ဝါဆိုဆရာတော်

ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော် အဖြစ် လူသိများသော အရှင် အဂ္ဃိယသည် မြန်မာနိုင်ငံသား ရဟန်းတော်တစ်ပါးဖြစ်၍ စုဒ္ဒသမ (၁၄ ပါးမြောက်) ရွှေကျင်သာသနာပိုင် ဆရာတော်တစ်ပါးဖြစ်သည်။

ဦးအဂ္ဃိယ
ဦးအဂ္ဃိယ (ဝါဆိုဆရာတော်)
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
အခြားအမည်များရွှေကျင်သာသနာပိုင် ဇယမေဒနီဝါဆိုဆရာတော်
ဓမ္မအမည်အဂ္ဃိယ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွားမောင်အောင်ဆန်း
(1917-04-09)ဧပြီ ၉၊ ၁၉၁၇
စစ်ကိုင်းတိုင်း၊ လင်းယဉ်ရွာ
ကွယ်လွန်၁၄ ဖေဖော်ဝါရီ၊ ၂၀၁၇(2017-02-14) (အသက် ၉၉)
မန္တလေးမြို့
ရာထူး တာဝန်
ဌာနမန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဇယမေဒနီဝါဆိုကျောင်း။
ဂုဏ်ဒြပ်ရွှေကျင်သာသနာပိုင်
ယခင်ညောင်ရွှေကန်ကြီး ဆရာတော်
ဆက်ခံဝိဇ္ဇောတာရုံ ဆရာတော်
ဘာသာရေးရာ
ဆရာ(များ)ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်

ထေရုပ္ပတ္တိအကျဉ်း

ငယ်စဉ်ဘဝ

ဆရာတော်လောင်းလျာကို ၁၉၁၇ ဧပြီ ၉ ရက် (မြန်မာသက္ကရာဇ် - ၁၂၇၉ ခုနှစ် ဦး တန်ခူးလပြည့်ကျော် ၁၀ ရက်) တနင်္ဂနွေနေ့တွင် စစ်ကိုင်းမြို့နယ် လင်းယဉ်ရွာတွင် မွေးဖွားခဲ့သည် မိဘများမှာ ဦးပုကြီးနှင့် ဒေါ်တွယ်မိ တို့ဖြစ်၍ မွေးချင်း ၁ဝ ယောက်အနက် ၅ ယောက်မြောက် သားဖြစ်ကာ ငယ်နာမည်မှာ မောင်အောင်ဆန်းဖြစ်သည်။[1]

၁၉၂၈ အသက် (၁၁)နှစ်အရွယ်တွင်[2] ဦးလေးတော်စပ်သူ[1] ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေဝတ်ခဲ့သည်။ ၁၉၄၆ တွင် စံကင်းဆရာတော်ထံပါး၌ပင် ရဟန်းအဖြစ်သို့ ခံယူသည်။[3]

ဆရာတော်သည် မဟာဝိဟာရကျောင်း ဆရာတော် ဘဒ္ဒန္တကေသရ၊ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ ကန်ကြီးကုန်းရွာဦးကျောင်း ဆရာတော်ဘဒ္ဒန္တရေဝတ၊ သဗြူးဆရာတော်ဘဒ္ဒန္တဥတ္တမ၊ အမရပူရမြို့မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ၊ မန္တလေးစည်ရှင်ဆရာတော်၊ မင်းကွန်းရန်ကင်းချောင်းဆရာတော်တို့ထံ၌ပရိယတ္တိစာပေများကိုသင်ယူခဲ့သည်။ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ကိုရရှိတော်မူခဲ့သည်။[3]

သာသနာဆိုင်ရာ ဆောင်ရွက်မှုများ

ဆရာတော်သည် မန္တလေးမြို့ ပါဠိပထမပြန်စာမေးပွဲနှင့် ဓမ္မာစရိယစာမေးပွဲတို့၏ ကြီးကြပ်ရေးဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သည်။ ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးတွင် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်လည်း ဖြစ်၏ ။ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်နှင့် ဒုတိယအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဖြစ် ထမ်းရွက်ခဲ့ကာ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးလည်း ဖြစ်ခဲ့သည်။

ရွှေကျင်နိကာယ သာသနာပိုင်

၁၃၁၄ ခုနှစ် အဋ္ဌမအကြိမ် ရွှေကျင်ဂိုဏ်းလုံးကျွတ်အစည်းအဝေးတွင် ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင်နာယက အဖွဲ့ဝင်အဖြစ် တင်မြှောက်ရွေးချယ်ခံရရသည်။ ဒွါဒသမအကြိမ်အစည်းအဝေးတွင်အကျိုးတော်ဆောင်ချုပ်အဖြစ်လည်းကောင်း ပန္နရသမအကြိမ်တွင် ဥပဥက္ကဋ္ဌဆရာတော်အဖြစ်လည်းကောင်း ရွေးချယ်ခံခဲ့ရ၏ ။ ၁၃၆၅ ခုနှစ် ရွှေကျင်ဂိုဏ်းလုံးကျွတ်အစည်းအဝေးမှ အရှင် အဂ္ဃိယကို ရွှေကျင်နိကာယအဓိပတိဥက္ကဋ္ဌ၊ မဟာနာယက ဓမ္မသေနာပတိ စုဒ္ဒသမရွှေကျင်သာသနာပိုင် အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။[3][2]

ဆရာတော်သည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဇယမေဒနီဝါဆိုကျောင်းတွင် သီတင်းသုံးတော်မူခဲ့သည်။[4]

ပျံလွန်တော်မူခြင်း

ရွှေကျင်သာသနာပိုင်ဖြစ်သော အရှင် အဂ္ဃိယသည် ၂၀၁၇ ဖေဖော်ဝါရီ ၁၄၊ သက်တော် (၁၀၀) ဝါတော် (၈၁) အရောက်၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ တွင် မန္တလေးမြို့ရှိ ရွှေမန်းတောင် အားကစားကွင်း၌ ပြုလုပ်ခဲ့ကြသည်။ ဈာပနာအခမ်းအနားသို့ မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့်၊ တိုင်းအဆင့် ထိပ်တန်း ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ [5]

ဘွဲ့တံဆိပ်များ

နိုင်ငံတော်မှ ဆရာတော်ကြီးကို သက္ကရာဇ် (၂၀၀၀) တွင် သာသနာဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သော အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ချီးမြင့်ခဲ့၍ ၂၀၀၄ ၌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ် ဆပ်ကပ်လှူဒါန်းခဲ့သည်။[3]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.