ဟင်နရီ ဖို့ဒ်

ဟင်နရီ ဖို့ဒ် (Henry Ford) သည် အမေရိကန် ဖို့ဒ် မော်တော်ကား ကုမ္ပဏီအား တည်ထောင်ခဲ့သူ ဖြစ်သည့်အပြင် မျက်မှောက်ခေတ် ကုန်ပစ္စည်းများ စီးပွားဖြစ် ထုတ်လုပ်ရာတွင် စွမ်းအားတိုးမြင့်ရေးအတွက် ပိုမိုလျင်မြန်သည့် စက်ပစ္စည်း စနစ်တကျ တပ်ဆင်မှု နည်းလမ်းကို (assembly line) စတင်အသုံးပြုခဲ့သူ ဖြစ်သည်။ ဟင်နရီ ဖို့ဒ်အား မော်တော်ကား တီထွင်သူအဖြစ် မကြာခဏ ထင်မှတ်မှား တတ်ကြသည်။ သူသည် မော်တော်ကား လုပ်ငန်းကို တော်လှန်ပစ်သည့် တီထွင်အားကောင်းသူ တစ်ဦးဖြစ်သည်။

၁၉၁၉ ခုနှစ်တွင် ရိုက်ကူးထားသည့် ဟင်နရီ ဖို့ဒ် ၏ ဓာတ်ပုံ

ဖို့ဒ်ကို ၁၈၆၃ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်ပြည်နယ် ဒေဘွန်မြို့၌ ဖခင်ဝီလျံနှင့် မိခင်မေရီတို့မှ မွေးဖွားခဲ့ပါသည်။ မွေးချင်းမောင်နှမ ၅ယောက် ရှိခဲ့ပြီး ငယ်နာမည်မှာ ဟင်နရီဖြစ်လေ၏။ လယ်သမားမျိုးရိုးမှ မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူမှာ အိုင်းရစ်အမျိုးအနွယ် ဖြစ်သည်။ မိခင်ဖြစ်သူမှာ ဒတ်ချ်အမျိုးအနွယ်ဖြစ်သည်။ သူသည် ကလေးဘဝတွင် မိသားစုလုပ်ငန်းတွင် လုပ်ကိုင်ပြီး အားလပ်သည့်အချိန်ပို၌ စက်ပစ္စည်းအလုပ်ရုံတွင် ဝင်ရောက်လုပ်ကိုင် တတ်သည်။ အသက် ၁၇ နှစ်အရွယ်တွင် ဖို့ဒ်သည် မိသားစုလုပ်ငန်းမှထွက်ကာ ဒက်ထရွိုက်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး စက်ပစ္စည်းအလုပ်ရုံ၌ လုပ်ကိုင်ကာ အထူးသဖြင့် ရေနွေးငွေ့ဖြင့်မောင်းသည့် စက်များကို တာဝန်ယူ ကိုင်တွယ်သည်။

၁၈၈၂ ခုနှစ်တွင် ဖို့ဒ်သည် လက်မှတ်ရ စက်ဆရာတစ်ဦး ဖြစ်လာသည်။ ရေနွေးငွေ့သုံးစက်များ တပ်ဆင်ပြုပြင်ရန် ဝက်စတင်းဟောက်စ် ကုမ္ပဏီက ဖို့ဒ်အား ငှားရမ်းခဲ့သည်။

၁၈၉၁ ခုနှစ်တွင် ဖို့ဒ်သည် ဓာတ်ဆီကို လောင်စာအဖြစ် အသုံးပြုသည့် အင်ဂျင်စက်ငယ်ကို ပုံစံထုတ်သည်။ သောမတ် အက်ဒီဆင်က ကမ်းလှမ်းသဖြင့် သူ့ကုမ္ပဏီတွင် ဖို့ဒ်သည် အင်ဂျင်နီယာချုပ် ဖြစ်လာသည်။ သုံးနှစ်အကြာတွင် ဖို့ဒ်သည် ဓာတ်ဆီဖြင့် မောင်းနှင်နိုင်သည့် ကားကို တီထွင်သည်။

အက်ဒီဆင်၏ လုပ်ငန်းမှထွက်ကာ ဆက်လက်ကြိုးပမ်းရာ နှစ်အနည်းငယ်အတွင်း ပုံစံအေနှင့် ပုံစံတီ အပါအဝင် မော်တော်ကား ဒီဇိုင်းများကို ဖို့ဒ်က ဆက်လက်ထုတ်လုပ်ခဲ့သည်။ မော်တော်ကား၏ စွမ်းဆောင်မှု မြင့်မားရေးမှာ ဖို့ဒ်၏ မူပိုင်လက္ခဏာ တစ်ရပ်ဖြစ်သည်။ ဖို့ဒ်သည် မော်တော်ကားများအား စီးပွားဖြစ် ထုတ်လုပ်ရေးအတွက် မော်တော်ကားတပ်ဆင်ရေးကို တီထွင်ဆောင်ရွက်သည်။ ဖို့ဒ်၏ ဦးတည်ချက်မှာ အမေရိကန်နိုင်ငံသားတိုင်း မော်တော်ကား စီးနိုင်ရေး ဖြစ်သည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဖို့ဒ်၏ စက်ရုံကို စစ်ပစ္စည်း ထုတ်လုပ်ရေးတွင် အသုံးပြုခဲ့သည်။

ဖို့ဒ်၏ ဘဝနိဂုံးချုပ် အချိန်ပိုင်းတွင် ကုသိုလ်ဖြစ် အဖွဲ့အစည်း ဖို့ဒ်ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဧပြီ ၇ ရက်တွင် ဖို့ဒ် ကွယ်လွန်ခဲ့သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.