အမရာ

အမရာသည် ပညာရှိ မဟော်သဓာ၏ ဇနီးမယား ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရားသည် သဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပညာပါရမီတော်ကို အကြောင်းပြု၍ ဟောကြားတော်မူသော မဟော်သဓာဇာတ်တော်၌ ပါရှိသည်။ အမရာကို အမရာဒေဝီဟုလည်း ခေါ်ကြသည်။ မြန်မာအမျိုးသမီးများ၏ တော်ဝင်စံထားရသူ မိန်းမမြတ် လေးဦး တော်လေးဝ ျဖစ်သည်။

မဟော်သဓာသည် အသက် ၁၆ နှစ်သို့ရောက်သော် ဥဒုမ္ဗရဒေဝီလည်း သင့်မြတ်သော သတို့သမီးနှင့် ထိမ်းမြားရန် ပြောရာ မဟော်သဓာက မိမိအလိုက်အလျောက် ရှာဖွေလိုကြောင်းဖြင့် ခွင့်တောင်း၍ အပ်နှင့်ချည်ခင်တို့ကို ဆောင်လျက် ဆင်းရဲသား အပ်ချုပ်သမားအသွင်ဖြင့် ဥတ္တရယဝမဇ္ဈဂုံးရွာသို့ သွားသည်။

ဥတ္တရယဝမဇ္ဈဂုံးရွာတွင် စည်းစိမ်ပျက်သော သူဌေးဟောင်း လင်မယားတွင် အမရာမည်သော သမီးတစ်ယောက်ရှိသည်။ ဇနီးလောင်း အရှာသွားသော မဟော်သဓာသည် အမရာနှင့် လမ်းဝယ်တွေ့ရာ အပြန်အလှန် မေးဖြေ ပညာစမ်းကြပြီးနောက် အမရာ၏ အိမ်သို့ မဟော်သဓာ သွားသည်။ ထိုနောက် အပ်ချုပ်သည်ဟန်ဖြင့် အဝတ်အထည်စုတ်များကို ချုပ်သည်။ ထိုနောက် အမရာ၏ စိတ်နေသဘောထားနှင့် ပညာအဆင့်အတန်းကို အမျိုးမျိုးစုံစမ်းပြီးနောက် နှစ်သက်သဖြင့် မိဖုရားကြီးအား လျှောက်ထား၍ ဆောင်ယူ လက်ထပ်သည်။

ထိုနောက် အမတ်ကြီး ၄ ပါးသည် မဟော်သဓာကို မလိုလားသဖြင့် ခိုးသူဖြစ်ဟန် ပရိယာယ်ဆင်၍ မင်းကြီးကို လျှောက်တင်ကြသည်။ မင်းကြီးလည်း လျှောက်တင်ချက်ကို ယုံကြည်၍ အပြစ်ဒဏ်ခတ်ရန် မိန့်မှတ်သဖြင့် မဟော်သဓာသည် တောင်မဇ္ဈဂုံးရွာသို့ အလွတ်တိမ်းရှောင်ရလေသည်။ ထိုအခါ အမရာသည် မိမိပညာဉာဏ်ဖြင့် အမတ်ကြီး ၄ ဦးတို့ ကြံစည်သော အပြစ်တို့ကို ထင်ရှားစေပြီးလျှင် အမတ်ကြီးတို့အားလည်း အရှက်ရအောင်ပြု၍ မင်းကြီးအား အမှန်ကို လျှောက်ထားသည်။ ယင်းသို့အခါတွင် ထီးချက်စောင့် နတ်သမီးက ပုစ္ဆာ ၄ ရပ်ကို မေးရာ ဖြေနိုင်သူမရှိသောကြောင့် မင်းကြီးသည် မဟော်သဓာအာ ရှာဖွေစေလျက် အိုးထိန်းသည် အိမ်မှ ပြန်၍ ခေါ်ယူကာ ဖြေကြားစေသည်။ မဟော်သဓာ ဖြေဆိုနိုင်သဖြင့် စစ်ဘုရင် သေနာပတိအဖြစ် ချီးမြှောက်ခံရပြန်သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.