ဝေဠုဝန်ကျောင်းတော်
ဝေဠုဝန်ကျောင်းတော်သည် မြတ်စွာဘုရားရှင်၏ ပထမကျောင်း ဖြစ်သည်။ အလှူရှင် ဒါယကာမှာ မဂဓတိုင်း၏ ဘုရင်ဖြစ်သည့် ဗိမ္ဗိသာရမင်းကြီး ဖြစ်သည်။[1]
ရာဇဂြိုဟ်သို့ ဆွမ်းခံကြွခြင်း
နောင်တစ်ချိန်တွင် ဘုရားဖြစ်တော်မူမည့် ဘုရားလောင်းရဟန်းသည် ရာဇဂြိုဟ်မြို့အတွင်း ဆွမ်းခံကြွနေချိန် ဖြစ်၏။ ထိုအခါ မဂဓတိုင်း၏ ဘုရင်ဖြစ်သည့် ဗိမ္ဗိသာရသည် တည်ကြည်ငြိမ်သက်စွာ ဆွမ်းခံနေသော ဘုရားလောင်းကို နန်းတော်ပြာသာဒ်အထက်မှ ဖူးမြှော်နေ၏။ ဘုရင်ကြီး၏ စိတ်တွင် ဘုရားလောင်းအပေါ် ကြည်ညိုစိတ်များ ပိုပိုလာ ဖြစ်လာလေသည်။ မင်းကြီးလည်း ဘုရားလောင်းရဟန်းကို လိုက်လံစုံစမ်းရန် အမှုထမ်းသုံးဦးကို စေခိုင်းလေသည်။
ဘုရားလောင်းလည်း သပိတ်တွင် ဆွမ်များပြည့်လာသော အခါ ပဏ္ဍဝတောင်ခြေသို့ ကြွလာခဲ့သည်။ တောင်ခြေအနားရှိ ရေအိုင်အနီးတွင် ဆွမ်းကို မျှတစွာ ဘုဉ်းပေးတော် မူသည်။ မင်းကြီးလည်း ဘုဉ်းပေးပြီးလျှင် ရထားဖြင့်ရောက်လာလေသည်။ လှမ်းမြင်ရသော နေရတွင်ပင် ရထားကို ထားခဲ့ကာ ဘုရားလောင်းဆီသို့ ခြေကျင်လျှောက်လာလေသည်။[1]
ကတိပေးတော်မူခြင်း
ဗိမ္ဗိသာရမင်းကြီးလည်း ရဟန်းတော်ထံ ရိုသေစွာချဉ်းကပ်၍ လျောက်ထား၏။ မြတ်စွာဘုရားအား ခတ္တိယမျိုးနွယ်ထဲမှ ဖြစ်ဟန်တူကြောင်း၊ ဘုရားလောင်းရဟန်းအား စည်းစိမ်ဥစ္စာများ ပေးအပ်မည်ဖြစ်ကြောင်း ပြော၏။ ထို့နောက် ဘုရားလောင်းအား မည်သည့်အမျိုးအနွယ်မှ ဖြစ်ကြောင်း မိန့်တော်မူရန် လျှောက်ထားမေးမြန်း၏။ ဘုရားလောင်းလည်း မေးသည်ကို ဖြေကြား၏။ မိမိသည် စည်းစိမ်ဥစ္စာကို အလိုမရှိ။ လက်မခံကြောင်း ပြောကြား၏။
ထိုအခါ မင်းကြီးသည် ဘုရားလောင်းအား အလိုရှိရာ ပန်းတိုင်သို့ ရောက်ရှိသောအခါ မိမိ၏ တိုင်းပြည်သို့ ကြွလာရန် ပြောကြားလေ၏။ ဘုရားလောင်းလည်း ဆိတ်ဆိတ်နေခြင်းဖြင့် ကတိပေးလိုက်လေသည်။[1]
ရာဇဂြိုဟ်သို့ ကြွတော်မူခြင်း
မြတ်စွာဘုရားအဖြစ်သို့ရောက်တော်မူပြီးသည့်အခါ ဗိမ္ဗိသာရမင်းကြီး၏ လျှောက်ထားချက်အတိုင်း ကြွတော်မူလာခဲ့သည်။ ကြွတော်မူလာသော အခါ ကျောင်းများမရှိသေးသဖြင့် မြတ်စွာဘုရားနှင့် နောက်ပါရဟန်းတို့သည် ထန်းတောဥယျာဉ်တွင်းရှိ အရိပ်ကောင်းသည့် သစ်ပင်အောက်တွင် သီတင်းသုံးကြရလေသည်။
ထန်းတောဥယျာဉ်အတွင်းသို့ ရောက်ရှိပြီးမကြာမီ မင်းကြီးရောက်ရှိလာလေသည်။ မင်းကြီးသည် မြတ်စွာဘုရားအား ဖူးမြော်ပြီးနောက် မိမိသည် အိမ်ရှေ့မင်းသားဘဝက တောင့်တမှုကြီး (၅) မျိုး ဖြစ်ပေါ်ခဲ့ကြောင်း လျှောက်ထားလေ၏။ ၎င်းတောင့်တမှုကြီး (၅) ခုတို့မှာ "(၁) ငါသည် မင်းဧကရာဇ် အဖြစ်ကို ရရှိ၍ အဘိသိက်ရေစင် သွန်းလောင်းခြင်း ခံရလျှင် ကောင်းလေစွ။ (၂) မင်းအဖြစ်သို့ ရပြီးသောအခါ ငါ၏တိုင်းနိုင်ငံသို့ မြတ်စွာဘုရားကြွတော်မူလာလျှင် ကောင်းလေစွ။ (၃) ငါသည် ကြွတော်မူလာသော မြတ်စွာဘုရားကို ဖူးမြော်ခွင့်ရလျှင် ကောင်းလေစွ။ (၄) မြတ်စွာဘုရားသည် ငါ့အား တရားဟောလျှင် ကောင်းလေစွ။ (၅) ငါသည် ဟောကြားတော်မူသော တရားကို သိနားလည်လျှင် ကောင်းလေစွ" တို့ ဖြစ်ကြသည်။ ထိုတောင့်တမှု ငါးမျိုးကို မြတ်စွာဘုရားအား လျှောက်ထားပြီးနောက် ယခုအခါ မိမိသည် တောင့်တမှုအားလုံး ပြည့်စုံခဲ့ပြီဖြစ်ကြောင်း ပြောကြား၏။ မိမိကိုယ်လည်း ဥပါသကာ တပည့်အရင်းအဖြစ် မှတ်ယူရန်၊ နက်ဖြန်နံနက်တွင် ဆွမ်းအလှူ ခံယူတော်မူရန် လျှောက်ထား၏။ မြတ်စွာဘုရားလည်း ဆိတ်ဆိတ်နေကာ လက်ခံတော်မူခဲ့သည်။[1]
ကျောင်းမြေလှူဒါန်းခြင်း
နောက်တစ်နေ့နံနက်တွင် မြတ်စွာဘုရားနှင့် သံဃာတော်တို့သည် ဆွမ်းဘုဉ်းပေးကြသည်။ ဤသည်ကို မင်းကြီးသည် ပီတိဖြင့် ကြည့်ရင်း "မြတ်စွာဘုရားနှင့် သံဃာတော်အရှင်သူမြတ်တို့သည် မည်သည့်နေရာတွင် သီတင်းသုံးရန် သင့်တော်ပါသနည်း။ ဤသို့ လူတို့ဖြင့်လည်း ရောယှက်ကာ ဖြစ်မနေသင့်၊ တရားနာလိုသူ ဘုရားဖူးသူတို့လည်း လွယ်လင့်တကူ သွားလာနိုင်၊ ဆိတ်ငြိမ်ကာ တရားရှုမှတ်ရန်သင့်တော်သည့် နေရာဖြစ်သင့်ပေသည်" ဟု တွေးမိပေသည်။ ထို့နောက် ခဏအကြာတွင် မိမိ၏ ဝေဠုဝန်ဥယျာဉ်သည် ဤအချက်များနှင့် ပြည့်စုံသည်ဟု သိလာသည်။ ထို့နောက် မြတ်စွာဘုရားအား သီတင်းသုံရန်သင့်တော်သည့် ဝေဠုဝန်ဥယျာဉ်ကို လှူဒါန်းတော်မူ၏။ မြတ်စွာဘုရားသည် ဒါယကာမင်းကြီးအား တရားစကားဖြင့် ချီးမြောက်ကာ သံဃာတော်များနှင့် ဝေဠုဝန်ဥယျာဉ်သို့ ကြွတော်မူ၏။ ထိုအချိန်မှစကာ ထိုဥယျာဉ်သည်လည်း ကျောင်းမြေဖြစ်လာခဲ့သည်။ မြတ်စွာဘုရားကလည်း ကျောင်းမြေအလှူခံခြင်းကို ခွင့်ပြုကြောင်း ဝိနည်းတစ်ခုကို ထုတ်ပြန်တော်မူခဲ့သည်။[1]
ကိုးကား
- ဝဏ္ဏသီရိ။ ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း။ ပထမတွဲ။