သင်္ကန်းပင်

အာရှတိုက် အပူပိုင်းဒေသပေါက် အမြဲစိမ်းတောနှင့်စွတ်စိုသော တောများတွင် ပေါက်ရောက်သည့် သင်္ကန်းပင်သည်မြန်မာနိုင်ငံအတွင်း၊ အထူးသဖြင့်ထားဝယ်နှင့် မြိတ်ခရိုင် သစ်တော များတွင်အမြောက်အမြား ပေါက်ရောက်သည်။ ပျဉ်းမနားခရိုင်သည် သင်္ကန်းပင် ပေါက်ရောက်ရာဒေသ တို့တွင်မြောက်ဘက်အကျဆုံး နယ်ဖြစ်လေသည်။

သင်္ကန်းပင် (Hopea odorata)
သင်္ကန်းပင်(Hopea odorata)၏ အရွက်များ

သင်္ကန်းပင်နှင့်ဆင်တူယိုးမှားအပင်များစွာရှိရာ ရုက္ခဗေဒ အမည်အားဖြင့် ဟိုပီယာအော်ဒိုရေတာ(Hopea odorata)ခေါ် သင်္ကန်းပင်နှင့် ဟိုပီယာမိုင်နျူတီဖလော်ရာ(Hopea minutiflora; ယခုအခါတွင် Hopea sangal[1])ခေါ် သင်္ကန်းမ ကလေးပင်တို့သည် သင်္ကန်းပင် စစ်စစ်နှစ်မျိုးဖြစ်သည်။ ယင်းတို့သည် ကညင်၊ ကောင်းမှု၊ သစ်ယာ၊ အင်၊ အင်ကြင်း၊ တို့နှင့်မျိုး ရင်းတူဖြစ်၍ ဒစ်ပတာရိုကာပေစီအီး မျိုးရင်းတွင်ပါဝင်သည်။ မြင့်မားစွာပေါက်ရောက်နိုင်သော တောသစ်ပင်ကြီးမျိုးဖြစ်သည်။ ပင်စည်၏အညိုရောင်သန်းသော အနက်ရောင်အပွေးတွင် အက်ကြောင်းငယ်များရှိသည်။ အဖျားသို့တဖြည်းဖြည်း ရှူးသွားသောအရွက်မျိုးရှိ၍ အရွက် ကြောများ၏ အရင်းထောင့်၌ မှဲ့ကလေးများ ရံဖန်ရံခါပါ ရှိတတ်သည်။ အပွင့်ဖြူဖြူကလေးများ တဖက်သတ်တည်း ထွက်သော ပန်းခက်မျိုးပွင့်သည်။ ပွင့်ဖတ်နှင့်ပွင့်ချပ် ငါးခုစီရှိသည်။ ပွင့်ဖတ်သည်အနားတဖက်လိပ်ဝင်နေသည်။ ပွင့်ချပ်တို့သည်ပူးတွဲအသီးသီးသောအခါ အသီးနှင့်အတူပူးတွဲ ထွားကြိုင်းလာသည်။ အသီးတွင်အတောင်ကဲ့သို့ အင်္ဂါနှစ်ခု ပါလေသည်။

သင်္ကန်းပင်၏အသားအရောင်သည်ညိုသည်။ သင်္ကန်း သားသည် ချောမွတ်ကျစ်လျစ်သည်။ တခါတရံ အပေါ်ယံ၌အက်ကွဲတတ်သော်လည်း အသားသေအောင် ပြုလုပ်ရန်လွယ်ကူသည်။ ကုဗပေ တစ်ပေါင်လျှင် ၄၇ ပေါင် အလေးချိန်စီး၍ အတော်အသင့်လေးလံပြီးလျှင် အတော်အသင့် မာကျော၍ ခြမစားနိုင်သဖြင့် ကျွန်းသစ်၏ အရည်အသွေးနှင့်ဆင်ဆင်တူသည်။ သို့သော် ကျွန်းသစ် ထက်ဈေးပေါပြီးလျှင် ပျဉ်းကတိုးလောက် ခွဲဖြတ်စိတ်ဖြာရန် မခဲယဉ်းသဖြင့် ခိုင်မာမှုလိုအပ်သောတံတားဆောက်ခြင်း၊ လှေဆောက်ခြင်း ဇလီဖားတုံးပြုလုပ်ခြင်း စသော လုပ်ငန်းများအတွက်အသုံးကျသည်။ ထိုပြင်လှည်းများ၊ ရွက်တိုင်များ၊ အိမ်ထောင်ပရိဘောဂ ပစ္စည်းများပြုလုပ်ရန် အသုံးများသောသစ်မျိုးဖြစ်သည်။ သင်္ကန်းသားဖြင့် ဆောက်လုပ်သော လှေသည် အနှစ်နှစ်ဆယ်ကျော်အထိ ခိုင်ခန့်နေသည်ကိုတွေ့ရသည်။ သင်္ကန်းသားသည် အပြစ် အနာလည်းကင်းသဖြင့် ယခုခေတ်တွင် အထူးသဖြင့် ပါကစ္စတန်နိုင်ငံ၌ မီးရထား ဇလီဖားတုံးများ အတွက် အများဆုံးအသုံးပြုလျက်ရှိသည်။

မြင်ရုံကာမျှဖြင့် သင်္ကန်းပင်နှင့်ခွဲခြားရန် ခဲယဉ်းသောအခြားသစ်ပင်တို့မှာ သင်္ကဒူး (သင်္ကန်းတူ) နှင့် ပန်းသစ်ယာစသည်တို့ဖြစ်သည်။ သင်္ကန်းသားနှင့်အခြား ဆင်တူယိုးမှားသစ်များကို ခွဲခြားသိနိုင်ရန်မှာ သင်္ကန်းသား အစစ်ပေါ်တွင် မြေဖြူဖြင့်ရေးခြစ်လိုက်လျှင် မြေဖြူမှတ်သည် မိနစ်ပိုင်းအတွင်း အနီရောင်ပြောင်းသွားသည်။ သင်္ကဒူးစသော အခြားသစ်များပေါ်တွင်မြေဖြူမှတ်သည် အဖြူအတိုင်းပင် ရှိနေလေသည်။ သင်္ကန်းပင်မှ သစ်ဆီတစ်မျိုးကိုလည်း ထုတ်ယူရရှိနိုင်သည်။ ထိုသစ်ဆီကိုဆေးဝါးများ၌ထည့်ရန် လည်းကောင်း၊အရောင်တင်ဆီအဖြစ်အသုံးပြုကြသည်။ သစ်ဆီထုတ်ယူရရှိနိုင်သော အကောင်းဆုံးအချိန်မှာ နွေရာသီ ဖြစ်သည်။ တနင်္သာရီနယ်မှ ထုတ်ယူရရှိသော သစ်ဆီများကို မော်လမြိုင်သို့တင်ပို့ကြသည်။ သင်္ကန်းပင်ကို အချို့ကသစ်ဆင်ကန်းဟုလည်း ခေါ်ဆို ကြလေသည်။

သင်္ကန်းနက်ဟူ၍လည်းကောင်း၊ သင်္ကန်းကျောက်ဟူ၍ လည်းကောင်းခေါ်ဆို၍ သင်္ကန်းပင်မျိုးရင်းတွင်ပါဝင်သော အပင်မျိုးရှိသေးသည်။ ရုက္ခဗေဒအမည်အားဖြင့် ဟိုပီယာ ဟယ်ဖာရီ(Hopea helferi)ဟုခေါ်သည်။ ပေ၈ဝ ကျော်ခန့် အထိမြင့်မား နိုင်ပြီးလျှင် လုံးပတ်ခုနစ်ပေရှိသည်။ အသားသည် အလွန်မာကျောသဖြင့် သင်္ကန်းကျောက် ဟုခေါ်ဆိုကြဟန် တူပေသည်။ ဒေါနတောင်တန်းနှင့်တနင်္သာရီရိုးမတို့၌ ပေါက်ရောက်သည်။ ထိုအပင်မျိုးမှ သစ်ဆီကြည်တစ်မျိုးကို ထုတ်ယူရရှိနိုင်လေသည်။[2]

ကိုးကား

  1. Hopea minutiflora C.E.C.Fisch. (Plants of the World Online, Kew Science). Retrieved 8 April 2020
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.