ဟင်းမလား

ဟင်းမလား (ခရစ် ၁၉ဝ၁-၁၉၄၅)

ဟိုင်းနရစ်ဟင်းမလားသည် ဂျာမနီနိုင်ငံ၏ နာဇီခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဂျာမနီနိုင်ငံ မျူးနစ်မြို့တွင် ၁၉ဝဝ ပြည့်နှစ် အောက်တိုဘာလ ၇ရက်နေ့၌ ဖွားမြင်၏။ ပထမ ကမ္ဘာစစ်အတွင်း အလံကိုင် အဖြစ် အမှုထမ်းခဲ့ဘူး၏။ ထိုနောက်တွင် အဲဒေါ့ဟစ်တလာ၏ နောက်လိုက်တစ်ဦး ဖြစ်လာ၍ မအောင်မမြင် ဖြစ်ခဲ့ရသော ဟစ်တလာ၏ မျူးနစ်တော်လှန်ရေးကိစ္စတွင် ရှေ့တန်းမှ ပါဝင် ခဲ့သည်။ ထိုနောက်တွင် မုန်တိုင်းတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ရာ ၁၉၂၉ ခုနှစ်တွင် ထိုတပ်ဖွဲ့ခေါင်းဆောင် ဖြစ်လာသည်။

ဟင်းမလားသည် ၁၉၃၃ ခုနှစ်တွင် ဗာဗားရီးယန်းရဲအဖွဲ့၏ အကြီးအကဲဖြစ်လာပြီးလျှင် ၁၉၃၄ ခုနှစ် နာဇီတို့၏ လျှို့ဝှက်ရဲအဖွဲ့ဖြစ်သော ဂက်စတာပိုအဖွဲ့၏ ခေါင်းဆောင် ဖြစ်လာလေသည်။ ၁၉၃၆ ခုနှစ် ဇွန်လတွင် ဟစ်တလာက ဟင်းမလားကို ဂျာမန်အမျိုးသား ရဲအဖွဲ့၏ အကြီးအကဲအဖြစ် ခန့်ထားခဲ့သည်။ ဟင်းမလားသည် ဤသို့ ရဲအဖွဲ့ကို ကြိုးကိုင်လာနိုင်သောကြောင့် ဟစ်တလာနှင့်ပင် တန်ခိုးအာဏာအရာတွင် ပခုံးချင်းယှဉ်နိုင်သော အခြေသို့ ရောက်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကလည်းကောင်း၊ စစ်ကြီးအတွင်း၌လည်းကောင်း၊ ဂျာမန်တို့သည် မိမိတို့၏ ရန်သူများအပေါ် စက်ဆုတ်ဖွယ်ကောင်း အောင် လူမဆံပဲ ပြုမှုကျင့်ကြံခဲ့ကြပုံများမှာ သူ၏လက်ချက်ပင် ဖြစ်သည်ဟု အချို့က စွပ်စွဲခဲ့ကြလေသည်။ ဟင်းမလားသည် ၁၉၄၃ ခုနှစ်တွင် ဂျာမနီ နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်ထားခြင်း ခံရလေသည်။ ၁၉၄၄ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့၌ ဟစ်တလာကို သေကြောင်းကြံရန်အတွက် တပ်မတော်၏အစီအမံသည် မအောင်မမြင် ဖြစ်ခဲ့ရပြီးနောက် ဟင်းမလားသည် ဂျာမနီနိုင်ငံတွင် တပ်စွဲလျက်ရှိသော တပ်များအားလုံး၏ အကြီးအကဲဖြစ်လာခဲ့၏။ ဟင်းမလားသည် ၁၉၄၄ ခုနှစ်တွင် ပြည်တွင်းကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့၍၊ ၁၉၄၅ ခုနှစ်တွင် စစ်ပြေငြိမ်း ရေးအတွက် လျှို့ဝှက်စွာ သွေးတိုးစမ်းကြည့်ခဲ့သေး၏။ ဂျာမန်တို့ စစ်ရှုံးပြီးနောက် မဟာမိတ်တပ်များ ဖမ်းဆီး ချုပ်နှောင်ထားခြင်းခံနေခဲ့ရစဉ် အတောအတွင်း ၁၉၄၅ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ဟင်းမလားသည် မိမိ ကိုယ်မိမိ သတ်သေလိုက်လေသည်။

နာဇီမုန်တိုင်းတပ် အကြီးအကဲဖြစ်လည်းကောင်း၊ ဂက်စတာပိုအဖွဲ့ အကြီးအကဲအဖြစ်လည်းကောင်း ဟင်းမလားဆောင်ရွက်နေသည့်အခိုက် ယင်း၏အမိန့်ဖြင့် လူသန်းပေါင်း များစွာအသက်ဆုံးရှုံးခဲ့ရ၏။ သူ၏အမိန့်ဖြင့် လူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများမှာ ၁၉၄၃ ခုနှစ် သွေးဆိုးထုတ် ပွဲ မှ အစပြုလျက် ဒုတိယကမ္ဘာစစ် အတွင်း သုံ့ပန်းစခန်းများတွင် စံနစ်တကျ သတ်ဖြတ်မှုများဖြင့် အဆုံးသတ်ခဲ့လေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.