အပူ

နေသည် အပူရှိန်ကို ပေး၏။ မီးကိုကိုင်လျှင် ပူ၏။ တုတ်နှစ်ချောင်းကို ပွတ်လျှင် ပူလာ၏။ လက်ပူတိုက်ရာတွင် လည်း အပူရှိန်ကို လိုသဖြင့် လက်ဖဝါးနှစ်ဘက်ကို ပွတ်တိုက် ပေးရ၏။ ဤအချက်များကို လူတိုင်းပင် တွေ့ကြုံနားလည်ကြ ပေသည်။ သို့သော် အပူဆိုသည်မှာ မည်သည့်အရာမျိုးဖြစ် သနည်းဟု မေးလျှင်ကား လွယ်မယောင်နှင့်အလွန်ပင် အဖြေရ ခက်လှပေသည်။

လူတို့သည် ဝါးနှစ်လုံး၊ တုတ်နှစ်ချောင်းကို ပွတ်တိုက်ပေး ခြင်း၊ ကျောက်နှစ်တုံးကို မီးခတ်ပေးခြင်းတို့ဖြင့် အလွန်ရှေးကျ သော ကာလကတည်းကပင် အပူကို လက်တွေ့ ဖန်တီးနိုင်ခဲ့ကြ ပေသည်။ သို့ရာတွင် အပူသည် မည်သည့်ပစ္စည်းမျိုးဖြစ်မည် ကိုမူ အမှန်အတိုင်း မသိခဲ့ကြချေ။ မသိသည့် အတိုင်းလည်း အပူသည် မျက်စိဖြင့် မမြင်နိုင်၊ အလေးချိန်လည်းမစီးသော ထူးဆန်းသည့်ငွေ့ရည်တစ်မျိုးဖြစ်၍ ထိုငွေ့ရည်သည် ပူသော ကိုယ်ထည်မှ အေးသောကိုယ်ထည်သို့ စီးဝင်နိုင်သည်ဟု ယူဆ ကြပြီးလျှင် ထိုငွေ့ရည်ကို ကယ်လိုရစ်ဟု အမည်ပေးခဲ့ကြလေ သည်။

ဤသို့လျှင် အပူကို အရာဝတ္ထုတစ်ခုအနေဖြင့် ကာလကြာ ညောင်းစွာ အမှတ်မှားလာခဲ့ကြရာ ခရစ် ၁၇၉၈-၉၉ ခုနှစ်သို့ ရောက်သောအခါ ကောင့် ရမ်းဖို့နှင့် ဆာဟန်ဖရီဒေဗီဆိုသူ ပုဂ္ဂိုလ်ကြီးနှစ်ဦးက ထိုအယူ ဟောင်းကို တော်လှန်လိုက်ကြ လေသည်။ ( ဒေဗီဆာဟန်ဖရီ။)

ထိုပုဂ္ဂိုလ်ကြီးနှစ်ဦး၏လက်တွေ့ စမ်းသပ်မှုများအရ အပူသည် မြင်နိုင်၊ ကိုယ်တွယ် နိုင်သည့်အရာဝတ္ထုမဟုတ်၊ ဒြဗ်ဝတ္ထုများအတွင်းရှိ မြူတို့၏ တုန်လှုပ်မှုပင်ဖြစ်သည်ဟု ထုတ်ဖော်လိုက်ကြသည်။ ဆိုလိုရင်း မှာ မော်လီကျူးခေါ် မြူတို့၏ တုန်လှုပ်မှုသည် အပူဓာတ်ကို ဖြစ်ပေါ်စေသည်ဟု ဆိုလိုသည်။ သို့သော် ထိုပုဂ္ဂိုလ်ကြီးနှစ်ဦး ၏ စမ်းသပ်မှုများနှင့် ဆိုလိုရင်း သဘောတို့မှန်ကန်ပုံကို နောင် နှစ်ပေါင်း ၄ဝ အကြာတွင် ဂျိမ်း ပရက်စကော့ ဂျူးလက တစ်ဖန် မိမိ၏ စမ်းသပ်တိုင်းတာမှုဖြင့် ထပ်မံရှင်းပြမှ ကမ္ဘာက နားလည် လက်ခံလာလေသည်။ ဂျူးလသည် အပူနှင့်အလုပ် တို့ ဆက်စပ်နေပုံ၊ မည်သို့တိုင်းတာရရှိပုံတို့နှင့်တကွ အပူ၏ စံတင်ခုကိန်းကိုပါ သတ်မှတ်ခဲ့ရာ ထိုခုကိန်းကို ယခုထက်တိုင် အောင် လက်ခံသုံးစွဲလျက်ရှိသည်။ ( ဂျူးလဂျေပီ။)

ဒြဗ်ဝတ္ထုအသီးအသီး၌ပါရှိသော မော်လီကျူးတို့သည် အမြဲ တမ်း တုန်လှုပ်လျက်ရှိသဖြင့် အပူလည်း အမြဲတမ်းပင် ရှိ သည်။ သို့ရာတွင် မော်လီကျူးများ သာမန်အခါထက်တိုးတက် လျင်မြန်စွာ တုန်လှုပ်လာမှ အပူမှာ သိသာလာသည်။ အပြင်း အထန် တုန်လှုပ်သောအခါပူရုံမက မီးပင် ထတောက်နိုင်ပေ သည်။ ထိုကြောင့် တောမီးလောင်ခြင်းသည် ခြောက်သွေ့သော သစ်ကိုင်းများ အချင်းချင်း ပွတ်တိုက်မိရာမှ အတွင်းရှိ မော်လီ ကျူးများ ပြင်းထန်စွာ တုန်လှုပ်မှုကြောင့် မီးထတောက်ကာ တစ်တောလုံး ကူးဆက် လောင်ကျွမ်းခြင်း ဖြစ်လေသည်။ အရာဝတ္ထုတစ်ခုခုကို အပူတိုက်ပေးသောအခါ ထိုအပူ ကြောင့် အလေးချိန်တိုး၍ မလာပေ။ သို့ရာတွင် ထိုအရာဝတ္ထု အတွင်းရှိ မော်လီးကျူးများ တစ်ခုနှင့်တစ်ခု ကန်ကျောက် တုန်လှုပ်မှု ပြင်းထန်လာသည့်အတွက် မော်လီကျူးတစ်ခုနှင့် တစ်ခုတို့၏ အကွာအဝေးမှာ ပိုမိုဝေးကွာလာကာ အရာဝတ္ထု ကိုယ်ထည်သည် ယခင်က ထက်ကား (ကြီးထွား) လာရလေ သည်။ မီးရထားသံလမ်းတစ်လျှောက်ကို ကြည့်သောအခါ သံလမ်း အဆက်တိုင်း၌ သံလမ်းချင်းထိမနေစေပဲ အနည်းငယ် ခွာထားသည်ကို တွေ့ရလိမ့်မည်။ ထိုသို့ ခွာထားခြင်းမှာ နွေ အခါ နေပူလာသောအချိန်၌ သံလမ်းရှည်ထွက်လာသောအခါ အတော်ကျအောင် နေရာပေးထားခြင်းပင် ဖြစ်လေသည်။ ဤသို့ အပူကြောင့် ကားထွက်လာရာတွင် အရာဝတ္ထုတို့သည် အမျိုး အစားကိုလိုက်၍ ကားထွက်ပုံချင်း မတူကြပေ။ ပုံစံမှာ အရွယ် တူညီသော မှန်စတစ်ခုနှင့် သွပ်စတစ်ခုတို့ကို အညီအမျှ အပူ တိုက်ပေးသည်ဆိုပါစို့။ အပူတိုက်ပေးပြီးနောက် တိုင်းတာကြည့် လျှင် သွပ်စက မှန်စထက် ပိုပြီး ကြီးနေသည်၊ (ဝါ) ကားလာ သည်ကို တွေ့ရပေမည်။

အပူကို တိုင်းတာရာတွင် အတိုင်းနှစ်မျိုးရှိ၍ ယင်းတို့မှာ အပူ(အအေး) ချိန်နှင့် အပူပမာဏတို့ ဖြစ်လေသည်။ အရာ ဝတ္ထုတစ်ခုသည် မည်မျှပူသည် (အေးသည်)ကို သာမန်အားဖြင့် စင်တီဂရိတ်နှင့် ဖာရင် ဟိုက်ဒီဂရီ အမှတ်ပြ ပြဒါးတိုင် (သာမို မီတာ)များဖြင့် တိုင်းတာလေ့ရှိသည်။ ( သာမိုမီတာ။) ဒြပ်ဝတ္ထုတွင်ရှိသော မော်လီကျူးများ ပိုမိုလျင်မြန်စွာ တုန်လှုပ် လာသောအခါ ထိုဒြဗ်ဝတ္ထု၏အပူချိန်အမှတ်သည် မြင့်လာ သည်။ ထိုကြောင့် အပူ (အအေး)ချိန်သည် မော်လီကျူးတို့၏ တုန်လှုပ်မှုနှုန်းအပေါ်၌ တည်လျက် ရှိပေသည်။

သို့ရာတွင် အပူချိန်အမှတ်ချင်းတူညီသော ရေတစ်စည်နှင့်ရေ တစ်ခွက်ကို စဉ်းစားကြည့်ပါ။ ရေတစ်စည်တွင် ရှိသော အပူ ပမာဏမှာ ရေတခွက်တွင်ရှိသော အပူပမာဏထက် များရပေ မည်။ တစ်ဖန် အလေးထုချင်း တူညီစေကာမူ ပစ္စည်းတစ်ခုနှင့် တစ်ခု အမျိုးချင်း ကွဲပြားပါကလည်း ပါရှိသောအပူပမာဏမှာ မည်သည့်နည်းနှင့်မျှ တူညီလိမ့်မည် မဟုတ်ပေ။ ပုံစံမှာ အလေး ထုချင်း တူညီသောရေနှင့် ပြဒါးကို အပူတိုက်ပေး ကြည့်မည် ဆိုပါစို့။ အပူချိန်အမှတ်ချင်း ညီတူညီမျှ တက်ရလေအောင် ကျွန်ုပ်တို့သည် ပြဒါးထက်ရေကို အပူပိုပြီး တိုက်ပေးရသည်ကို တွေ့ရပေလိမ့်မည်။ လက်တွေ့စမ်းသပ်ချက်အရ ပြဒါး အလေး ချိန် တပေါင်နှင့် ရေအလေးချိန် တစ်ပေါင်ကို အပူချိန်အမှတ် တစ်ဒီဂရီ တက်စေလိုသောအခါ ပြဒါးကို တိုက်ပေးရသော အပူထက် အဆပေါင်း ၃ဝ ကြီးသောအပူဖြင့် ရေကို တိုက်ပေး ရသည်ကို တွေ့ရလေသည်။ ထိုကြောင့် အပူ ပမာဏသည် အရာဝတ္ထု တစ်ခု၏ အလေးထုနှင့် အမျိုးအစားအပေါ်တွင် တည်ရှိကြောင်း သိအပ်ပေသည်။

အပူပမာဏကို ကယ်လိုရီအားဖြင့်လည်းကောင်း၊ ဗြိတိသျှ အပူခုကိန်းအားဖြင့်လည်းကောင်း တိုင်းတာလေ့ ရှိသည်။ ကယ်လိုရီတစ်ခုမှာ တစ်ဂရမ်လေးသောရေကို အပူချိန်စင်တီ ဂရိတ် တစ်ဒီဂရီ မြှင့်တင်ရန် လိုအပ်သည့် အပူပမာဏ၊ သို့မဟုတ် အပူစွမ်းအင်ဖြစ်သည်။ ကယ်လိုရီကို သိပ္ပံ ကိစ္စ အဝဝတွင် အသုံးအများဆုံး ဖြစ်သည်။ ဗြိတိသျှ အပူခုကိန်း တစ်ခုမှာမူ တစ်ပေါင်လေးသောရေကို ဖာရင်ဟိုက် တဒီဂရီ မြှင့်တင်ရန် လိုအပ်သည့် အပူပမာဏ၊ သို့မဟုတ်၊ အပူစွမ်းအင် ဖြစ်သည်။ ထိုခုကိန်းကို အင်ဂျင်နီယာများ အသုံးပြုလေ့ရှိ ကြသည်။

သိပ္ပံပညာပြဆိုချက်အရ ကျွန်ုပ်တို့သည် အရာဝတ္ထုတစ်ခုခု ကို ဖာရင်ဟိုက်ဒီဂရီ -၄၅၉၊ သို့မဟုတ် စင်တီဂရိတ် ဒီဂရီ- ၂၇၃ သို့တိုင်အောင် အအေးခံပေးနိုင်ပါက ထိုအရာဝတ္ထုအတွင်း ရှိ မော်လီကျူးတို့၏ လှုပ်ရှားမှုမှာ လုံးဝငြိမ်သက်သွားသဖြင့် အပူလည်း လုံးဝကင်းမဲ့သွားပေလိမ့်မည်။ သို့သော် လက်တွေ့ အားဖြင့်ကား အဆုံးစွန်သုညဒီဂရီအမှတ်ဟု ခေါ်လေ့ရှိသော ထိုအအေးဆုံးအမှတ်သို့တိုင်အောင် မည်သူမျှ မစွမ်းဆောင် နိုင်သေးချေ။

ဒြဗ်ဝတ္ထုတို့သည် အပူ (အအေး)ချိန်ကိုလိုက်၍၊ တစ်နည်း မော်လီကျူးတို့၏ တုန်လှုပ်မှု အမြန်အနှေးကို လိုက်၍ ရုပ် အခြေအနေ ပြောင်းလဲကြပုံမှာ အတော်စိတ်ဝင်စားဘွယ်ကောင်း ပေသည်။ မော်လီကျူးတို့၏ တုန်လှုပ်မှုကို တဖြည်းဖြည်း လျင်မြန်စေခြင်းဖြင့် ဒြဗ်ဝတ္ထုတို့ကို အေးရာမှ ပူစေသောအခါ ဒြဗ်ဝတ္ထုသည် အခဲမှ အရည်သို့လည်းကောင်း၊ အရည်မှ အငွေ့ သို့လည်းကောင်း ပြောင်းလဲတတ်သည်။ တစ်ဖန် မော်လီကျူး တို့၏ တုန်လှုပ်မှုကို တဖြည်းဖြည်း နှေးစေခြင်းဖြင့် ဒြဗ်ဝတ္ထု ကို ပူရာမှ အေးစေသောအခါတွင်လည်း အငွေ့မှ အရည်သို့ လည်းကောင်း၊ အရည်မှ အခဲသို့လည်းကောင်း ပြောင်းလဲသွား တတ်လေသည်။

အပူသည် (၁) စီးခြင်း၊ (၂) သယ်ဆောင်ခြင်း၊ (၃) ဖြာထွက်ခြင်းဟုခေါ်သော နည်းသုံးနည်းဖြင့် ပျံ့လွင့်သည်။ လွယ်ကူသောပုံစံများဖြင့် ထိုအပူပျံ့လွင့်ပုံနည်း သုံးနည်းကို ရှင်းပြပါအံ့။

(၁) အပူစီးခြင်း။ ။သံချောင်းတစ်ချောင်းကို မီးတောက်ထဲသို့ ထိုးထည့်၍ တစ်ဖက်အစွန်းမှ ကိုင်ထားကြည့်ပါ။ ထိုအခါ မီးထဲရောက်နေသော အစွန်းဖက်မှ စတင်ပူလာပြီးသော်၊ တဖြည်းဖြည်းနှင့် သံချောင်း တစ်လျှောက် အပူစီးလာကာ ကိုင် ထားသောလက်အထိ ပူလာသည်ကို တွေ့ရလိမ့်မည်။ ဤသို့ ဖြစ်ခြင်းမှာ မီးနှင့်ထိတွေ့သော သံချောင်းအစွန်းဖက်ရှိ မော်လီ ကျူးတို့သည် ရှေးဦးပထမ ပြင်းထန်စွာ တုန်လှုပ်လာ ပြီး နောက် သံချောင်းတစ်လျှောက်ရှိ ကျန်မော်လီကျူးများကို ကူးစက်ကာ တုန်လှုပ်သွားစေသောကြောင့် ဖြစ်သည်။ သို့သော် တစ်ခုမှတ်သားရန်မှာ ပစ္စည်းတစ်ခုကို အပူစီးရာ တွင် ပစ္စည်းအတွင်းရှိ မော်လီကျူးများ တုန်လှုပ်သည်ဟု ဆိုရ သော်လည်း အပူစီးခြင်းခံရသော ပစ္စည်းမှာမူ အမြင်အားဖြင့် မည်သို့မျှ လှုပ်ရှားခြင်း မရှိပေ။ တစ်ဖန် အပူစီးသည့်နေရာတွင် ပစ္စည်းအမျိုးအစားကို လိုက်၍ အနှေးအမြန် အနည်းအများ အပူစီးပုံချင်း မတူညီချေ သစ်သား၊ ဖန် စသည်တို့မှာ အပူစီး အလွန်နည်းပါး၍ အပူစီးအကောင်းဆုံးပစ္စည်း၊ တစ်နည်း အပူ အကောင်းဆုံး စီးနိုင်သည့်ပစ္စည်းများမှာ သတ္တုများ ဖြစ်လာကြ လေသည်။

(၂) အပူသယ်ဆောင်ခြင်း။ ။သဲကန္တာရကို ဖြတ်သန်းလာသော လေသည် မခံမရပ်နိုင်အောင်ပူသည်။ မီးဖိုကို ဖြတ်လာသောလေ သည်လည်း အလွန်ပူသည်ကို တွေ့ရသည်။ ဤသို့ဖြစ်ခြင်းမှာ အပူသည် တိုက်ခတ်လာသည့် လေဖြင့်အတူ လိုက်ပါလာခြင်း ကြောင့်ဖြစ်သည်။ ထိုကြောင့် အပူသယ်ဆောင်ခြင်းဆိုသည်မှာ လေပူ၌သာမဟုတ်၊ ရေနွေးနှင့် ရေနွေးငွေ့တို့၌လည်း ပါရှိနိုင် သည်။ အေးသောနိုင်ငံများတွင် တိုက်တာအိမ်ယာများကို နွေး စေရန်အတွက် လေပူ၊ ရေပူ၊ သို့မဟုတ် ရေနွေးငွေ့များ စီးဖြတ် ရာ ပြွန်များကို လိုအပ်သလို တပ်ဆင်ထားကြလေသည်။

(၃) အပူဖြာထွက်ခြင်း။ ။နေ၏အပူရှိန်ကို ကျွန်ုပ်တို့သည် အဘယ်ကြောင့် ခံစားကြရသနည်း။ နေနှင့် ကျွန်ုပ်တို့ ကမ္ဘာ၏ အကြားတွင် အတိုင်းမသိ ကျယ်ပြန့်၍ ဘာမျှမရှိသော လေဟာ ပြင်ကြီးသာလျှင် ရှိသည်။ ထိုကြောင့် ကျွန်ုပ်တို့ဆီသို့ အပူရှိန် ရောက်လာသည်မှာ အပူစီးခြင်း၊ သို့မဟုတ် အပူသယ်ဆောင် ခြင်းတို့ဖြင့် ရောက်လာနိုင်ရန် အကြောင်းမရှိ၊ သူ့အလို အလျောက် တိုက်ရိုက်ရောက်လာခြင်းသာဖြစ်ပေသည်။ သိပ္ပံပညာတွင် အသံလှိုင်း၊ အလင်းလှိုင်းများဟူ၍ လှိုင်းများ ရှိသကဲ့ပင် အပူလှိုင်းများရှိကြောင်းကိုလည်း တွေ့ရလေသည်။ အသံနည်းတူပင် ပူသောကိုယ်ထည်တစ်ခုအတွင်းရှိ မော်လီကျူး များ တုန်လှုပ်မှုကြောင့် အပူလှိုင်းများ ဖြစ်ပေါ်လာပြီးလျှင် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားလေသည်။ သို့သော် အပူလှိုင်းများကို မျက်စိဖြင့် မမြင်နိုင်ချေ။ အပူလှိုင်းဟုခေါ်ရသော်လည်း သာမန် သဘောအားဖြင့် ထိုလှိုင်းများသည် အလျဉ်းပင် အပူမဟုတ်ကြ ပေ။ မိမိတို့နှင့် တွေ့ထိမိသော အရာဝတ္ထုတို့တွင် အပူကို ဖြစ် ပေါ်စေအောင် စွမ်းအင်ရှိသည့် ရောင်ခြည်များသာဖြစ်လေသည်။ အပူလှိုင်းတို့နှင့် အရာဝတ္ထုတစ်ခုခု တွေ့ထိသောအခါ အပူ လှိုင်းအချို့ကို အရာဝတ္ထုက စုတ်ယူလိုက်၍ ကျန်အပူလှိုင်း များကို ပြန်၍ဟတ်ထုတ်လိုက်လေသည်။ ထိုသို့ စုတ်ယူလိုက် သည့် အပူလှိုင်းတို့၏ စွမ်းအင်ကြောင့် အရာဝတ္ထု အတွင်းရှိ မော်လီကျူးများ တုန်လှုပ်လာကာ အရာဝတ္ထုကို ပူလာစေသည်။ အရာဝတ္ထုတို့သည် အပူလှိုင်းကို စုတ်ယူရာတွင် တစ်ခုနှင့်တစ်ခု သတ္တိချင်း မတူညီကြချေ။ အမည်းရောင်ရှိသည့်ပစ္စည်းသည် အဖြူရောင်ပစ္စည်းထက် အပူလှိုင်းကို ပိုမိုစုတ်ယူနိုင်သည်။ ထိုကြောင့် နွေအခါတွင် အဖြူထည်များကို ဝတ်ဆင်ခြင်းဖြင့် ကျွန်ုပ်တို့သည် အပူဒဏ်မှ ပို၍ သက်သာခွင့်ရကြလေသည်။ ရှေးနှစ်ပေါင်း ကုဋေကုဋာကပင် နေ၏အပူရှိန်သည် ကျွန်ုပ် တို့ကမ္ဘာပေါ်သို့ ကျရောက်နေခဲ့ပြီးလျှင် ကျောက်မီးသွေး၊ ဓာတ်ဆီ၊ ဓာတ်ဆီအငွေ့၊ ထင်းစသော လောင်စာများထဲတွင် ခိုအောင်း သိုမှီးပြီးနေခဲ့လေသည်။ ထိုကြောင့် ယခုအခါ ကျွန်ုပ် တို့သည် အစားအစာချက်ပြုတ်ခြင်း၊ အလုပ်ရုံစက်ရုံ မီးရထား စသည်တို့တွင် ထိုထင်းမီးလောင်စာတို့ကို လောင်ကျွမ်းစေခြင်း ဖြင့် အပူစွမ်းအင်ကို ထုတ်နုတ်၍ အသုံးချနေနိုင်ခြင်း ဖြစ်ပေ သည်။ ဓာတ်ပစ္စည်းတို့၏ ဓာတ်ဖောက်ပြန်မှုနှင့် လျှပ်စစ်ဓာတ် ကို အသုံးပြုခြင်းတို့ဖြင့်လည်း အပူကို ဖန်တီးရယူနိုင်ပေသည်။ အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ် ပဆာဒီး နားမြို့၌ နေ၏အပူရှိန်ကို တိုက်ရိုက်အသုံးချထားသည့် နေ မိုတာစက်ကြီးများ ရှိသည်။ ထိုစက်များတွင် နေပူရှိန်ကို ပြောင်းလုံးပုံ ဗွိုင်လာရေနွေးအိုးပေါ်သို့ စုရုံးကျရောက်စေရန် အနေအထားအံကိုက် တပ်ဆင်ထားသော မှန်ကလေးပေါင်း များစွာဖြင့် စီမံထားသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် အပူကို ရှေးကစ၍ အလုပ်လုပ်ရန်အတွက် အမျိုးမျိုး အသုံးချခဲ့လေရာ ဂျိမ်းဝပ်စသော ရှေးအင်ဂျင်နီယာကျော်ကြီးများ၏ ကျေးဇူး ကြောင့် တစ်ဖန် ကျွန်ုပ်တို့သည် ရေနွေးငွေ့စက်၊ မော်တော်အင် ဂျင်စက်တို့ဖြင့် အပူ၏လုပ်အားကို ထုတ်ယူကာ သယ်ယူပို့ ဆောင်ရေး၊ ဓာတ်မီးထွန်းညိ|ရေး စက်အမျိုးမျိုးကို ခုတ်မောင်း လည်ပတ်ရေးတို့အတွက် အသုံးချနိုင်ခဲ့ပြန်လေသည်။ ယခု အခါတွင် အပူကို လျှပ်စစ်ဓာတ်ဖြင့်လည်း သက်သာလွယ်ကူစွာ ထုတ်နုတ်ကာ နေရာ အနှံ့အပြားမှာပင် တိုးတက်အသုံးချလျက် ရှိပေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.