သာကျော်၊ ဦး
ဦးသာကျော် (ဘုံပေါက်သာကျော်) ကို ၁၉၁၉ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ၌ အဖ ဦးကျော်ဇံဦး၊ အမိ ဒေါ်လှမိုးသူ တို့မှ မွေးဖွားသည်။ မွေးချင်း ၇ ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။
ငယ်စဉ်က စစ်တွေမြို့ စိန်ကော်ဘင့်အထက်တန်းကျောင်းနှင့် အမျိုးသားအထက်တန်းကျောင်းများတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။ ဦးသာကျော်သည် အသက် ၁၉ နှစ်အရွယ်မှာပင် ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတွင် ရခိုင်ပြည်နယ် ကျောင်းသားသပိတ်ခေါင်းဆောင်ဥက္ကဋ္ဌနှင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ (၁၉၃၉–၄၀)အဖြစ် ပါဝင်ဆောင်ရွက်ပြီး နိုင်ငံရေးလောကသို့ စတင်ခြေချလာခဲ့သည်။
ဂျပန်ခေတ် စစ်တွေခရိုင် ဘီအိုင်အေအုပ်ချုပ်ရေးအဖွဲ့တွင် ကာကွယ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီး နိဒါန်းကာလမှာပင် နယ်ချဲ့အင်္ဂလိပ်တော်လှန်ရေးအတွက် ရခိုင်ပြည် မြေအောက်တော်လှန်ရေးအဖွဲ့ စတင်ဖွဲ့စည်းရာတွင်လည်းကောင်း၊ ၁၉၄၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် အိန္ဒိယပြည် မိုင်ဆိုမြို့တွင် စစ်သင်တန်း သွားရောက်တက်ခဲ့သော လေထီးတပ်သားများနှင့်အတူ ရခိုင်ပြည်နယ် ဖက်ဆစ်တော်လှန်ရေးကို ခေါင်းဆောင်အဖြစ် ပါဝင်ဆင်နွှဲရာတွင်လည်းကောင်း၊ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးတိုက်ပွဲကာလတွင် ကက်စဘီ(CAS.B) အစိုးရမှ ဆန္ဒပြသူများအား ပစ်ခတ်ဖြိုခွဲမှုများကြောင့် လက်နက်စွဲကိုင်တော်လှန်ရာတွင်လည်းကောင်း ခေါင်းဆောင်ခဲ့သူ ရခိုင်မျိုးချစ်တော်လှန်ရေးသမားတစ်ဦး ဖြစ်သည်။
ရခိုင်ပြည်နယ် နိုင်ငံရေးလောကတွင် နယ်ချဲ့အင်္ဂလိပ်တော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် လွတ်လပ်ရေးအကြိုတိုက်ပွဲများ၌ မျိုးချစ်ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ရာ ရခိုင်မျိုးချစ် ရဟန်းတော် ဦးစိန္ဒာ၊ ဦးပညာသီဟ၊ ရခိုင်မျိုးချစ်ခေါင်းဆောင် ဦးကြာလှအောင်၊ ဦးညိုထွန်း၊ ဝန်ကြီး ဦးဘစော၊ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ပါဝင်ခဲ့ပါသည်။ ဦးစိန္ဒာ၏ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)နှင့် ရခိုင်လူငယ်များအဖွဲ့မှ ကျော်ဇံရွှီးက ပထမ ခွဲထွက်ပြီး ဒုတိယ ဘုံပေါက်သာကျော် ခွဲထွက်၍ ပါတီထောင်ကာ တောခိုခဲ့သည်။
၁၉၄၈ ခုနှစ်တွင် စစ်တွေသူ ဒေါ်စောမေနှင့် လက်ထပ်ခဲ့သည်။ ထို့နောက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နှင့်အတူ ပါဝင်ဆောင်ရွက်ပြီး ၁၉၅၃ ခုနှစ်တွင် လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ရောက်ရှိလာ၍ ပါတီနိုင်ငံရေးကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး ငြိမ်းချမ်းရေးဆန္ဒပြပွဲများကြောင့် နိုင်ငံရေးသမားများ၊ ခေါင်းဆောင်များအား ထိန်းသိမ်းရာတွင် အင်းစိန်ထောင်နှင့် ကိုကိုးကျွန်းတို့၌ အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားအဖြစ် ပါဝင်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသည်။ ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံ့ဂုဏ်ရည် (ဒုတိယအဆင့်) ချီးမြှင့်ခံရသည်။
၁၉၇၃ ခုနှစ်တွင် မိမိ၏ နိုင်ငံရေးဘဝခရီးနှင့် တော်လှန်ရေးခရီးများကို တော်လှန်ရေးခရီးဝယ် အတွဲ(၁)နှင့် ၁၉၇၅ ခုနှစ်တွင် အတွဲ(၂) တို့ကို နှစ်တွဲခွဲ၍ ပြုစုရေးသား ထုတ်ဝေခဲ့ပါသည်။ ၂၀၀၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ မိသားစုနှင့်အတူ နေထိုင်ရင်း အသက်(၈၃)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ရာ ဇနီးဒေါ်စောမေနှင့် သားသမီးများဖြစ်ကြသော ဒေါ်စိန်စိန်မေ၊ ဦးအောင်ထွန်းကျော် (ရှေ့နေ၊ ကွယ်လွန်)၊ ဒေါ်စိန်ဝင်း၊ ဦးထွန်းသိန်းကျော်တို့ ကျန်ရစ်ခဲ့ပါသည်။