုလည်း ရဲဘော်ဌေး တို့နှင့် တကြိတ်တဉာဏ် ထဲရှိသူဟုဆိုကာ အရေးယူခံရသည်။ သခင်သန်းထွန်းတို့၏ ပီကင်းမူ ကွန်မြူနစ်လမ်းစဉ်ကို မထောက်ခံနိုင်သော ဗိုလ်ရန်အောင် အား သုတ်သင်ရှင်းလင်းရန် စွဲချက် တင်ခံရပြန်သည်။

၁၉၆၇ ခု၊ နိုဝင်ဘာလ ၂ ရက်တွင် ပါတီတွင်း အာဏာသိမ်းရန် ကြံစည်မှု၊ သူလျှိုလုပ်မှုတို့ဖြင့် စွဲချက်တင်သည်။ နိုဝင်ဘာလ ၁၅ ရက်တွင် အက်စပရင် ချွေးထုတ်ဆေး (၃၃) လုံးသောက်ကာ မိမိကိုယ်မိမိ အဆုံးစီရင်သည်။ သို့သော် ဝေဒနာပြင်းသာ ခံစားရပြီး မသေ။ ထိုလုပ်ရပ်ကြောင့် အခြားသူများ ပိုအမြင်စောင်းသွားသည်။

ဒီဇင်ဘာလ ၁၅ ရက်တွင် ဗဟိုကော်မတီမှလည်းကောင်း၊ ပါတီဝင်အဖြစ်မှလည်းကောင်း လုံးဝထုတ်ပယ်ပြီး ချုပ်နှောင်ခံရသည်။

မိသားစုဘဝ

ဒေါ်လှိုင်လှိုင်နှင့် လက်ထပ်ကာ ဇေလတ်၊ အေးကြာငြိမ်း (ခ) အေးအေး၊ ဝင်းမွန် ဟူသော သားသမီး ၃ ယောက် ရှိသည်။

ဘဝနိဂုံး

၁၉၆၇ ခု၊ ဒီဇင်ဘာလ ၂၆ ရက်တွင် အဆုတ်အအေးမိကာ ကျန်းမာရေးအခြေအနေ အဆိုးရွားဆုံးသို့ ရောက်လာသည်။ ထိုအခါ အပြစ်ဒဏ် မချရသေးမီ သူ့အလိုလို မသေစေရ၊ ကိုယ်တိုင်သတ်ကြရမည်ဟု ဆုံးဖြတ်ကာ ညနေ ၆ နာရီတွင် အသက်ငင်နေသော ဗိုလ်ရန်အောင်ကို တပ်နီအမျိုးသမီး အမြင့် (ခ) မစန်းဝင်းက ခြေထောက်ဖြင့် လည်မျိုကို နင်း၍လည်းကောင်း၊ အခြားသူများက ကန်ကျောက်၍လည်းကောင်း နှိပ်စက်ရာ အသက်ကုန်သည်။ ခေါင်းချသည့်နေရာမှာ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရွှေလေးဒေသ၊ ငရှဉ့်ကွင်းရွာအရှေ့ဘက်ရှိ လေးဆယ်ချောင်း၏လက်တက် သစ်လှမြောင်ဖျား၌ ဖြစ်သည်။

ကွယ်လွန်ချိန်၌ သားဖြစ်သူ ဇေလတ်မှာ တောတွင်း ကွန်မြူနစ်ပါတီ တွင် ရောက်ရှိနေသည်။[1][2]

မှတ်စု

A. ^ သူ့တွင် စွဲမြဲသော ပိုင်းဖြတ်ချက်တခု ရှိသည်။ ၎င်းမှာ ငါ့ဘဝတသက်တာမှာ အစမှအဆုံးသို့တိုင် ကွန်မြူနစ်ပါတီကို ဖက်ပြီးတော့သာ အသေခံမယ် ဟူ၍ ဖြစ်လေသည်။ [3]

ကိုးကား

  1. တက္ကသိုလ် စိန်တင် ၊ ၁၉၆၈
  2. ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။
  3. တက္ကသိုလ် စိန်တင် ၊ ၁၉၆၈

စိန်တင်၊ တက္ကသိုလ် (၁၉၆၈)။ ရဲဘော်သုံးကျိပ်မော်ကွန်း


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.