မိုးညို၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ရဲဘော်သုံးကျိပ် ဝင် ဗိုလ်မိုးညို ကို ၆ အောက်တိုဘာ ၁၉၁၇ ခုနှစ်တွင် ရန်ကုန်မြို့ ကမာရွတ် ရှမ်းစုရွာ ၌ ဦးဘရှင်၊ ဒေါ်ငွေသင် တို့မှ မွေးဖွားသည်။ ရှမ်းမြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ အမည်ရင်း ကိုကျော်စိန် ဖြစ်ပြီး တို့ဗမာ အစည်းအရုံး သို့ ဝင်ရောက်သောအခါ သခင်ကျော်စိန် ဖြစ်လာခဲ့သည်။ ဂျပန်စစ်ပညာ သင်တန်းတက်စဉ် က ဂျပန် အမည်မှာ တကာဟရှိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည် ခံယူရာတွင် ဗိုလ်မိုးညို ဖြစ်လာခဲ့သည်။

ဗိုလ်မိုးညို
(၁၉၁၇-၁၉၆၀)
မွေးသက္ကရာဇ်၆ အောက်တိုဘာ ၁၉၁၇
မွေးဖွားရာဒေသရှမ်းစုရွာ၊ ကမာရွတ်၊ ရန်ကုန်မြို့
အမည်ရင်းကိုကျော်စိန်
သခင်အမည်သခင်ကျော်စိန်
ဗိုလ်ဘွဲ့အမည်ဗိုလ်မိုးညို
ဂျပန်အမည်Takahashi
မိဘအမည်ဦးဘရှင်၊ ဒေါ်ငွေသင်
နိုင်ငံသား
လူမျိုးရှမ်း၊ မြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
ပညာအရည်အချင်းဒသမတန်း၊ စိန့်ဂျွန်းကျောင်း၊ ရန်ကုန်မြို့
အလုပ်အကိုင်မော်တော်ယာဉ် လုပ်ငန်း
ဆုတံဆိပ်လွတ်လပ်ရေး မော်ကွန်းဝင်(ပထမဆင့်)
ကွယ်လွန်ရက်၉ ဧပြီ ၁၉၆၀
လက်မှတ်

ကျောင်းသားဘဝ နှင့် ပညာရေးရာ

ရန်ကုန်မြို့ စိန့်ဂျွန်းကျောင်း (ယခု လသာ အ−ထ−က ၂ ) တွင် ဒသမတန်း အထိ ပညာ သင်ကြားခဲ့သည်။

(မိသားစုဝင်တွေအပြောအရတော့ စိန်ဂျွန်းဒိုင်အိုစီ၊ ယခုအထက (၁)၊ လမ်းမတော်ပါ ...။)

အသက်မွေးမှု ဘဝ

ရန်ကုန်−အင်းစိန် ခရီးသည်တင် မော်တော်ယာဉ်လုပ်ငန်း ဆောင်ရွက်ခဲ့သည်။

အမျိုးသား နိုင်ငံရေး ဆောင်ရွက်ချက်

၁၉၃၅ ခုနှစ်တွင် တို့ဗမာအစည်းအရုံး ကို ဝင်ရောက်၍ နိုင်ငံရေး ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ တွင် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသွားသော အခါ သခင်ထွန်းအုပ် သခင်ဗစိန် တို့၏ တို့ဗမာအစည်းအရုံး တွင် ပါဝင်ခဲ့သည်။ သခင်ထွန်းအုပ်သခင်ဗစိန် တို့ဗမာအစည်းအရုံး၏ တာဝန်ပေးချက်အရ ၁၉၄၁ ခုနှစ် မေလ တွင် သခင်သစ် နှင့် အတူ ထိုင်းနိုင်ငံ မှ တဆင့် ဂျပန်နိုင်ငံ သို့ သွားရောက်ရန် ကြိုးပမ်းစဉ် မဲဆောက်တွင် အဖမ်းခံရသည်။ မဲဆောက်အချုပ်ခန်းတွင် နှစ်ရက်ကြာ အချုပ်ခံရပြီး ပြည်နှင်ဒဏ် ခံရ၍ မြန်မာနိုင်ငံ ပြန်လာခဲ့သည်။

ဂျပန်နိုင်ငံ သို့ စစ်ပညာ သင်ကြားရန် ရွေးချယ်စေလွှတ်သည့် မြန်မာ မျိုးချစ်လူငယ် စတုတ္ထ အသုတ်နှင့် အတူ ၈ ဇူလိုင် ၁၉၄၁ ခုနှစ်တွင် ကိုရီယုမာရူး သင်္ဘောဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ၂၂ ဇူလိုင် ၁၉၄၁ တွင် ရှန်ဟိုင်းသို့ ရောက်ရှိခဲ့သည်။ ၂၄ ဇူလိုင် ၁၉၄၁ ခုနှစ်တွင် ရှန်ဟိုင်းမှ လေယာဉ်ပျံဖြင့် ဂျပန်နိုင်ငံ ကျူးရှူးကျွန်း နာဂါဆကီးမြို့ အနီးရှိ ရေတပ်စခန်းသို့ ရောက်ရှိခဲ့သည်။ ထိုမှတဆင့် ဟာကိုနီ တောင်ပေါ်စခန်းမြို့ သို့ သွားရောက်ကာ အပန်းဖြေခဲ့ကြသည်။ ၈ ဩဂုတ် ၁၉၄၁ ခုနှစ်တွင် တိုကျိုမှ ဟိုင်နန်ကျွန်း သို့ လေယာဉ်ပျံဖြင့် သွားရောက်ရာ ၁၁ ဩဂုတ် ၁၉၄၁ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ဟိုင်နန်ကျွန်း နှင့် တိုင်ဝမ်ကျွန်း တွင် စစ်ပညာ သင်ကြားခဲ့သည်။

ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) မြန်မာနိုင်ငံ တွင်း မချီတက်မီ ဗိုလ်မှူးကြီး နေဝင်းခေါင်းဆောင်သော ပြည်တွင်းသူပုန်အဖွဲ့ တွင် အဖွဲ့ဝင် အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ပြည်တွင်း သူပုန်အဖွဲ့ဝင် အဖြစ် မြန်မာနိုင်ငံ တွင်း ဝင်ရောက်ခဲ့ရာ ၂ ဖေဖော်ဝါရီ ၁၉၄၂ ခုနှစ် တွင် ဗိုလ်မှူးကြီး နေဝင်းဗိုလ်လင်းယုန် တို့နှင့် အတူ ရန်ကုန်မြို့ သို့ ရောက်ရှိခဲ့သည်။ ထို့နောက် ပြည်သူ့အရေးတော်ပုံ ပါတီ နှင့် ဆက်သွယ်ကာ ရန်ကုန်မြို့၊ မင်းလှမြို့ပဲခူးမြို့မန္တလေးမြို့ နှင့် ရွှေဘိုမြို့တို့တွင် စစ်ပညာ သင်တန်းများ သင်ကြားပေးခြင်း၊ စစ်လက်နက်ငယ် သင်တန်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေး ကာလ က တိုင်း ၇ (သရက်၊ အာလံ၊ မကွေး၊ မင်းဘူး) တွင် စက်မှုလက်မှု တပ်ရင်း၂ ကို ဦးစီးကာ ဖက်ဆစ်ဂျပန်များကို တော်လှန် တိုက်ခိုက်ခဲ့သည်။

အခြားဆောင်ရွက်ချက်များ

ရန်ကုန်မြို့ မသန်မစွမ်း ရဲဘော်ဟောင်းရိပ်သာ အုပ်ချုပ်ရေးမှူး အဖြစ် ဆောက်ရွက်ခဲ့သည်။

ဆုတံဆိပ်ရေးရာ

၂၇ မတ် ၁၉၅၉ ခုနှစ်တွင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု နောက်ဆုံးကဏ္ဍ ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည် နှင့် လူမျိုး လွတ်လပ်ရေး အတွက် သက်စွန့်ဆံဖျား ကြိုးပမ်း ဆောက်ရွက်မှုကြောင့် နိုင်ငံတော် က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ် အဖြစ် လွတ်လပ်ရေး မော်ကွန်းဝင် ( ပထမ အဆင့် ) တံဆိပ် ချီးမြှင့် ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

ဘဝနိဂုံး

၉ ဧပြီ ၁၉၆၀ ပြည့်နှစ် တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်သည်။

ကိုးကား

    ကျော်ငြိမ်း (သုတေသနအရာရှိ) (၁၉၉၈)။ ရဲဘော်သုံးကျိပ်။ ပထမ အကြိမ်။ အင်းဝ စာအုပ်တိုက်။


    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.