အနောက်သို့ခရီးသွားခြင်း

အနောက်သို့ ခရီးသွားခြင်းမှတ်တမ်းကို ရှီးယိုကျိ (西遊記) ဟုခေါ်သည်။ တရုတ်အသံထွက်စံနစ်ဖြင့်ရေးလျှင် Xi (西) အနောက်ဘက်၊ You (遊) ခရီးသွားခြင်း၊ Ji (記) မှတ်တမ်းဟု အဓိပ္ပာယ်ရပါသည်။ ယင်းသည် ကျော်ကြားသော တရုတ်ဂန္ထဝင်ဝတ္တုကြီး ၄ ပုဒ် သုံးပြည်ထောင်ခေတ်ဇာတ်လမ်းများ (三國演義)၊ အနောက်သို့ ခရီးသွားခြင်းမှတ်တမ်း(西遊記)၊ စိမ့်တောမြေမှ ဇာတ်လမ်း (သို့) စိမ့်တောမြေမှ ဝရမ်းပြေးများ (水滸傳)၊ ”ခန်းဆောင်နီအိပ်မက်” (紅樓夢) တို့ထဲက ဝတ္ထုဖြစ်ပြီး ဤဂန္ထဝင်ဝတ္ထုကြီးက ပို၍လူသိများသည်ဟုဆိုရပါမည်။ စာရေးဆရာ မြသန်းတင့်က ခန်းဆောင်နီအိပ်မက်ဝတ္ထုကို မြန်မာဘာသာသို့ပြန်ဆိုခဲ့သည်။

အနောက်သို့ခရီးသွားခြင်းမှတ်တမ်း


အနောက်သို့ခရီးသွားခြင်းမှတ်တမ်းကို ဒဏ္ဍာရီပုံစံဖြင့် တင်ပြထားသော်လည်း ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားမှု ရေစီးကြောင်းကို သုတေသနပြုရာ၌ ဤဝတ္ထုသည် လွန်စွာအရေးပါသော သမိုင်းအထောက်အထားတစ်ခု ဖြစ်နေသည်။ ထန်မင်းဆက်ကာလ ရှေးခေတ် တရုတ်ပြည်သို့ ဗုဒ္ဓသာသနာတော် ရောက်ရှိလာပုံနှင့် ရဟန်းတော် ရွှင်ကျန်း (玄奘) အိန္ဒိယနိုင်ငံသို့ ပိဋကတ်သုံးပုံအား သွားရောက်ပင့်ဆောင်ခြင်း ဖြစ်စဉ် (အနောက်သို့ ခရီးသွားခြင်းမှတ်တမ်း) နှင့် အခိုင်မာ ဆက်စပ်နေသော ဘာသာရေးဆိုင်ရာ မှတ်တမ်းကြီးဖြစ်၏။

ထို့ကြောင့် ဤအနောက်သို့ခရီးသွားခြင်းဝတ္ထုသည် (၂၀) ရာစု အစောပိုင်းကာလကပင် နိုင်ငံခြားဘာသာအတော်များများဖြင့် ကမ္ဘာ့စာပေစင်မြင့်ပေါ်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ၎င်းသည် ဝတ္ထုပုံစံဖြင့် အောင်မြင်မှုရခဲ့သလို အခြားအနုပညာ တင်ဆက်မှုများဖြစ်သော ပြဇာတ်၊ တေးဂီတအော်ပရာ၊ ရုပ်ရှင်များ၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများဖြင့်လည်း အနောက်သို့ခရီးသွားခြင်းဇာတ်လမ်းကို ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ဖန်တီးဖော်ထုတ်ပြသခဲ့ကြသည်။

သို့ရာတွင် ထိုစဉ်က ရုပ်ရှင်လုပ်ငန်းသည် အနောက်သို့ ခရီးသွားခြင်းဝတ္ထုကို အစမှအဆုံး ရိုက်ကူးတင်ပြရန် မစွမ်းသာခဲ့ပေ။ ထို့ကြောင့် ဝတ္ထုဇတ်လမ်းထဲက အခန်းတစ်ခန်းဖြစ်သော "ငှက်ပျောရွက် ယပ်တောင်" () ကိုသာ ရိုက်ကူးတင်ဆက်ခဲ့သည်။ လုံးဝမပြည့်စုံငြားလည်း ဇာတ်လမ်းကို ခြုံငုံမိ၏။ စွန်းဝူခုန်း (孫悟空) (ဟံနုမာန်မျောက်) ၏ ဇာတ်သရုပ်ကို ပေါ်လွင်အောင် တင်ပြနိုင်ခဲ့သည်။ စွန်းဝူခုံးသည် အနောက်သို့ခရီးသွားခြင်းမှတ်တမ်း၏ အဓိကဇာတ်ဆောင်ဖြစ်ပြီး ဇာတ်အိမ်တစ်ခုလုံး၏ အသက်ဖြစ်နေခြင်းကြောင့် "အနောက်သို့ခရီးသွားခြင်းမှတ်တမ်း" နေရာတွင် စွန်းဝူခုံးမှတ်တမ်းဟု အမည်ပေးလျှင်ပင် ရနိုင်ကောင်းသော အကြောင်းရှိသည်။

ဇာတ်လမ်း အကျဉ်းသဘောမှာ ဇာတ်လိုက်ကြီးစွန်းဝူခုန်းသည် ရဟန်းတော် (ထန်ဆင်း) (唐僧 သို့ 唐三藏) အိန္ဒိယနိုင်ငံသို့ ပိဋကတ်သုံးပုံ သွားရောက်ပင့်ဆောင်သောအခါ ရဟန်းတော် (ထန်ဆင်း)၏ လုံခြုံရေးအတွက် နောက်လိုက်နောက်ပါအဖြစ် တာဝန်ထန်းဆောင်ရသူဖြစ်ပြီး စွန်းဝူခုန်းအား ယင်းတာဝန်အပ်နှင်းပေးခဲ့သူမျာ ကွမ်ရင်မယ်တော် (觀世音) ဖြစ်၏။ ထန်ဆန်း၏ အသားကို စားပါက မသေဆေးစားသကဲ့သို့ စွမ်းသောကြောင့် ထန်ဆန်းကို အလုအယက် လိုချင်နေကြ၍ စွမ်းဝူခုန်းအား ထန်ဆန်းကို အကာအကွယ်ပေးရန် စေလွှတ်ခြင်းဖြစ်သည်။

စွန်းဝူခုန်း ပို၍အောင်မြင်ခဲ့သည်မှာ (၂၀)ရာစုနှောင်းပိုင်းကာလ ၁၉၈၀ ခုနှစ်များထိဖြစ်သည်။ ထိုအချိန်က တရုတ်ပြည်တစ်ဝှမ်းတွင် ရုပ်မြင်သံကြား ခေတ်ကြီးတစ်ခေတ် ထွန်းကားနေချိန်လည်းဖြစ်၏။ တရုတ်ပြည်သူလူထုသည် ရုပ်သံစက်များကို လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ကြပြီဖြစ်၍ ရုပ်သံဇာတ်လမ်းတွဲများကိုလည်း တစ်ဝကြီး ကြည့်ရှု့ခံစားနိုင်ကြပြီဖြစ်၏။ ယင်းအခွင့်အလမ်းကို အမိအရယူ၍ စွန်းဝူခုန်းသည် ရုပ်သံပေါ်သို့ ခုန်ဝင်လာတော့သည်။

အနောက်သို့ခရီးသွားခြင်း ဝတ္ထုဇာတ်လမ်း မည်မျှပင် ရှည်လျားသည်ဖြစ်စေ ရုပ်သံသည် အခန်းဆက်တင်ပြနိုင်၏။ ထို့ကြောင့် ဝူခုန်း၏ပရိတ်သတ်သည် နေ့စဉ် အချိန်ကိုက် တီဗွီဖန်သားပြင်ရှေ့သို့ အလုအယက် ရောက်လာကြသည်မှာ တစ်လနီးပါးကြာ၏။ တစ်နေ့ပြီးတစ်နေ့ ပရိတ်သတ်၏အာရုံကို ဖမ်းယူနိုင်ခဲ့သူမှာ ဝူခုန်းပင်ဖြစ်၏။

ဝူခုန်းသည် မျောက်ဖြစ်၏။ မျောက်၏ဇာတ်သရုပ်ကို ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့သည့်အတွက် မြန်မာ့ရုပ်သံ ပရိသတ်များကလည်း အထူးနှစ်ခြိုက်အားပေးခဲ့ကြပြီး မျောက်ကား သို့မဟုတ် စွန်းဝူခုန်းကား ဟု အလွယ်တကူ ခေါ်ဝေါ်ကြသည်။ ရုပ်သံအခန်းဆက် ဤမျှအောင်မြင်နိုင်ခဲ့သည့် အကြောင်းရင်းမျာ ရှေးဟောင်းဂန္ထဝင်ဝတ္ထုကြီးကို ခေတ်နှင့် အံဝင်ဂွင်ကျဖြစ်အောင် စီစဉ်တင်ပြနိုင်ခဲ့သော ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာတို့ကို လွန်စွာ ချီးကျူးသင့်ပေသည်။

ဘာသာရေးဆိုင်ရာ အကြောင်းအရာတစ်ရပ်ကို လူမျိုးမရွေး၊ ဘာသာမရွေး နှစ်သက်ခံစားကြည့်ရှုနိုင်အောင် ဖန်တီးမှုသည် လွယ်ကူသော Idea စိတ်ကူး တစ်ရပ်မဟုတ်ပေ။ ဆန်းသစ်သော၊ ကွဲပြားခြားနားမှုရှိသော အသစ်တီထွင်မှုတစ်ရပ်ဟုဆိုရပါမည်။ အထူးသဖြင့် သရုပ်ဆောင်မှုအပိုင်းကို ခေတ်မျက်စိဖြင့် ကြည့်နိုင်အောင် တင်ဆက်သည်။ ဒဏ္ဍာရီကို တကယ့်အသွင်ဖြင်အောင် လှုပ်ရှားပြသည်။ ယင်းအသက်ဝင်သောပြကွက်များက တရုတ်နိုင်ငံတစ်ခုတည်းကိုသာမက အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုနယ်ပယ်ထဲသို့ ကူးဝင်သွားပြီး ကမ္ဘာ့ပရိတ်သတ်က လှိုက်လှဲစွာ ကြိုဆိုခဲ့ပေသည်။

အနောက်သို့ခရီးသွားခြင်း ရုပ်သံဇာတ်လမ်းတွဲ၏ အခြားဆန်းသစ်မှုတစ်ခုမှာ တေးဂီတဖန်တီးမှု အတတ်ပညာပင် ဖြစ်သည်။ ရှေးဟောင်းဘာသာရေး ဂန္ထဝင်ဇာတ်အိမ်ကြီးကို ခေတ်ပေါ်တေးဂီတသံစဉ်များဖြင့် ပေါင်းစပ်တည်ဆောင်ပေးခြင်းသည် ရဲဝံ့မှုတစ်ခုဟု ဆိုရပါမည်။ ဇာတ်ဝင်ခန်းသံစဉ်များသည် ခေတ်ပရိတ်သတ်၏ နားအာရုံကို ရွှင်မြူးစေသည်မှာ အမှန်ပင်ဖြစ်၏။

ဤသို့သော အကြောင်းများကြောင့် အနောက်သို့ခရီးသွားခြင်း (ရှီးယိုကျီ)သည် ရုပ်သံဇာတ်လမ်းတွဲခေတ်၌ ကမ္ဘာတစ်ဝှမ်း လူကြိုက်အများဆုံးနှင့် အောင်မြင်မှုအရဆုံးဖြစ်ခဲ့ပေသည်။ အမှန်တော့ အနောက်သို့ခရီးသွားခြင်း ဂန္ထဝင်ဝတ္ထုသည် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်၏။ ဗုဒ္ဓယဉ်ကျေးမှု အနုပညာတစ်ရပ်အသွင်ဖြင့် ဤနှယ်အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းသည် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဂုဏ်ယူဖွယ်ကိစ္စတစ်ရပ်ဟု ဆိုရပါမည်။

"အနောက်သို့ခရီးသွားခြင်းမှတ်တမ်း" ဝတ္ထု ပေါ်ပေါက်လာပုံ

Yuan Dynasty (A.D. 1271-1368) ယွမ်မင်းဆက်နှောင်းပိုင်၊ Ming Dynasty ( A.D. 1368-1644) မင်မင်းဆက် ကနဦးကာလတွင် (Yang Ne) ယန်နာဆိုသော ပြဇာတ်ရေးဆရာက အနောက်သို့ ခရီးသွားခြင်းဝတ္ထုကို စတင် ပြဇာတ်အဖြစ် စတင်ရေးသားခဲ့သည်ဟု သမိုင်မှတ်တမ်းတစ်ချို့၌ ဖော်ပြသည်ကို တွေ့ရသည်။ ယင်းပြဇာတ်စာအုပ်သည် (၆) တွဲရှိပြီး အခန်းပေါင်း (၂၄)ခန်းပါရှိ၏။ ပြဇာတ်ရေးဆရာ ယန်နာသည် သမိုင်းရှည်ကြာစွာတည်ရှိခဲ့သည့် ရိုးရာပုံပြင်ကို အခြေခံရေးသားခဲ့ခြင်းဖြစ်သည်။

ဒဏ္ဍာရီပုံပြင်တစ်ပုဒ်နှယ်လူထုအကြားစီးမျောခဲ့သော ဇာတ်လမ်းဖြစ်ပြီး ယင်းဇာတ်ကို အစောပိုင်းကာလများတွင် (Za Ju) (雜劇) ကျာကျွီဟုခေါ်သော ညွန့်ပေါင်းဇာတ်တစ်မျိုးအသွင်ဖြင့် တင်ဆက်ခဲ့ကြသည်။ ဂီတဖြင့်ပေါင်းစပ်ထားသော ကဗျာ၊ ပြဇာတ်ဟုပြောနိုင်ပါသည်။ ထိုဇာတ်မျိုးတွင် လှုပ်ရှားမှု (၄)မျိုးထည့်သွင်းထား၏။ ယင်ရိုးရာပုံပြင်များမျာ ရဟန်းတော် ရွှင်ကျန်း (Xuan Zhang) ပိဋပတ်သုံးပုံ ပင့်ဆောင်ခြင်းဖြစ်သည်။

ဇာတ်ဝတ္ထုထဲ၌ ရဟန်းတော်ရွှင်ကျန်းကို ထန်ဆင်း (Tang Seng) အဖြစ်ဖန်တီးရေးသားခဲ့သည်။ Tang (唐) မှာ ထန်မင်းဆက်၊ ထန်ခေတ်ကို ညွန်းဆိုခြင်းဖြစ်ပြီး Seng (僧) မှာ ရဟန်းဟု အနက်အဓိပ္ပာယ်ရ၏။ ဤထန်ဆင်းမည်သော ရဟန်းတော် ရွှင်ကျန်းသည် ထန်းမင်းဆက်ခေတ်၌ အမှန်တကယ်တည်ရှိခဲ့သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ဖြစ်သည်။

ထန်းမင်းဆက်ခေတ်သည် (Tang Dynasty, A.D. 618-709) အထိဖြစ်၏။ သမိုင်းအထောက်အထားများအရ ရဟန်းတော် ရွှင်ကျန်းသည် ထန်ခေတ်၌ အိန္ဒိနိုင်ငံ နာလန္ဒာတက္ကသိုလ်တွင် (၁၇)နှစ်ကြာ ဗုဒ္ဓကျမ်းဂန်များနှင့် ဘာသာစကားများစွာကို သင်ယူခဲ့ပြီး (၁၉)နှစ်အကြာတွင် ထန်မင်းဆက် နန်းစိုက်ရာ (ယခု ရှီအန်း 西安)မြို့တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု မှတ်တမ်းများကဆိုသည်။ ရဟန်းတော်ရွှင်ကျန်းသည် ရှေးခေတ်တရုတ်ရာဇဝင်၌ ဗုဒ္ဓစာပေကျမ်းဂန်များကို ဘာသာပြန်ဆိုနိုင်သော ဆရာကြီး(၃)ဦးအနက် ထင်ရှားသူတစ်ဦးဖြစ်၏။ ထို့ကြောင့် ရဟန်းတော်ရွှင်ကျန်းကို (ဆန်းချန်းဖာဆစ် 三藏法師) ပိဋကတ်သုံးပုံဆရာတော်ဟုလည်း ခေါ်ဆိုကြပါသည်။

ရဟန်းတော်ရွှင်ကျန်း အိန္ဒိယနိုင်ငံမှ တရုတ်ပြည်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ပိဋကတ်တော်များကို မရပ်မနား ဘာသာပြန်ဆိုခဲ့ရာ အဘိဓမ္မာကျမ်း (၇၅)အုပ်၊ အခန်းပေါင်း (၁၃၃၅)ခန်းကို တိုက်ရိုက်ပြန်ဆိုခဲ့ပေသည်။ တရုတ်ဘာသာသို့ ပြန်ဆိုထားသော စကားလုံးများသည် အလွန်တရာတည်ကြည်ရင့်ကျက်ပြီး ဂုဏ်သရေမြင့်မားလှ၏။ တရုတ်စာပေယဉ်ကျေးမှု ဘဏ္ဍာတိုက်တွင် အကြီးမားဆုံး ကောင်းကျိုးပြုခဲ့ရုံသာမက အဖိုးမဖြတ်နိုင်သော အိန္ဒိယနိုင်ငံ၏ ရှေးဟောင်းဗုဒ္ဓစာပေ အမွေအနှစ်များကို တရုတ်စာပေအက္ခရာဖြင့် ထိန်းသိမ်းပေးခဲ့သည့် ရဟန်းတော်ကြီးလည်းဖြစ်ပေသည်။ ရဟန်းတော်ရွှင်ကျန်း၏ ဂုဏ်ပုဒ်များစွာကို ပြော၍ဆုံးမည်မထင်၊ ခြုံ၍ပြောရလျှင် ဗုဒ္ဓသာသနာတော် တရုတ်နိုင်ငံသို့ ပြန့်နှံ့ထွန်းကားခဲ့သည်မှာ တရုတ်ရဟန်းတော်ကြီး ဖာရီဟန် နှင့် ရဟန်းတော်ကြီး ရွှင်ကျန်းတို့၏ ကောင်းမှုကုသိုလ်များစွာ ပါဝင်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။

အနောက်သို့ ခရီးသွားခြင်းဇာတ်လမ်းသည် အထက်ဖော်ပြပါ ရဟန်းတော်ကြီး ရွှင်ကျန်းခေါ် ထန်ဆင်း အိန္ဒိယနိုင်ငံသို့ ပိဋကတ်သုံးပုံ သွားရောက်ပင့်ဆောင်သော ဇာတ်လမ်းဖြစ်ပါသည်။ ပြဇာတ်ရေးဆရာ ယန်နာ မတိုင်မီ ယွင်မင်းဆက်လက်ထက်၌ ဝူချင်လင် ဆိုသော စာရေးဆရာက (ထန်းဆန်းချန်းရှီးထင်းချွီကျင်း) အနောက်ဘုံမှပိဋကတ်သုံးပုံပင့်ခြင်း ဝတ္ထုကို စီစဉ်ရေးသားခဲ့သည်ဟု မှတ်တမ်းအချို့ကဆိုသည်။ အနောက်သို့ ခရီးသွားခြင်းမှတ်တမ်းနှင့် ပတ်သက်၍ မည်သည့်စာရေးဆရာက မည်သည့်အချိန်တွင် စတင်ရေးသားခဲ့သည်ဆိုသော ကိစ္စရပ်တွင် အနည်းငယ်ဝိဝါဒကွဲပြားမှု ရှိသည်ကို တွေ့ရသည်။ တစ်ခါ (Ming) မင်မင်းဆက်လက်ထက်တွင် စာရေးဆရာ ဝူချင်အင်း (吳承恩) က အနောက်သို့ခရီးသွားခြင်း အမည်ဖြင့် ဝတ္ထုရေးသားခဲ့ပြန်သည်။ ၎င်းတို့ ရေးသားမှုအားလုံးသည် ရဟန်းတော်ထန်ဆင်း သို့မဟုန် ရွှင်ကျန်း၏ အကြောင်းကို ရေးသားခြင်းပင်ဖြစ်သည်။

အမှန်တကယ် ရဟန်းတော်ရွှင်ကျန်းကိုယ်တိုင် ရေးသားခဲ့သည့်မှတ်တမ်း လည်းရှိ၏။ ၎င်းမှတ်တမ်းများမှာ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာရှအရှေ့အလယ်ပိုင်းနိုင်ငံများ၏ ခရီးသွားမှတ်တမ်းဖြစ်သည်။ ရဟန်းတော်ရွှင်ကျန်း၏ ဤခရီးသွားမှတ်တမ်းသည် နှောင်ခေတ်လူများအတွက် အဖိုးမဖြတ်နိုင်သော အမွေအနှစ်တစ်ခုဖြစ်သလို ခေတ်သမိုင်း ပထဝီအနေအထားနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တူးဖော်ရေးလုပ်ငန်းများအတွက် များစွာပင် အရေးပါသော အဖိုးတန်လမ်းညွှန်စာအုပ်ဖြစ်သည်ဟု သမိုင်းသုတေသီများက မှတ်ချက်ချသည်။

အနောက်သို့ ခရီးသွားခြင်းမှတ်တမ်းသည် ဝတ္ထုဇာတ်လမ်းသာ ဖြစ်ပြီး ရဟန်းတော်ရွှင်ကျန်း ကိုယ်တိုင်ရေးသားသော ခရီးသွားမှတ်တမ်းနှင့် တိုက်ရိုက်ပတ်သက်မှုရှိသည်ဟု မည်သည့် သမိုင်းရေးဆရာကမျှ ရေးသားခဲ့ခြင်းမရှိပေ။ အနောက်သို့ခရီးသွားခြင်းသည် နောက်ပိုင်း ဝတ္ထုပုံစံ ပီပီပြင်ပြင် ဖြစ်လာသည့်အခါ မူလရေးသာခဲ့သော ညွန့်ပေါင်းအော်ပရာဇာတ်နှင့် မတူတော့ဘဲ တစ်မူကွဲပြားသွားသည်။ ခွင်းအော်ပရာ (昆曲) ၊ ပေကျင်း အော်ပရာ (京劇) များတွင် ကပြခဲ့သော ငှက်ပျောရွက်ယပ်တောင် ဇာတ်လမ်းသည် ဝူချင်းလင် ရေးသားသော အနောက်ဘုံမှပိဋကတ်သုံးပုံပင့်ခြင်းထဲက အခန်းတစ်ခန်းကိုသာ ယူ၍ အော်ပရာကပြခဲ့ခြင်းဖြစ်သည်။

မည်သို့ ဝိဝါဒရှိစေ၊ အနောက်သို့ ခရီးသွားခြင်းမှတ်တမ်းကို တစ်စုတစ်စည်းတည်း ပြုစုပြီး နောက်ဆုံး ပြန်လည် တည်းဖြတ်ရေးသားခဲ့သော စာရေးဆရာမှာမူ (Ming) မင်မင်းဆက်ခေတ် စာရေးဆရာ ဝူချင်အင်း (Wu Cheng En, A.D. 1500-1582) ဖြစ်သည်ဟု ခေတ်သစ်စာပေသုတေသီများက ကောက်ချက်ချသည်။ ဝူချင်အင်း သည် ကျန်းဆူးပြည်နည်၊ ဝှိုက်အန်းခရိုင်သားဖြစ်သည်။ ၎င်း၏လက်ရာများတွင် အနောက်သို့ ခရီးသွားခြင်းမှတ်တမ်း ဝတ္ထုအပြင် အခြားနာမည်ကြီးသော ဝတ္ထုတစ်ပုဒ်မှာ "စာမူစုတဲ့ ရှယ်ရန်မြို့က ဆရာ" (射陽先生存稿) ဖြစ်သည်။

အနောက်သို့ ခရီးသွားခြင်းမှတ်တမ်းကို ဝတ္ထုပုံစံဖြင့် အစောဆုံးရေးသားခဲ့သူမှာလည်း စာရေးဆရာ ဝူချင်အင်း ဖြစ်သည်ကို သမိုင်းမှတ်တမ်းများက တညီးတညွတ်တည်း လက်ခံခဲ့သည်ကို တွေ့ရသည်။ သူ၏ အနောက်သို့ ခရီးသွားခြင်းမှတ်တမ်းဝတ္ထုတွင် အခန်းပေါင်း (၁၀၀)ရှိပြီး ရှေ့ပိုင်း (၇)ခန်းတွင် စွန်းဝူခုန်း မွေးဖွားလာပုံနှင့် နတ်ဘုံ၌ဆူပူသောင်းကျန်းမှုများကို ရေးဖွဲ့ထားသည်။ စာရေးဆရာ ဝူချင်အန်းသည် ပဒေသရာဇ်အုပ်ချုပ်မှုစည်းစံနစ်များကို ခုခံတွန်းလှန်ချင်သော စိတ်ဓာတ်နှင့် သူ၏စိတ်ကူးစိတ်သန်းအားလုံးကို စွန်းဝူခုန်း ကိုယ်ပေါ်တွင် သွတ်သွင်းပြီး ကိုယ်စားပြုခိုင်းစေခြင်းပင် ဖြစ်သည်ဟု ယူဆရတော့သည်။

ဝတ္ထု၏ ဒုတိယပိုင်းတွင် စွန်းဝူခုန်းက ရဟန်းတော် ထန်ဆင်းကို ကာကွယ်စောင့်ရှောက်ပြီး ပိဋကတ်သုံးပုံ သွားရောက်ပင့်ဆောင်ခြင်းဖြစ်၏။ ဤခရီးတွင် မကောင်းဆိုးရွား၊ မိစ္ဆာကောင်များနှင့် လမ်းတလျှောက်တိုက်ခိုက်သွားရပုံ၊ စွန်းဝူခုံး၏ တာဝန်ကျေပွန်မှု၊ ဇွဲသတ္တိရှိမှု၊ အခက်အခဲများစွာကို ရဲဝံ့စွာ ကျော်လွှားနိုင်ပုံနှင့် အရှုံးမပေးသော စိတ်ဓာတ်ကို ရေးဖွဲ့ထားသည်။ စွန်းဝူခုန်းသည် မြေလျှိုးမိုးပျံအတတ်များကို စွမ်းဆောင်နိုင်ရုံသာမက ယနေ့ခေတ် သိပ္ပံပညာ အခေါ်အဝေါ်နှင့် ပြောရလျှင် ပုံတူမျိုးပွား အတတ်ကိုလည်း ဖန်တီးပြနိုင်သည်။ သူ့ကိုယ်ပေါ်က အမွေးတစ်ချောင်းကို လက်ဖဝါးပေါ်တင်ပြီး ဝူးခနဲ တစ်ချက်မှုတ်လိုက်ရုံဖြင့် သူ့ကိုယ်ပွား စွန်းဝူခုံးပေါင်းများစွာကို ဖန်တီးပြနိုင်သည်။ ယင်း၏အဓိပ္ပါယ်ကို ရှေးအခါက တန်ခိုးဣဒ္ဓိပါတ်ဟု ဆိုသော်လည်း ယနေ့ခေတ်တွင်မူ ပုံတူမျိုးပွားပညာဟု ပြောနေကြသည်။ အချို့သော သိပ္ပံပညာရပ်များသည် သာမန်လူသားတို့ မခန့်မှန်းနိုင်သော ကာလများကပင် ရှိခဲ့လေသလားဟုတွေးဆရတော့၏။ ခြုံ၍ပြောရလျှင် စွန်းဝူခုန်းသည် အဋ္ဌာရသပေါင်းများစွာ သင်ကြားတက်မြောက်ခဲ့သော မျောက်မင်းကြီးဟုပြောရမည်ဖြစ်၏။

စွန်းဝူခုန်းနှင့် မကောင်းဆိုးရွားများကြားတိုက်ပွဲသည် စင်စစ်လူမှုအဖွဲ့အစည်း၏ ပဋိပက္ခကို ပုံစံတစ်မျိုးဖြင့် ဖော်ပြထားခြင်းပင်ဖြစ်သည်။ ထို့အပြင် ဇာတ်လမ်းအတွင်း စွန်းဝူခုန်း အမှားပြုပြင်ခြင်းအခန်းကိုလည်း အလေးအနက်ရေးသားဖော်ပြထားပြန်သည်။ ၎င်း၏အဓိပ္ပါယ်မှာ ဗုဒ္ဓဩဝါဒ၏ အဆုံးအမများသည် တန်ခိုးဩဇာကြီးမားကြောင်းနှင့် လူမဆိုထားဘိ တိရစ္ဆာန်ကိုပင် မေတ္တာတရားဖြင့် အောင်နိုင်ကြောင်းကို သိမ်မွေ့စွာ ခြယ်မှုန်းထားသည်။

ဇာတ်လမ်းတည်ဆောက်မှုတစ်ခုလုံးသည် စိတ်ကူးယဉ်ဖန်တီးမှုစံနစ်အပေါ် အခြေခံပြီး အတွေးစိတ်ကူးကြွယ်ဝသည်။ ဇာတ်ဝင်ခန်းစကားလုံးများက ထိမိပြီး ဟာသဉာဏ်ပါသည်။ ဇာတ်ကွက် အလှည့်အပြောင်း၊ အချိတ်အဆက်ကောင်းခြင်းကြောင့် စာဖတ်သူကို စွဲဆောင်နိုင်သော ဂန္ထဝင်ဝတ္ထုကြီးဖြစ်သည်။ အရံဇာတ်ဆောင် ကျူးပါကျဲ (豬八戒) သည် စွန်းဝူခုန်းကဲ့သို့ပင် တစ်ချိန်က အစွမ်းရှိသောနတ်မင်းကြီးတစ်ပါးဖြစ်သည်။ သို့သော် သူသည် မူးယစ်သောက်စားပြီး လနတ်သမီးကို ပြစ်မှားခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဝက်ကြီးအဖြစ် အပြစ်ဒဏ်ခံနေရခြင်းဖြစ်သည်။ ကျူးပါကျဲ၏ အဓိပ္ပာယ်မှာ (၈)ပါးသီလကို စောင့်ထိန်းရမည့် ဝက်ကြီးဟု အဓိပ္ပာယ်ရသည်။

မည်သို့ဖြစ်စေ အနောက်သို့ ခရီးသွားဝတ္ထုကို ခြုံငုံသုံးသပ်သော် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)နီးပါးက ရိုးရာပုံပြင် တစ်ပုဒ်နှယ် တည်ရှိခဲ့သော ဇာတ်လမ်းသည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ရုံမက ပြုပြင်ဆန်းသစ်မှုများ အဆင့်ဆင့်ပြုလုပ်ခဲ့ကြရာ မျက်မှောက် (၂၁)ရာစုသို့ ရောက်ရှိခဲ့ပြီဖြစ်၏။ နှစ်ကာလကြာညောင်းပြီဖြစ်သော်လည်း ပရိသတ်အပေါ်စွဲဆောင်မှုက လျော့ကျသွားခြင်းမရှိသည့်အပြင် ပို၍ပို၍ တိုးပွားကျယ်ပြန့်လာနေသည်ကိုတွေ့ရသည်။ ယင်း၏ အဓိပ္ပာယ်မှာ ပြောင်မြောက်သော အနုပညာလက်ရာတစ်ခုသည် အချိန်ကာလကြောင့် အိုမင်းဟောင်းနွမ်းခြင်းမဖြစ်နိုင်။

ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ် ထာဝစဉ် ရှင်သန်စေရန်မှာ အမွေဆက်ခံမည့် နှောင်းမျိုးဆက်များ၏ တီထွင်ဖန်တီးမှုနှင့် ပြုပြင်ဆန်းသစ်မှုများအပေါ် လွန်စွာမူတည်သည်ဟု ယူဆမိပါသည်။ တရုတ်အမျိုးသားတို့သည် အနောက်သို့ ခရီးသွားမှတ်တမ်း၏ မူရင်းအနှစ်သာရကို မပျောက်ပျက်စေဘဲ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်းသစ်မှုများကို တီထွင်ဖန်တီးနိုင်ခဲ့ကြသည်။ ထို့ကြောင့် အနောက်သို့ခရီးသွားခြင်းမှတ်တမ်း ဝတ္ထုသည် တရုတ်အမျိုးသားတစ်ရပ်လုံး၏ စာပေယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ကမ္ဘာ့အလယ် ဝင့်ထည်စွာ ရပ်တည်နေခြင်းဖြစ်တော့သည်။

အကိုးအကား

ရဲထက်၊ကလျာမဂ္ဂဇင်း (?/၂၀၀၉) နှာ-၁၀၅-၁၀၉

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.